ဒီရာသီ ပရီးမီးယားလိဂ်မှာ အထူးချွန်ဆုံး ကစားပြထားတဲ့သူ ၅ ဦးကို ရွေးချယ်လိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက ကစားသမား ၅ ဦးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အထူးချွန်ဆုံး ကစားပြထားခဲ့တယ်လို့ ဆိုလိုက်ပြီး လီဗာပူး စတား မိုဟာမက်ဆာလား ကတော့ ကျန်တဲ့ သူတွေ အားလုံးထက် ပိုမို တောက်ပစွာ ကစားနိုင်ခဲ့တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ လီဗာပူး တိုက်စစ်မှုးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၇ အပြီးမှာ သွင်းဂိုး ၆ ဂိုး ရရှိထားခဲ့ပြီး ဂိုးသွင်းဇယားထိပ်မှာ ဂျေမီဗာဒီနဲ့ ပူးတွဲ ဦးဆောင် နေပါတယ်။

ဒါ့အပြင် ဆာလားဟာ အသင်းဖော်တွေ အတွက်လည်း ၃ ဂိုး ဖန်တီးပေးထားခဲ့ပြီး ဖြစ်ကာ ကာရေဂါရဲ့ Top performer ၅ ဦးမှာ ဆာလားက ထိပ်ဆုံးကနေ ပါ၀င်နေခြင်းဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကာရေဂါရဲ့ top 5 ထဲမှာတော့ မထင်မှတ်ထားတဲ့ ကစားသမား တစ်ချို့လည်း ပါ၀င်လာခဲ့တာကို တွေ့ရပါတယ်။

အင်္ဂလန် နောက်ခံလူဟောင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အထူးချွန်ဆုံး ကစားပြထားတဲ့ ကစားသမား ၅ ဦးကို ရွေးချယ်ရာမှာ ဆာလားနဲ့ အတူ နွေရာသီရဲ့ biggest signing နှစ်ဦးနဲ့ ဒီရာသီ ရလဒ်တွေ အထူး ကောင်းမွန်နေတဲ့ အဲဗာတန်ရဲ့ ကြယ်ပွင့် ၂ ဦးကို ရွေးချယ်လိုက်ပါတယ်။

ကာရေဂါက “ဒီရာသီ ပရီးမီးယားလိဂ်မှာ အထူးချွန်ဆုံး ကစားပြထားတဲ့ ကစားသမား ၄ ဦး ၅ ဦးလောက် ရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ခရစ်စတီယာနိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက player of the month ဆုကို ရရှိခဲ့တာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ သူဟာ ယူနိုက်တက် အပေါ် ကြီးမားတဲ့ သက်ရောက်မှု ပေးစွမ်းခဲ့ပြီး သူဟာ ဒီကစားသမား တွေထဲမှာ ပါ၀င်နေမယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။

ရာသီအစပိုင်းက စွမ်းဆောင်ရည်ကြောင့် လူကာကူ ကလည်း ဒီထဲမှာ သေချာပေါက် ပါမှာပါ။ ပြီးတော့ အဲဗာတန် ကစားသမား ၂ ဦးပေါ့။ အန်ဒရိုတောင်ဆန်းဟာ ဒီရာသီမှာ အကောင်းဆုံး ကစားပြနေပါတယ်။ ပြီးတော့ ကွင်းလယ်လူ ဒူကိုရေးကို ရွေးရမှာပါ။ မန်ချက်စတာစီးတီးနဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ကျွန်တော့် အနေနဲ့ မိုဆာလားကို ရွေးချယ် သွားရမှာပါ။ သူဟာ လိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်နေတဲ့ အပြင် ဒီအချိန်မှာ သူဟာ အားလုံးထက် နှာတစ်ဖျား သာနေပါတယ်။ ကျွန်တော် မိုဆာလားကို ရွေးချယ်မှာပါ။” လို့ ဆိုလိုက်ပါတယ်။

ဆာလားဟာ မန်ချက်စတာစီးတီးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ မာနေးရဲ့ အဖွင့်ဂိုး အတွက် အကောင်းဆုံး ဖန်တီးပေးခဲ့တဲ့ အပြင် သူ့ရဲ့ သွင်းဂိုးမှာ ဆိုရင်လည်း မန်စီးတီး ကစားသမား ၄ ဦးလောက်ကို ကျော်ဖြတ်ကာ လှလှပပ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ လီဗာပူး ဂန္တ၀င်က ဆာလားဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည် နေတယ်လို့ မှတ်ချက်ပေးသွားပါတယ်။

ကာရေဂါက “လက်ရှိ အချိန်မှာ ဆာလားထက် ပိုကောင်းတဲ့ ကစားသမား ကမ္ဘာပေါ်မှာ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ချန်ပီယံလိဂ် ပွဲစဉ်တွေကိုလည်း ကြည့်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း သူ့ရဲ့ မှတ်တမ်းတွေဟာ တကယ့်ကို ကောင်းလွန်း လှပါတယ်။ လီဗာပူး အတွက် သူလုပ်ပြခဲ့တာတွေကို မေးခွန်းထုတ်စရာ ဘာမှ မရှိပါဘူး။ ဒါပေမယ့် အခုချိန်မှာ သူဟာ ကျွန်တော် မြင်တွေ့ခဲ့ဖူးသမျှတွေ ထဲမှာ သူ့ရဲ့ အထက်မြက်ဆုံး ပုံစံကို ပြသနေပါတယ်။”

SM