အာဆင်နယ် ကစားသမားနှစ်ဦးကို လီဗာပူး ၊ ချဲလ်ဆီး နဲ့ နယူးကာဆယ် တို့ ခေါ်ချင်နေကြလိမ့်မယ်လို့ဆိုတဲ့ ဒါရင်းဘန့်

ဒါရင်းဘန့် က အာဆင်နယ် အသင်း အနေနဲ့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ၂ ဦးကို လီဗာပူး ၊ ချဲလ်ဆီး နဲ့ နယူးကာဆယ် အသင်းတို့က ခေါ်ဖို့ ကြိုးပမ်းလာဖွယ် ရှိနေတာကြောင့် သတိထားသင့်တယ်လို့ ပြောကြား လိုက်ပါတယ် ။

ဒါရင်းဘန့် ပြောတဲ့ လူငယ် ကြယ်ပွင့် ၂ ဦးကတော့ စမစ်ရို နဲ့ ဆာကာ တို့ နှစ်ဦးပါ ။ စမစ်ရို နဲ့ ဆာကာ တို့ဟာ အသက် ငယ်ရွယ်သေးပေမယ့် ခြေစွမ်းပြ ကစား နိုင်တာကြောင့် အာဆင်နယ် အသင်းရဲ့ အဓိက ကစားသမားတွေအဖြစ် ပုံမှန် ကစားခွင့် ရနေသူတွေ ဖြစ်ပါတယ် ။

 

 

 

ဒါကြောင့် အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ကစားသမား နှစ်ဦးစလုံးကို ကာလရှည် စာချုပ်တွေ ချုပ်ဆိုခဲ့ပြီး နာမည်ကျော် နံပါတ်တွေ ဖြစ်တဲ့ ကျောနံပါတ် ၇ နဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင် ကစား စေခဲ့ပါတယ် ။

စမစ်ရို ဟာ အာဆင်နယ် အတွက် ပွဲပေါင်း ၅၃ ပွဲ ကစားပေးထားပြီး ဆာကာ ကတော့ ၉၇ ပွဲ ကစား ပေးထားပါတယ် ။ ဆာကာ ဟာ ပြီးခဲ့တဲ့နှစ်က အာဆင်နယ် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ် ခံခဲ့ရသူ ဖြစ်ပါတယ် ။

 

ဒါရင်းဘန့် က talkSPORT မှာ ဆာကာ ၊ စမစ်ရို တို့နဲ့ ပတ်သက်ပြီး အာဆင်နယ် အသင်းကို အခုလိုသတိပေး စကားဆိုသွားခဲ့ပါတယ် ။ ” ဆုံးဖြတ်ချက် ချရမယ့် အရာ တစ်ခုပေါ့ဗျာ ၊ အာဆင်နယ် ရဲ့ရည်မှန်းချက်က ကစားသမားတွေ ဖြစ်ချင်တာနဲ့ ကိုက်ညီ နေဖို့ လိုအပ်ပါတယ် ။ ”

” အာဆင်နယ် အသင်း ရာသီတိုင်း အဆင့် ၇ ၊ ၈ ချည်းမှာပဲ ရပ်တည် နေလို့ မရပါဘူး ။ နယူးကာဆယ် ၊ ချဲလ်ဆီး နဲ့ လီဗာပူး အသင်းတွေအနေနဲ့ သူတို့(ဆာကာ နဲ့ စမစ်ရို) ကို ခေါ်ဖို့ ကမ်းလှမ်းလာဖွယ် ရှိနေပါတယ် ။ ”

 

” ဒီလို ဖြစ်လာခဲ့ရင် ရော်ဘင် ဗန်ပါစီ တုန်းကနဲ့ အခြေအနေနဲ့ တူတူပဲလို့ ဆိုရမှာပါ ။ ဆက်စ်(ဖာဘရီဂက်စ်) ထွက်ခွာသွားတာကိုလည်း ကျွန်တော်တို့ မြင်တွေ့ ခဲ့ရပြီးပါပြီ ၊ သူတို့ ဘာကြောင့် ထွက်ခွာသွားသလဲဆိုတော့ အသင်းမှာ ဆက်နေရင် သူတို့ လိုချင်တာ မရနိုင်မှန်း သိသွားတာကြောင့်ပါပဲ ။ ”

” ဗန်ပါစီ က အသင်းအတွက် ပေးဆပ် ခဲ့တာ လုံလောက်နေပြီ လို့ ပြောပြီး မန်ချက်စတာ ယူနိုက်တက် ကို ထွက်ခွာသွားခဲ့တာပါ ၊ သူ အသင်းပြောင်းပြီးနောက် လိဂ်ချန်ပီယံဆု ရသွားခဲ့ပါတယ် ။ အာဆင်နယ် အသင်း ရည်မှန်းချက် နဲ့ သူတို့ရဲ့ ရည်မှန်းချက်သာ ကိုက်ညီရင် ပျော်ပျော်ကြီး အသင်းမှာ ဆက်နေကြမှာပါ ၊ ဒီလိုမှ မဟုတ်ရင်တော့ အာဆင်နယ် အတွက် စိုးရိမ်စရာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM