ချဲလ်ဆီး ကြယ်ပွင့် ၃ဦးဆီက အခုအချိန် အထိ အားရစရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုး မမြင်ရသေးဘူးလို့ ဝေဖန်လိုက်တဲ့ ဖရန့် လီဘို့ဖ်

ချဲလ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပြီးထားချိန် ၊ ၅ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၁ပွဲရှုံး ရလဒ်နဲ့ အမှတ်ပေးဇယား ကို ဦးဆောင်ထားပါတယ် ။ ဒါ့အပြင် ဥရောပ ထိပ်တန်း ၅လိဂ်မှာလည်း ချဲလ်ဆီး အသင်း ဟာ ဂိုးသွင်းသူ အရေအတွက် အများဆုံး ( ၁၃ဦး ) နဲ့ ရပ်တည်နေပါတယ် ။

ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ရောက်ရှိလာတဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ အစောပိုင်းမှာ ဂိုးတွေ တောက်လျှောက် သွင်းခဲ့ပေမယ့် ၊ နောက်ပိုင်း ကစားခဲ့တဲ့ ပွဲအနည်းငယ်မှာ ဂိုးပေါက် ပြန်ပျောက်ခဲ့ပါတယ် ။

တချိန်တည်းမှာ ဂိုးကံခေတတ်တဲ့ တိုက်စစ်မှူး တီမို ဗာနာ ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ရရှိခဲ့သလို ၊ ဂျာမနီ လက်ရွေးစင် အသင်း အတွက်လည်း နောက်ဆုံး ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ၂ဂိုး သွင်းပေးခဲ့ပါတယ် ။

တဖက်မှာ အခြား ကွင်းလယ် တိုက်စစ် ကစားသမား ၂ဦး ဖြစ်တဲ့ ကိုင်ဟာဗက်ဇ်နဲ့ ဟာကင် ဇီယက်ခ်ျ တို့ကတော့ ဒီရာသီရဲ့ ပွဲအများစုမှာ ချဲလ်ဆီး အတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ် ။ နောက်ဆုံး ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာလည်း ၄င်းတို့ ၂ဦးလုံး လူစားဝင်ခွင့်ပင် မရရှိခဲ့ပါဘူး ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ် ကတော့ ရာသီ အစ တီမို ဗာနာရဲ့ ယုံကြည်မှု ပျောက်ဆုံးနေခြင်း အပေါ် ညည်းညူခဲ့ပေမယ့် ၊ ၄င်းဟာ ပုံမှန် စွမ်းဆောင်ရည်အောက် ရောက်နေတဲ့ ကစားသမား မဟုတ်ကြောင်း တုန့်ပြန်ရင်း ၊ ဟာဗက်ဇ်နဲ့ ဇီယက်ခ်ျ တို့ကတော့ အခုထက် များစွာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ ပြန်လာဖို့ လိုအပ်နေကြောင်း သတိပေးခဲ့ပါတယ် ။

Ladbrokes နဲ့ တွေ့ဆုံခဲ့ရာမှာ လီဘို့ဖ် က ” တီမို ဗာနာ ဟာ ချဲလ်ဆီးကို စရောက်ရောက်ချင်း ၊ ဂိုးတွေ သွင်းပေးခဲ့သလို ၊ ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ ယုံကြည်မှုတွေက ရုတ်တရက်ဆိုသလို ပျောက်ဆုံးခဲ့ပါတယ် ။ တိုက်စစ်မှူး တယောက် အနေနဲ့ ခင်ဗျား ဟာ ဂိုးသွင်းဖို့ အကြောင်းကို စဉ်းစားနေစရာတောင် မလိုပဲ ၊ ဂိုးပုံမှန် သွင်းနေသင့်ပါတယ် ။ ”

” ဂိုးပေါက်လွဲမှာ ၊ ဂိုးသမား ဖမ်းမယ့်ဘက်ကို ကန်မိမှာ စသဖြင့် စိုးရိမ်နေစရာ မလိုပဲနဲ့ကို ဂိုးသွင်းသင့်တာပါ ။ ဒါပေမယ့် ယုံကြည်မှု ပြည့်နေချိန်မှာတော့ ခင်ဗျား ဒီအကြောင်းတွေ တွေးနေမှာ မဟုတ်ပါဘူး ။ ဘာလို့လဲ ဆိုတော့ ကိုယ်ဂိုးသွင်းနိုင်မယ် ဆိုတာ အခိုင်အမာ သိထားလို့ပါ ။ အခုအချိန်မှာ ဗာနာ ဟာ ယုံကြည်မှု သေချာပေါက် ပျောက်ဆုံးနေပါတယ် ။ ”

” သူ့အတွက် ကျွန်တော် စိတ်မကောင်း ဖြစ်မိပါတယ် ။ အခုတော့ ဂိုးသွင်းခြေ နည်းနည်းပါးပါး ပြန်တွေ့နေပြီး ၊ ၂ဂိုး ၃ဂိုးလောက် သွင်းထားနိုင်ပေမယ့် ၊ လူကာကူ ကို တိုက်ရိုက် ယှဉ်ဖို့ အတွက်ကျတော့ သူ့အဖို့ ခက်ခဲလာနိုင်ပါတယ် ။ ဘယ်တောင်ပံ ၊ ညာတောင်ပံတွေမှာတော့ သူ့အတွက် အခွင့်အရေး ရှိကောင်း ရှိနိုင်ပါတယ် ။ ”

” ဒါဟာလည်း ခက်ခဲတဲ့ ပြိုင်ဆိုင်မှု တရပ် ဖြစ်ပြီး ၊ ချဲလ်ဆီး တိုက်စစ်မှာ ဟာဗက်ဇ် ၊ ဇီယက်ခ်ျ ၊ ဟတ်ဒ်ဆန် အိုဒွိုင်း တို့လို အရည်အသွေးမြင့် ကြယ်ပွင့်တွေ ပြည့်နေတာကြောင့် ၊ ဗာနာ အတွက် ဒါဟာ ပိုပြီး ရှုပ်ထွေးတဲ့ အခြေအနေ တရပ် ဖြစ်ပါတယ် ။ သူဟာ ပြောင်းရွှေ့ကြေး အမြောက်အမြားနဲ့ ဒီကို ရောက်လာတာ ဖြစ်လို့ ၊ ကိုယ့်ရဲ့ တန်ကြေးကို သက်သေပြရပါမယ် ။ ”

” ဗာနာ ဆီက ကျွန်တော် ဟာ အတိုင်းအတာ တခု အထိ မျှော်မှန်းထားပေမယ့် ၊ ဟာဗက်ဇ်နဲ့ ဇီယက်ခ်ျ ဆီကတော့ အခုထက် ပိုများများ မျှော်လင့်ထားတာပါ ။ လူတိုင်း ဟာ ဟာဗက်ဇ်ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ် မှာ သွင်းယူခဲ့တဲ့ တလုံးတည်းသော အနိုင်ဂိုး အတွက် ပျော်ရွှင်နေကြပါတယ် ။ ဒီတော့ သူဟာ အသင်းမှာ သမိုင်း မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါပြီ ။ ”

” တဖက်မှာ သူဟာ ငယ်ရွယ်သေးတဲ့ အတွက် ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုး မလုပ်ချင်ဘူး ဆိုပေမယ့် ၊ ပြီးခဲ့တဲ့ ရာသီနဲ့ အခု ရာသီ က ပျမ်းမျှ စွမ်းဆောင်ရည်ကို ကြည့်ပြီး ကျွန်တော် ကတော့ ဘယ်လိုမှ အားမရပါဘူး ။ ဘာလို့လဲ ဆိုတော့ သူပိုင်ဆိုင်ထားတဲ့ အရည်အသွေး ပမာဏ အရ အခုထက် အဆများစွာ သာတဲ့ စွမ်းဆောင်ရည်မျိုး ပြသသင့်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR