ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်း ၄ သင်းနဲ့ စီးရီးအေမှာ ဘယ်သူဗိုလ်စွဲမလဲဆိုတာ ခန့်မှန်းလိုက်တဲ့ မက်သားယပ်

ဂျာမနီ ဂန္တ၀င် လိုသာမက်သားယပ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ၄ သင်းကို ရွေးချယ်သွားခဲ့ပြီး လီယွန်နယ်မက်ဆီရဲ့ ပဲရစ်စိန့်ဂျာမန်း အသင်းကိုတော့ ဒီစာရင်းကနေ ဖယ်ထုတ်ခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလ်ိဂ်ရဲ့ အုပ်စု ပွဲစဉ် ၄ အပြီးမှာ လီဗာပူး အိုင်ယက် ဘိုင်ယန်မြူးနစ် နဲ့ ဂျူဗင်တပ် တို့ဟာ ရှုံးထွက်အဆင့်ကို တက်ရောက် သွားခဲ့ပြီ ဖြစ်ကာ ကလော့ရဲ့ လီဗာပူးဟာ အုပ်စုဗိုလ် အဖြစ် အာမခံချက်လည်း ရှိသွားခဲ့ပါတယ်။

အုပ်စုအေ မှာတော့ အင်္ဂလန် ချန်ပီယံ မန်စီးတီး နဲ့ ပြင်သစ် အင်အားကြီးကလပ် ပီအက်ဂျီ တို့ဟာ ထိပ်ဆုံးနေရာကို တိုက်ပွဲ၀င်သွားရမှာ ဖြစ်ပြီး အုပ်စုဘီမှာ ပေါ်တို ဒါမှမဟုတ် အက်သလက်တီကိုမက်ဒရစ် တို့ထဲက တစ်သင်းသင်းဟာ လီဗာပူးနဲ့ အတူ နောက်တဆင့် တက်မှာ ဖြစ်ပါတယ်။ အုပ်စုစီမှာ ဒေါ့မွန်အနေနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ရန် ၂ ပွဲဆက် အရှုံးကနေ တုန့်ပြန်သွားဖို့ လိုအပ်နေပြီး အုပ်စုဒီ မှာတော့ ရီးရဲယ် နဲ့ အင်တာ တို့သာ နောက်တဆင့် တက်ဖို့ များနေပါတယ်။

အုပ်စုအီးမှာ ဘာစီလိုနာဟာ နောက်တဆင့်ကို တက်ရောက်ဖို့ အတွက် ဘင်ဖီကာနဲ့ အပြိုင်ကြဲသွားရမှာ ဖြစ်ပြီး အုပ်စုအက်ဖ်မှာ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ ယူနိုက်တက်ကလည်း ရှုံးထွက်အဆင့်ကို တက်ရောက်ရန် အခြေအနေ ကောင်းနေပါတယ်။ အုပ်စုဂျီမှာ ဆဲဘတ် လိုင်လီ ဝုဖ်ဘတ် နဲ့ ဆီဗီလာတို့ ၄ သင်းစလုံး နောက်တဆင့်အတွက် မျှော်လင့်ချက် ရှိနေပြီး အုပ်စု H မှာတော့ ဂျူဗင်တပ်နဲ့ လက်ရှိ ချန်ပီယံ ချဲလ်ဆီး တို့ပဲ ရှုံးထွက်အဆင့်ကို တက်နိုင်ဖို့ ရှိနေပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေကို မေးမြန်းရာမှာ မက်သားယပ်က “ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေဟာ လီဗာပူး ချဲလ်ဆီး မန်ချက်စတာစီးတီး နဲ့ ဘိုင်ယန်မြူးနစ် လို့ ကျွန်တော် ထင်ပါတယ်။ ဘာစီလိုနာဟာ ပြသနာတွေနဲ့ နပန်းလုံးနေရပြီး အက်သလက်တီကိုဟာ အမြဲတမ်း အန္တရာယ် ရှိတဲ့ အသင်း ဖြစ်ပေမယ့် သူတို့ဟာ လီဗာပူး မန်စီးတီး တို့လောက် ကောင်းတဲ့ အသင်းတော့ မဟုတ်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး မားသားယပ်က ဒီရာသီ စီးရီးအေမှာ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ အင်တာမီလန် တို့ စကူဒက်တိုဖလားကို ထပ်မံ ဗိုလ်စွဲရန် မျှော်လင့်နေတယ်လို့ ဆိုလိုက်ပေမယ့် အခြား အသင်း တစ်သင်းကသာ ဗိုလ်စွဲဖို့ ပိုမို ရေပန်းစားနေတယ်လို့ ၀န်ခံ သွားခဲ့ပါတယ်။

မားသားယပ်က “အင်တာ အနေနဲ့ ဒီရာသီမှာလည်း စီးရီးအေဖလားကို ထပ်မံ ဆွတ်ခူးနိုင်ဖို့ ကျွန်တော် မျှော်လင့်မိပါတယ်။ အေစီမီလန်ဟာ လက်ရှိမှာ အကောင်းဆုံး ကစားပြလျက် ရှိနေပေမယ့်လည်း ကျွန်တော်ကတော့ စကူဒက်တိုဖလားကို နာပိုလီ တို့ ဗိုလ်စွဲဖို့ များနေတယ်လို့ ခံစားမိ နေပါတယ်။

စပယ်လက်တီရဲ့ အသင်းဟာ စီးရီးအေမှာ ခြေစွမ်းပိုင်း အတည်ငြိမ်ဆုံး အသင်း ဖြစ်တဲ့အပြင် ပေးဂိုး အနည်းဆုံး အသင်းလည်း ဖြစ်နေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM