ချဲလ်ဆီးတို့ ဘာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မှာ မဟုတ်ကြောင်း ရှင်းလင်းရင်း ၊ ချဲလ်ဆီး စတား တဦးဆီက တောင်းဆိုမှု တခု လုပ်လိုက်တဲ့ ပေါလ်စခိုးလ်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အများမထင်မှတ်ထားတဲ့ကြားက ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး ၊ ဒီရာသီမှာတော့ ရိုမီလူ လူကာကူလို ဥရောပ ထိပ်တန်း တိုက်စစ်မှူး တဦးကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ကာ ၊ ပရီးမီးယားလိဂ် ဖလားကို တကျော့ပြန် ရရှိဖို့ ပစ်မှတ်ထားနေပါတယ် ။

လက်ရှိမှာလည်း ပရီးမီးယားလိဂ် ၇ပွဲ ကစားထားပြီးချိန် ချဲလ်ဆီး အသင်း ဟာ ၅ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၁ပွဲရှုံး အနေအထားနဲ့ အမှတ်ပေးဇယားကို ဦးဆောင်လျက် ရှိပါတယ် ။ သို့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ ဟာ ခါတိုင်းထက် အများကြီး ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာဖို့ ရှိနေပါတယ် ။

အထူးသဖြင့် အဓိက ဒေါက်တိုင် ကစားသမားတွေ ဒဏ်ရာက ပြန်ကောင်းလာတဲ့ လီဗာပူး ၊ နာမည်ကြီး စူပါစတား အချို့ကို ခေါ်ယူ အားဖြည့်နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေကြောင့် လက်ရှိ ချန်ပီယံ မန်စီးတီး ဟာလည်း ဒီရာသီ သရဖူကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ခါတိုင်းထက် ပိုမို ခက်ခဲမှာ သေချာပါတယ် ။

တဖက်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ဆိုတာ တိုက်စစ်ထက် ခံစစ်က ကျစ်လျစ်မှု အမြင့်ဆုံး ရှိနေဖို့ လိုတယ် ဆိုတာ ဘောလုံး ပရိသတ်တိုင်း သိကြပါတယ် ။ ဒီတော့ ခံစစ် စွမ်းဆောင်ရည် က ဒီရာသီ ချန်ပီယံဘွဲ့ ကို ကြီးကြီးမားမား အဆုံးအဖြတ် ပေးသွားဖို့ များပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ် ကတော့ လက်ရှိ ပေးဂိုး အနည်းဆုံး နဲ့ အမှတ်ပေးဇယား ကို ဦးဆောင်နေသည့်တိုင် ချဲလ်ဆီး အသင်း ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မှာ မဟုတ်ဘူးလို့ ခန့်မှန်းချက် ထုတ်သွားခဲ့ပြီး ၊ ၎င်းတို့မှာ ချန်ပီယံ ဖြစ်ဖို့ တိုက်စစ် ခံစစ် လုံလောက်တဲ့ စွမ်းဆောင်မှုမျိုး မရှိဘူးလို့ သုံးသပ်ခဲ့ပါတယ် ။

Sky Sports ရဲ့ The Overlap အစီအစဉ်မှာ ပေါလ်စခိုးလ် က ” ချဲလ်ဆီး ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို စိန်ခေါ်ဖို့ အရည်အချင်း ရှိတဲ့ မန်နေဂျာကို ပိုင်ဆိုင်ထားပါတယ် ။ ဒါပေမယ့် သူတို့ဟာ ဂိုးလုံလုံလောက်လောက် သွင်းနိုင်ပါ့မလား ဆိုတာ ကျွန်တော် သေသေချာချာ မသိပါဘူး ။ “

” ရိုမီလူ လူကာကူ ကတော့ လိုသလောက် ဂိုးတွေ သွင်းပေးနိုင်ပါလိမ့်မယ် ။ ဒါပေမယ့် ကျန်တဲ့ တိုက်စစ် ကစားသမားတွေက သူ့ကို လုံလောက်တဲ့ ပံ့ပိုးမှုတွေ လုပ်ပေးနိုင်ပါ့မလား ? တီမို ဗာနာ က ဒီလို လိုက်လုပ်နိုင်ပါ့မလား ဆိုတာ ကျွန်တော်လည်း မသိနိုင်ပါဘူး ။ ဂျာမနီ အတွက် ကစားပေးတဲ့အခါ ပွဲတိုင်းလိုလို ဂိုးသွင်းနိုင်သယောင် ရှိပေမယ့် ၊ ချဲလ်ဆီးမှာ သူ ဂိုးသွင်းခွင့်တွေ အများကြီး ဖြုန်းတီးနေပါတယ် ။ “

” နောက်ပြီး ချဲလ်ဆီး ဟာ ခံစစ်ပိုင်း အရလည်း အရမ်းကြီး အားကောင်းနေတယ်လို့ ကျွန်တော် မထင်ပါဘူး ။ ရူဒီဂါ ကတော့ အရမ်းကောင်းပါတယ် ။ ဒါပေမယ့် သူပြီးရင် ဘယ်သူ ရှိဦးမှာလဲ ။ သီယာဂို ဆေးလ်ဗား ကလည်း အသက် ၃၆နှစ် ရှိပြီမို့ ၊ ပွဲတိုင်းကို ပါဝင် ကစားပေးနိုင်မှာ မဟုတ်ပါဘူး ။ ခရစ်တန်ဆန် က လူငယ် ကစားသမား တယောက်ပါ ။ “

” ကွင်းလယ်မှာ ချဲလ်ဆီး ဟာ အိုကေတယ် ဆိုရုံလောက်လေးပါပဲ ။ ဒါပေမယ့် ဂိုးလုံလုံလောက်လောက် သွင်းနိုင်မှု ရှိမရှိ ၊ ခံစစ် လုံလုံလောက်လောက် အင်အား တောင့်တင်းမှု ရှိမရှိ ဆိုတာကိုတော့ ကျွန်တော် သံသယ ဖြစ်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး စခိုးလ် က ချဲလ်ဆီး အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့်ကိုလည်း အခုထက် ပိုပြီး စွမ်းဆောင်ပြဖို့ တောင်းဆိုတဲ့ အနေနဲ့ ” မေဆင်မောင့် ဟာ ဂိုးတွေ စသွင်းနိုင်ဖို့ လိုနေပါပြီ ။ သူဟာ ကြီးကျယ်တဲ့ ကစားသမား တယောက် ဖြစ်ပေမယ့် ၊ ဖရန့် လမ်းပတ်လို ပွဲတွေမှာ အနိုင် ရလဒ် အဆုံးအဖြတ် ပေးတဲ့ ကွင်းလယ်လူ တယောက် ဖြစ်လာဖို့ ကောင်းပါပြီ ။ “

” ကျွန်တော် ဟာ သူ့ကို ဂိုးသွင်းနိုင်တဲ့ ကွင်းလယ် ကစားသမားမျိုးလို့ မြင်ပါတယ် ။ ဒါပေမယ့် ဖရန့် ဟာ သူ့လို အသက်အရွယ်မျိုးမှာ ဂိုးတွေ ပုံမှန်သွင်းပြီး ၊ အသင်း အတွက် သူကိုယ်တိုင် နိုင်ပွဲ ယူပေးတာမျိုး လုပ်ပြနိုင်ခဲ့ပေမယ့် ၊ မောင့် ဟာ သူ့ရဲ့ လမ်းစဉ် ကို စလိုက်ဖို့ သင့်ပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR