လာမည့် နွေရာသငီမှာ လီဗာပူးတို့ မဖြစ်မနေ အားဖြည့်သွားရမယ့် နေရာ ၂ ခုကို ပြောပြလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက လီဗာပူး အသင်း အနေနဲ့ လာမည့် နွေရာသီ အပြောင်းအရွေ့မှာ ညာနောက်ခံလူ နေရာနဲ့ တိုက်စစ်နေရာကို မဖြစ်မနေ အားဖြည့်သွားရမယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ နွေရာသီက ဂျီနီဝုိင်နယ်ဒန်ရဲ့ နေရာကို ပြန်လည် အားဖြည့်ခဲ့ခြင်း မရှိခဲ့ကာ ရက်ဘူးလိုက်ပ်ဇစ်မှ အေဗရာဟီမာကိုနာတေး ကိုသာ ခံစစ်ပိုင်း အတွက် အားဖြည့်ခဲ့ပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၇ အပြီးမှာ ချဲလ်ဆီးရဲ့နောက် တစ်မှတ်အကွာ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်လျက် ရှိနေပြီး ပေါ်တို အက်သလက်တီကို နဲ့ အေစီမီလန် တို့ ပါ၀င်နေတဲ့ ချန်ပီယံလိဂ် အုပ်စုကျပ်မှာ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း လီဗာပူး နောက်ခံလူဟောင်းက ဒီရာသီမှာ လီဗာပူးဟာ အရန်အင်အား မတောင့်တင်းမှုကြောင့် ချဲလ်ဆီး နဲ့ မန်စီးတီး တို့ နောက်မှာ ကျန်သွားနိုင်ခြေ ရှိနေတယ်လို့ ယူဆနေပြီး မာဆေးဆိုက် ကလပ်တို့ အားဖြည့်ရမယ့် နေရာ ၂ ခုကို ထောက်ပြ သွားခဲ့ပါတယ်။

ကာရေဂါက “လီဗာပူးဟာ မန်ချက်စတာယူနိုက်တက် ၊ ချဲလ်ဆီး ၊ မန်စီးတီး တို့လိုမျိုး အရန် အင်အား တောင့်တင်းမှု မရှိဘူးဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ သူတို့မှာ မယုံကြည်နို်င်လောက်အောင် တောင့်တင်းလှတဲ့ လူအင်အား မရှိပါဘူး။ ဒါပေမယ့် ပွဲထွက် ကစားသမား ၁၁ ယောက် မှာတော့ လီဗာပူးဟာ အရမ်း တောင့်တင်းပါတယ်။ ဒီ ၁၁ ယောက်နဲ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ဖိုင်နယ် ဒါမှမဟုတ် အက်ဖ်အေဖလား ဖိုင်နယ်မှာ တွေ့ဆုံခဲ့မယ် ဆိုရင် ကျွန်တော် လီဗာပူးကိုပဲ အကြိုက်တွေ့နေဆဲပါ။

တစ်ရာသီလုံး အနေနဲ့ ပြောရမယ် ဆိုရင် ဒီ ၁၁ ယောက်စလုံး ကြံ့ခိုင်မှု ပြည့်ဝနေဖို့ မလွယ်ပါဘူး။ ထရန့်အလက်ဇန်းဒါးအာနိုးဟာ စီးတီးနဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ပြီး ဒီနေရာမှာ ၀င်ကစားခဲ့တဲ့ မီနာဟာ ဘယ်လောက်တောင် ပြသနာတွေ များခဲ့သလဲဆိုတာ အားလုံး တွေ့ခဲ့ကြမှာပါ။ လီဗာပူးမှာ အရမ်း ကောင်းတဲ့ လူစာရင်း မရှိဘူးဆိုတာတော့ မဟုတ်ပါဘူး။ သူတို့မှာ ရှိပါတယ်။ သူတို့ဟာ ဧရိယာ ၂ ခုမှာသာ တကယ် အင်အား နည်းနေတာပါ။

စီးတီးနဲ့ပွဲမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ အတိုင်းပဲ ညာနောက်ခံလူ နေရာဟာ တကယ့်ကို ကြီးမားတဲ့ ပြသနာပါ။ သူတို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးလို့ ဆိုနိုင်တဲ့ ဗဟိုနောက်ခံလူ အင်အားကို ပိုင်ဆိုင်ထားပါတယ်။ တိုက်စစ်ပိုင်းမှာ ဆိုရင် ဖာမီနိုရဲ့ နေရာမှာ ဂျိုတာက ၀င်ရောက်လာခဲ့ပြီး နေရာ တစ်နေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် အထောင် တိုက်စစ်မှုး ကောင်းကောင်း တစ်ဦး လိုအပ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။

ဆာလားနဲ့ မာနေး တို့ ဇန်နဝါရီမှာ အာဖရိဖလားကြောင့် ပွဲစဉ် အချို့မှာ မပါ၀င်နိုင်ဘူးဆိုရင် အိုရီဂီ နဲ့ မီနာမီနို တို့ထက် ပိုကောင်းတဲ့သူ အရန်ခုံမှာ ရှိနေသင့်ပါတယ်။ အခြား အသင်းတွေမှာ ဒါမျိုးတွေ ရှိပါတယ်။” လို့ ပြောလိုက်ပါတယ်။

SM