‘ Ballon D’Or ဆန်ခါတင် စာရင်းမှာ ပါဝင်တဲ့ ချဲလ်ဆီး အသင်းသား ၅ဦးတောင် ကျွန်တော် တိတိကျကျ မသိပါဘူး ‘ – တူချယ်

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း France Football မှ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် အတွက် Ballon D’Or ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းမှာ ချန်ပီယံလိဂ် ချန်ပီယံ ချဲလ်ဆီး အသင်းမှ ကစားသမား ၅ဦး အထိ ပါဝင်ခဲ့ပြီး ၊ ဒါဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ အရေအတွက် အများဆုံး ပူးတွဲ ပါဝင်ခဲ့ခြင်း ဖြစ်ပါတယ် ။

၂၀၂၁ ခုနှစ်ရဲ့ ဥရောပ အကောင်းဆုံး ကစားသမားဆုရှင် ဂျော်ဂျင်ဟို ၊ ဥရောပ အကောင်းဆုံး ကွင်းလယ် ကစားသမားဆုရှင် အန်ဂိုလို ကန်တေတို့ အပါအဝင် ၊ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့် ၊ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ နဲ့ စပိန် လက်ရွေးစင် နောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ တို့ဟာလည်း ဒီ ဆန်ခါတင် စာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ် ။

သို့ပေမယ့် တကယ်တမ်း အခြား စူပါစတားတွေ ဖြစ်ကြတဲ့ လီယွန်နယ် မက်ဆီ ၊ ရောဘတ် လီဝမ်ဒေါစကီး တို့ကို တိုက်ရိုက် ယှဉ်နိုင်ဖို့ ဆိုတာ ဒီ ၅ဦးထဲမှာ ဂျော်ဂျင်ဟိုနဲ့ ကန်တေသာ ဖြစ်နိုင်ပါတယ် ။ ဂျော်ဂျင်ဟို ဟာ Ballon D’Or ဆု ဆွတ်ခူးဖို့ အတွက် ရေပန်းအစားဆုံး ထိပ်ဆုံး ကစားသမား ၃ဦး စာရင်းဝင်လည်း ဖြစ်ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ယခုနှစ် အတွက် Ballon D’Or ဆု ဘယ်သူ ဆွတ်ခူးမယ် ဆိုတာကို တစုံတရာ ခန့်မှန်းမှု မလုပ်သွားခဲ့ပေမယ့် ၊ ဆန်ခါတင် စာရင်းမှာ ပါဝင်နေတဲ့ ချဲလ်ဆီး အသင်းသား ၅ဦးထဲက တဦးဦးသာ ဆွတ်ခူးခဲ့မယ် ဆိုရင်တော့ ဝမ်းသာမိမယ်လို့ တုန့်ပြန်ခဲ့ပါတယ် ။

ယနေ့ ညနေ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ဘယ်သူတွေက ဒီဆန်ခါတင် စာရင်းမှာ ပါနေတယ် ဆိုတာ ကျွန်တော် မသိဘူးလို့ ပြောရင် ခင်ဗျားတို့ ဘာပြန်ပြောမှာလဲ ။ ကျွန်တော် ဟာ တဦးချင်း ဆုတံဆိပ်တွေ အကြောင်း စိတ်မဝင်စားပါဘူး ။ ဒါဟာ အသင်းလိုက် ကြိုးစား အားထုတ်မှုကြောင့် ဖြစ်လာတဲ့ အရာပါ ။ ”

” ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာလည်း အသင်းလိုက် ကြိုးစား အားထုတ်မှုကြောင့် ဖြစ်လာတာတွေချည်းပါပဲ ။ ကျွန်တော်တို့ အသင်း ဟာ တဦးတယောက် အရည်အချင်းထက် အများကြီး ပိုပါတယ် ။ ကျွန်တော်တို့ဟာ တောင့်တင်းတဲ့ ကလပ် တသင်း ဖြစ်တယ်လို့ ခံစားရပြီး ၊ ပွဲတိုင်းမှာ အသင်းသားတွေ အစုအဖွဲ့လိုက် တောင့်တင်းတဲ့ ပုံစံကို ပြသခဲ့ကြပါတယ် ။ ”

” ဒါဟာ ကျွန်တော်တို့ကို ဖလား ဗိုလ်လုပွဲတွေဆီ ရောက်ရှိစေဖို့ ၊ ချန်ပီယံ ဖြစ်စေဖို့ကို အထောက်အကူ ပေးပါတယ် ။ ဒါ့အပြင် ကလပ်လိုက် အောင်မြင်မှုကပဲ အသင်းက ကစားသမား အချို့ကို Ballon D’Or ဆန်ခါတင် စာရင်းမှာ ပါဝင်စေခဲ့တာပါ ။ ဒီစာရင်းမှာ ကျွန်တော့ အသင်း က ကစားသမား ၅ဦး ပါဝင်ခဲ့တာကို ပျော်ရွှင် ဝမ်းသာမိပါတယ် ။ ”

” ဒါဟာ ဒီ ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုကို အသိအမှတ် ပြုရာကျသလို ၊ သူတို့ဟာ ဥရောပ စင်မြင့်ထက်မှာ ရောက်ရှိနေတယ် ဆိုတာကို ဖော်ညွှန်းနေပါတယ် ။ ဒီ ၅ယောက်ထဲက တယောက်ယောက် ဒီဆုကို ရဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒါက ခင်ဗျားကို ယုံကြည်မှု ပိုတိုးစေနိုင်လို့ပါ ။ ”

” ရှင်းရှင်းပြောရရင် ဘယ်ကစားသမား ၅ယောက် က ဒီစာရင်းမှာ ပါနေတယ် ဆိုတာတောင် ကျွန်တော် မသိပါဘူး ။ နောက်ပြီး ကျွန်တော် ဟာ ကစားသမား တယောက်ကို ကျော်ပြီး နောက်တယောက် ကို အသားပေး အကဲဖြတ်တာကိုလည်း မလိုလားပါဘူး ။ အားလုံး ဟာ ပြီးခဲ့တဲ့ ရာသီက အံ့သြဖွယ် စွမ်းဆောင်ရည်မျိုး ပြသခဲ့ကြတာပါ ။ ”

” ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အကြောင်း ဖြစ်ပြီး ၊ ရက်သတ္တပတ် များစွာ ကျော်ဖြတ်လာအပြီးမှာ ကျွန်တော် ဟာ ပစ္စုပ္ပန်နဲ့ အနာဂတ် အကြောင်းပဲ တွေးပါတော့တယ် ။ ဒါတွေ အားလုံး အခုအချိန်မှာ မေ့ထားရမှာ ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ ရာသီနဲ့ သက်ဆိုင်တဲ့ တဦးချင်း ဆုတံဆိပ်တွေ အပေါ်မှာပဲ စိတ်လွင့်မျောမနေသင့်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR