၀က်ဖို့ဒ်နဲ့ ပွဲစဉ်မတိုင်မီ ဂျိုတာ ဂျုံး တီယာဂို နဲ့ အလက်ဇန်းဒါးအာနိုး တို့ရဲ့ ကြံ့ခိုင်မှု နောက်ဆုံးအခြေအနေကို ထုတ်ဖော်လိုက်တဲ့ ကလော့

ကာတစ်ဂျုံးဟာ ဒဏ်ရာ ပြသနာကြောင့် လာမည့် စနေနေ့ ၀က်ဖို့ဒ်နဲ့ ကစားရမယ့် လီဗာပူးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်ပြီး ဒီယေဂိုဂျိုတာ နဲ့ ထရန်အလက်ဇန်းဒါးအာနိုး တို့ကတော့ အဆိုပါ ပွဲစဉ် အတွက် available ဖြစ်နေပါတယ်။ ယာဂန်ကလော့က ကာတစ်ဂျုံးဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ကာလအတွင်း အင်္ဂလန် ယူ ၂၁ အသင်းနဲ့ အတူ ပူးပေါင်းနေစဉ် ဒဏ်ရာ ပြသနာ အနည်းငယ် ရရှိခဲ့တာကြောင့် အနားယူသွားရလိမ့်မယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

တီယာဂိုအယ်ကန်တာရာ ကလည်း ၎င်းရဲ့ ခြေသလုံးကြွက်သား ဒဏ်ရာ အရှင်း ပျောက်ကင်းခြင်း မရှိသေးတာကြောင့် ၀က်ဖို့ဒ်နဲ့ ပွဲစဉ်ကို လွဲချော်သွားမှာ ဖြစ်ပြီး အလက်ဇန်းဒါးအာနိုး နဲ့ ဂျိုတာ တို့ကတော့ အဆိုပါ ပွဲစဉ် အတွက် ၎င်းရဲ့ လူရွေးချယ်မှုမှာ ပါ၀င်မှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

၀က်ဖို့ဒ်နဲ့ ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ကလော့က “အမှန်ပါပဲ။ ထရန့်နဲ့ ဒီယေဂို တို့ကတော့ available ဖြစ်ပါတယ်။ မနေ့က အခြေအနေကို ကြည့်ပြီး ပြောတာ ဖြစ်ပါတယ်။ တီယာဂို ကတော့ ဘယ်အချိန် ပြန်ကစား ပေးနိုင်မလဲ ဆိုတာ ကျွန်တော် မသိသေးပါဘူး။ သူ့ရဲ့ ဒဏ်ရာဟာ အချိန် အနည်းငယ် ယူနေရပါတယ်။ ဒါဟာ စိတ်ပျက်စရာ ပါပဲ။ ဒါပေမယ့် သူ့ရဲ့ ဒဏ်ရာဟာ ဒီလောက် လျှင်မြန်စွာ သက်သာလာဖို့ မရှိဘူး ဆိုတာကို ကျွန်တော်တို့ ပြီးခဲ့တဲ့ ရက်အနည်းငယ် ကတည်းက သိထားခဲ့ပါတယ်။ ကျွန်တော်တို့ စောင့်သွားရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကလော့ဟာ အင်္ဂလန် ယူ ၂၁ ကနေ ဒဏ်ရာ ပြသနာနဲ့ အသင်းကို ပြန်လာခဲ့တဲ့ ကာတစ်ဂျုံးနဲ့ ပက်သက်ပြီး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ကို ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။ အသက် ၂၀ အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း လီဗာပူးမှာ ပုံမှန် ကစားခွင့် ရနေသူ ဖြစ်ပြီး သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေနဲ့ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

ကလော့က “ကာတစ်ဂျုံးဟာ အင်္ဂလန် ယူ ၂၁ ကနေ ဒဏ်ရာ ပြသနာနဲ့ ပြန်လာခဲ့ပါတယ်။ ဒါဟာ မကောင်းပါဘူး။ အင်္ဂလန်နဲ့ ဆက်သွယ်ရတာ ခက်ခဲပါတယ်။ သူတို့ အန်ဒိုရာနဲ့ ကစားခဲ့ပါတယ်။ ကောင်းပါတယ်။ သူ အဲဒီပွဲမှာ အရေးပါတဲ့ ကဏ္ဍကနေ ၀င်ကစားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဒဏ်ရာနဲ့ ပြန်လာကာ မနက်ဖြန် ပွဲအတွက် available ဖြစ်မှာ မဟုတ်ပါဘူး။

