အသင်းဟောင်း လီဗာပူးနဲ့ ပီအက်ဂျီ တို့ကြားက ကွာခြားချက်ကို ထုတ်ဖော်လိုက်တဲ့ ဝုိင်နယ်ဒန်

 

ကွင်းလယ်လူ ဂျီနီဝုိင်နယ်ဒန်ဟာ သူ့ရဲ့ အသင်းဟောင်း လီဗာပူးနဲ့ လက်ရှိ ကစားနေတဲ့ ပီအက်ဂျီ အသင်းတို့ကြား ကွာခြားချက်ကို ထုတ်ဖော်သွားခဲ့ပါတယ်။ အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ လီဗာပူးနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီက ပိုချက်တီနိုရဲ့ ပီအက်ဂျီကို ပြောင်းရွေ့ခဲ့တာ ဖြစ်ပါတယ်။

၀ိုင်နယ်ဒန်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူး အတွက် ပရီးမီးယားလိဂ် ၃၈ ပွဲစလုံးကို ပါ၀င် ကစားပေးခဲ့သူ ဖြစ်ပြီး အန်ဖီးမှာ ကစားခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း ယာဂန်ကလော့ရဲ့ အဓိက ကစားသမား အဖြစ် ပွဲပေါင်းများစွာ ကစားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့်လည်း နယ်သာလန် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ပိုင်း ပီအက်ဂျီ အတွက် လိဂ်ပြိုင်ပွဲမှာ ၂ ပွဲသာ ပွဲထွက်ခွင့် ရခဲ့ပြီး နေရာရဖို့ ရုန်းကန်နေရကာ ဝုိင်နယ်ဒန်က သူ့ရဲ့ အသင်းသစ်ဟာ သူ အန်ဖီးကို ရောက်လာတဲ့ အချိန်တုန်းက လီဗာပူး အသင်းကို ပြန်လည် အမှတ်ရစေတယ်လို့ ပြောသွားပါတယ်။

၀ိုင်နယ်ဒန်က “ကျွန်တော် ပြောခဲ့ဖူးသလိုပဲ ဒီလီဗာပူး အသင်းဟာ နှစ်အတော်ကြာ အတူတကွ တွဲဖက် ကစားလာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ် ဖလားကို မဆွတ်ခူးမီ အဆင့်ဆင့် ပြောင်းလဲမှုတွေ အများကြီး တိုးတက်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ အခု ကျွန်တော် ကစားနေတဲ့ ပီအက်ဂျီ အသင်းဟာ ကျွန်တော် လီဗာပူးမှာ စတင် ကစားခဲ့တဲ့ ရာသီကလိုမျိုး ပါပဲ။ ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ရအောင် လုပ်နေရပါတယ်။ အရေးကြီးဆုံး အရာကတော့ ကစားသမား အချင်းချင်း အသားတကျ ဖြစ်ဖို့ပါ။ ဒီနှစ်သင်းကြား နှိုင်းယှဉ်ရတာ ခက်ခဲလှပါတယ်။” လို့ ဆိုလိုက်ပါတယ်။

နယ်သာလန် လက်ရွေးစင်ဟာ ယာဂန်ကလော့ရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ်ဖလား ချန်ပီယံလိဂ်ဖလား ကလပ်ကမ္ဘာ့ဖလား နဲ့ ယူအီးအက်ဖ်အေ စူပါဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့တဲ့ လီဗာပူး အသင်းအတွက် အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ပိုချက်တီနိုဟာ သူ့ရဲ့ တစ်နိုင်ငံတည်းသာ ဖြစ်တဲ့ ပါရီဒက်စ်ကို နေရာပေးနေတာကြောင့် ဝုိင်နယ်ဒန်ဟာ ပွဲကစားခွင့်တွေ နည်းပါးလျက် ရှိနေပါတယ်။

ဒါပေမယ့်လည်း ဝုိင်နယ်ဒန်က သူ့အနေနဲ့ စိန်ခေါ်မှုတွေကို လမ်းဖွင့်ထားတယ်လို့ ဆိုလိုက်ပြီး အသင်းဖော်သစ်တွေနဲ့ အသားကျအောင် လုပ်သွားရမယ်လို့ ပြောသွားပါတယ်။

ဆက်လက်ပြီး ဝိုင်နယ်ဒန်က “လီဗာပူးမှာ ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦး ကောင်းကောင်း သိကြပါတယ်။ ကျွန်တော်တို့ဟာ ၅ နှစ်လောက် ဒီလူတွေနဲ့ပဲ အတူ တွဲကစားလာခဲ့တာပါ။ ကျွန်တော်တို့မှာ ကိုယ်ပိုင် identity ရှိပါတယ်။ ကိုယ်ပိုင် ကစားဟန်လည်း ရှိပါတယ်။ ပီအက်ဂျီ မှာတော့ နည်းပြဟာ rotate လုပ်ရတာ နေရာစုံ ကစားစေတာကို ပိုမို နှစ်သက်တယ်လို့ ကျွန်တော်ထင်ပါတယ်။

လီဗာပူးမှာတော့ ကျွန်တော်တို့ဟာ သိပ်ပြီး ကွဲပြားမှု မရှိတဲ့ လူစာရင်းနဲ့ ၅ နှစ်လောက် အတူတကွ တွဲဖက် ကစားလာခဲ့တာပါ။ လက်ရှိ ကစားနေတဲ့ ပီအက်ဂျီ ကတော့ အသင်းသစ် တစ်ခုလို ပါပဲ။ ကျွန်တော့် အနေနဲ့ အသင်းဖော်သစ်တွေနဲ့ အသားတကျ ဖြစ်ဖို့ အတွက် ကြိုးစား သွားရမှာပါ။ ဒါဟာ ကျွန်တော်တို့ အတူ တွဲဖက် ကစားတဲ့ ပထမ ရာသီပဲ ရှိပါသေးတယ်။” လို့ ဆိုလိုက်ပါတယ်။

SM