ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး အသင်းမှာ မပျော်မရွှင် ဖြစ်နေတဲ့ အိုဇေးလ် ကို သတိပေးစကားလိုက်တဲ့ ဖီနာဘာချီ ဥက္ကဋ္ဌ

ဖီနာဘာချီ အသင်း ဥက္ကဋ္ဌ အလီကော့ က ပုံမှန် ပွဲထွက် ကစားခွင့် ရဖို့ ရုန်းကန် နေရတဲ့ မီဆွတ် အိုဇေးလ် အနေနဲ့ အသင်းအတွက်ပဲ အာရုံစိုက် ထားသင့်ပြီး အသင်း အပေါ် အကျိုးပြု နိုင်အောင် ကစားဖို့ လိုအပ်ကြောင်း သတိပေး စကား ပြောကြား လိုက်ပါတယ် ။

ဂန်းနား ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ် ဟာ ဒီနှစ် အစောပိုင်းမှာ အာဆင်နယ် ကနေ ထွက်ခွာပြီး တူရကီ ကလပ် ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ် ။ အခု အခါမှာတော့ အိုဇေးလ် ဟာ အစ္စတန်ဘူလ်မှာ မပျော်မရွှင် ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ် ။

အိုဇေးလ် ဟာ အာဆင်နယ် မှာ ပွဲထွက် ကစားခွင့် မရတော့တာကြောင့် စာချုပ် ဖျက်သိမ်းပြီး ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ ခဲ့တာပါ ။ ဒါပေမယ့် အိုဇေးလ် ဟာ ဖီနာဘာချီ မှာလည်း ရောက်ခါစကတည်းက ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး မနှစ်က လိဂ် ၁၀ ပွဲပဲ ကစား နိုင်ခဲ့ပါတယ် ။

အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အိုဇေးလ် ဟာ ဒီရာသီမှာ ဖီနာဘာချီ အသင်း ပွဲထွက် လူစာရင်း ကနေ မကြာခဏ ချန်လှပ် ခံနေရပြီး နည်းပြ ဗစ်တာ ပါရဲရား ရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိထားခြင်း မရှိပါဘူး ။

ဖီနာဘာချီ အသင်း ဥက္ကဋ္ဌ အလီကော့ က အသင်း တီဗွီ အစီအစဉ်မှာ အိုဇေးလ် နဲ့ ပတ်သက်ပြီး ” ဒီရာသီ အစမှာ အိုဇေးလ် ကို ရော်ဘင် ဗန်ပါစီ နဲ့ နှိုင်းယှဉ်ကြတာမျိုးတွေ ရှိခဲ့ကြပါတယ် ။ ဗန်ပါစီ လိုမျိုး အသင်း အပေါ် အကျိုးပြုနိုင်လိမ့်မယ်လို့ တွေးထားကြတာပါ ။ ”

” အိုဇေးလ် က ပွဲကစားခွင့် ပိုရချင်နေပါတယ် ၊ ဒါဆို အခု အချိန်ကစပြီး အိုဇေးလ် အနေနဲ့ ကစားရမယ့် ပွဲ နဲ့ ဘောလုံးကိုပဲ ပိုအာရုံစိုက်သင့်ပါတယ် ၊ သူ့ရဲ့ စီးပွားရေး ရင်းနှီး မြှပ်နှံမှုတွေကို ဘေးချိတ်ထားဖို့ လိုပါလိမ့်မယ် ။ ”

” ဖီနာဘာချီ အသင်းအတွက်ပဲ ပေးဆပ် ကစားဖို့ တွေးထား ရမှာပါ ၊ ကျွန်တော်တို့ နည်းပြအနေနဲ့လည်း အိုဇေးလ် ဆီက အကောင်းဆုံး ခြေစွမ်းတွေ ထွက်ပေါ်လာအောင် ကြိုးစားဖို့ လိုအပ်ပါတယ် ၊ မီဒီယာတွေ ပြောနေကြသလို ကျွန်တော်တို့ကြားမှာပြဿနာ မရှိပါဘူး ။ ”

” မီဆွတ် အသင်းမှာ မပျော်မရွှင် ဖြစ်နေတာက ပုံမှန် ပွဲထွက် ကစားခွင့် မရတာကြောင့်ပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ။ ဒီရာသီမှာ အိုဇေးလ် ဟာ ဖီနာဘာချီ အတွက် ၁၃ ပွဲ ကစား ၄ ဂိုးသွင်း ၁ ဂိုးဖန်တီး ပေးထားပါတယ် ။

SM