အက်ဖ်အေဟာ ကျွန်တော်တို့ အတွက် အကူအညီ မဖြစ်ပါဘူး။ သူတို့ အနေနဲ့ ပွဲရဲ့ အခြေအနေကို ကြည့်ပြီး အသုံးပြုသင့် မသင့်ကို စဉ်းစား သွားရမှာပါ။ သူတို့ အကျိုးအတွက်ပဲ ကြည့်မနေသင့်ပါဘူး။ ကျွန်တော် ဒီမှာ ရှိခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်း အမြဲတမ်း ဒီအတိုင်းပါပဲ။ ဘာကြောင့် အချိန်ကုန်ခံပြီး ပြောနေတော့မှာလဲဗျာ?” လို့ မကျေမနပ် ပြောသွားခဲ့ပါတယ်။

၀က်ဖို့ဒ် အသင်းဟာ ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ မူးနော့ရဲ့ နေရာအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက ဝါရင့်နည်းပြ ကလော်ဒီယိုရာနေရီ ကို ခန့်အပ်ခဲ့ပြီး လီဗာပူးရဲ့ analysis တွေ အနေနဲ့ လာမည့် စနေနေ့ ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်ရာမှာ လက်စတာနည်းပြဟောင်း ကိုင်တွယ်ခဲ့တဲ့ နောက်ဆုံးကလပ် ဖြစ်တဲ့ ဆမ့်ဒိုးရီးယား အသင်းရဲ့ ကစားပုံကို ကြည့်ကာ ပြင်ဆင်ခဲ့ရတယ်လို့ ကလော့က ထုတ်ဖော် သွားပါတယ်။

ကလော့က “သူဟာ ကြီးကြယ်တဲ့ မန်နေဂျာ တစ်ဦး ဖြစ်ပြီး တစ်ကမ္ဘာလုံးပတ်ပြီး အလုပ်လုပ်ခဲ့သူပါ။ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ကလပ်မှာ သူဟာ တကယ် အောင်မြင်ခဲ့ပြီး သူ့ကိုယ်သူ ပြန်လည် ဆန်းသစ်နိုင်ခဲ့ကာ ဒါဟာ တကယ် ကောင်းပါတယ်။ သူ့ရဲ့ ပထမဦးဆုံး ပွဲမှာ ဘယ်အသင်းနဲ့ ကစားရမလဲ ဆိုတာကို သူသိပ်ပြီး ဂရုစိုက်နေလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူဟာ အသင်းသစ်ကို ပြင်ဆင်နေတာနဲ့ အလုပ်များနေမှာ ဖြစ်ပြီး အစွမ်းကုန် တိုက်ပွဲ၀င်သွားမှာပါ။

ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုကတော့ အနည်းငယ် ခြားနား သွားခဲ့ပါတယ်။ ဒီပွဲအတွက် ပြင်ဆင်တဲ့ နေရာမှာ ၀က်ဖို့ဒ်ရဲ့ အရင် ပွဲစဉ်တွေထက် ဆမ့်ဒိုးရီးယားရဲ့ ပွဲစဉ်တွေကို ကျွန်တော်တို့ ပိုကြည့်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကလော်ဒီယိုမှာ သူ့ရဲ့ ကိုယ်ပိုင်ဟန် ရှိပြီး သူဟာ အမြဲတမ်း ဒါနဲ့ပဲ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် ဒီပွဲအတွက် အဓိက မက်ဆေ့ခ်ျ ကတော့ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်သွားရမှာပါ။ ဘာလို့လဲဆိုတော့ ပြိုင်ဘက်က ဘယ်လိုပုံစံနဲ့ ထွက်လာမလဲဆိုတာ ကျွန်တော်တို့ မသိလို့ ဖြစ်ပါတယ်။”

SM