ဘောလုံး ကစားရတာ ကြိုက်ပေမယ့် ဘောလုံးပွဲကြည့်ရတာ လုံးဝ မကြိုက်တဲ့ အာဆင်နယ် နောက်ခံလူ

အာဆင်နယ် အသင်း နောက်ခံလူ ဘန်ဝှိုက် က သူဟာ အသက် ငယ်ရွယ်တုန်းက ဘောလုံးပရိသတ် တစ်ဦး မဟုတ်ခဲ့ကြောင်း ဝန်ခံလိုက်ပြီး ခုချိန်ထိလည်း ဘောလုံးပွဲ ကြည့်ရတာ မကြိုက်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

အင်္ဂလန် နောက်ခံလူ ဘန်ဝှိုက် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဘရိုက်တန် အသင်း ကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ ရောက်ရှိလာသူ ဖြစ်ပါတယ် ။

ဘန်ဝှိုက် ရဲ့ အာဆင်နယ် ကစားသမား ဘဝ အဖွင့်ပွဲဟာ ဘရန့်ဖိုဒ့်ကို ၂-၀ နဲ့ ရှုံးနိမ့်ပြီး မလှပ ခဲ့သလို ကိုဗစ် ဖြစ်တာကြောင့် ချဲလ်ဆီး နဲ့ မန်စီးတီးပွဲတွေကို လွဲချော် ခဲ့ရပါတယ် ။ ဘန်ဝှိုက် ဟာ နောဝှစ်စီးတီး နဲ့ ပွဲမှာ အာဆင်နယ် အတွက် ပြန်ကစား ပေးနိုင်ခဲ့ပြီး Clean-Sheet ရအောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။

ဒါ့အပြင် ဘန်ဝှိုက်ဟာ ဘန်လေ ၊ ဘရိုက်တန် တို့နဲ့ ပွဲတွေမှာလည်း Clean-Sheet ထပ်ရအောင် ကူညီ ပေးခဲ့ပြီး တော့တင်ဟမ် ကို ၃-၁ နဲ့ အနိုင်ရတဲ့ မြောက်လန်ဒန်ဒါဘီ ပွဲမှာလည်း ပွဲချိန်ပြည့် ပါဝင် ကစား ပေးခဲ့ပါတယ် ။

ဘန်ဝှိုက် က Sky Sports မှာ ” ကျွန်တော် အသက် ငယ်ငယ်လေးတုန်းက ဘောလုံးပွဲ မကြည့်ဖူးပါဘူး ၊ ခုချိန်ထိလည်း ကြည့်လေ့ မရှိပါဘူး ။ ကျွန်တော် ဘောလုံးပွဲတွေကို ကြိုက်ပါတယ် ၊ ဘောလုံးကစားပါတယ် ၊ ဒါပေမယ့် ဘောလုံးပွဲတော့ ဘယ်တော့မှ မကြည့်ပါဘူး ။ ”

” ဒါကြောင့် ကျွန်တော် အရင် မျိုးဆက်က ကစားသမားတွေအကြောင်း သိပ်မသိပါဘူး ။ ဗီအဲရာ က ကစားသမားကောင်း တစ်ဦးဆိုတာ ကျွန်တော် သိပါတယ် ၊ ဒါပေမယ့် သူ့အကြောင်း အသေးစိတ်တော့ မသိပါဘူး ။ ”

” ကျွန်တော် က အလုပ်များပါတယ် ၊ တစ်ခုခု အမြဲ လုပ်နေတာမျိုး ရှိတတ်ပါတယ် ၊ ကိုယ့်ကိုယ်ကိုယ် analysis လုပ်ဖို့ ကျနော်ကစားတဲ့ video တွေတော့ကြည့်လေ့ ရှိပါတယ် ၊ အင်္ဂလန်ပွဲလည်း ကြည့်ပါတယ် ၊ ဒါပေမယ့် တစ်ချိန်လုံး ထိုင်ပြီး ကြည့်နေတာမျိုးတော့ မဟုတ်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဘန်ဝှိုက်လိုပဲ ဘောလုံးပွဲ ကြည့်ရတာ မကြိုက်တဲ့ တခြား နာမည်ကျော် ဘောလုံးသမားတွေလည်း ရှိပါတယ် ။ သူတို့ကတော့ တာစတီဂန် ၊ ဂါရက်ဘေးလ် ၊ တီဗက်ဇ် ၊ ကာလိုစ့်ဗီလာ ၊ ဗီအဲရီ တို့ပဲ ဖြစ်ပါတယ် ။

SM