” ကျွန်တော့်မှာ မရှိခဲ့တဲ့ အရည်အသွေးကောင်း တစ်ချို့ သူ့မှာ ရှိပါတယ် ” အာဆင်နယ် လူငယ်ကြယ်ပွင့်ချီးကျူးလိုက်တဲ့ ဂျက်ဝဲလ်ရှား

ဂျက်ဝဲလ်ရှား က အာဆင်နယ် အသင်းရဲ့လူငယ်ကြယ်ပွင့် ချာလီ ပါတီနို ဟာ အနာဂတ်မှာ တောက်ပလာမယ့် ကစားသမား တစ်ဦးလို့ ချီးကျူးလိုက်ပြီး အသင်းကြီးက ကစားသမားတွေဟာ သူ့အကြောင်း ပြောနေကြပြီ ဖြစ်ကြောင်း ဖွင့်ဟ သွားခဲ့ပါတယ် ။

ပါတီနို ဟာ အာဆင်နယ် အသင်းကြီးနဲ့ မကြာခဏ လေ့ကျင့်ခန်း အတူ ဆင်းလေ့ရှိပြီး ခြေစမ်းပွဲတွေမှာ ပါဝင်ကစားလေ့ရှိသူပါ ။အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ ပါတီနို ဟာ မနှစ်က အာဆင်နယ် အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့ပြီး ဒီရာသီ အသင်းကြီးမှာ ပွဲဦးထွက်ကို ကစားခွင့် ရဖွယ် ရှိနေပါတယ် ။

 

လက်ရှိ အချိန်မှာ ပါတီနို ဟာ အာဆင်နယ် ယူ၁၈ ၊ ယူ၂၃ အသင်းတွေရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ပါတယ် ။ ပါတီနို ဟာ ၂၀၀၃ ခုနှစ်ဖွား ဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာ အသက် ၁၈ နှစ်ပြည့်မှာ ဖြစ်ပါတယ် ။ ပါတီနို ဟာ ဂျက်ဝီလ်ရှား လိုပဲ လူတန်တောင်း အကယ်ဒမီ ကနေ ထွက်ပေါ် လာခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အာဆင်နယ် အသင်းကို ရောက်ရှိ လာခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ချဲလ်ဆီး အသင်း နဲ့ အပြိုင် ပါတီနို ကို ခေါ်ယူ ခဲ့ရတာ ဖြစ်ပြီး လူတန်တောင်း အသင်းကို လျော်ကြေး ပေါင် ၁ သောင်း ပေးချေ ခဲ့ရတယ်လို့ သိရပါတယ် ။

ဂျက်ဝဲလ်ရှား က PA News နဲ့ အင်တာဗျူးမှာ ” ကျွန်တော် သူ့(ပါတီနို) ကို ကောင်းကောင်း သိပါတယ် ။ သူ ကစားတာ ကျွန်တော် မြင်ဖူးပါတယ် ၊ သူက ကစားသမားကောင်း တစ်ဦးပါ ။ သူက ခုမှ အသက် ငယ်ငယ်ရွယ်ရွယ်လေးပဲ ရှိပါတယ် ၊အများကြီး တိုးတက်လာဖို့ ရှိနေပါသေးတယ် ။ ”

” ဒါပေမယ့် လေ့ကျင့်ရေးကွင်းမှာ အသင်းကြီးက ကစားသမားတွေက သူ့အကြောင်း ပြောနေကြတာတော့ အသေအချာပါပဲ ။ အသင်းကြီးက ကစားသမားတွေက သူ့ကို သိကြပါတယ် ၊ သူက ကစားသမားကောင်းပါ ၊ သူက အသင်းရဲ့အနာဂတ်အတွက် အားကိုးရမယ့်သူပါ ။ ”

သူနဲ့ ပါတီနို ကို နှိုင်းယှဉ်မှုတွေ ရှိနေတဲ့ အပေါ် ဂျက်ဝဲလ်ရှား က ” ကျွန်တော်တို့ကြားမှာ တူညီမှု အချို့တော့ ရှိပါတယ် ။ သူ က ကျွန်တော်နဲ့ မတူတဲ့ ကွဲပြားခြားနားတဲ့ ကစားသမား တစ်ဦးပါ ၊ ကျွန်တော်ကတော့ သူ့ကို ဂျက်ဝဲလ်ရှား လက်သစ်လို့ ပြောမယ့်အစား သူဘယ်လို ကစားသမားလဲဆိုတာ ပြောကြဖို့ ပိုအရေးကြီးတယ်လို့ မြင်ပါတယ် ။ ”

” ကျွန်တော့်မှာ မရှိခဲ့တဲ့ အရည်အသွေးကောင်း တစ်ချို့ သူ့မှာ ရှိပါတယ် ။ သူ တိုးတက်အောင် လုပ်ဖို့ လိုအပ်နေတဲ့ အရာတစ်ချို့တော့ ရှိပါတယ် ၊ ဒါပေမယ့် သူက အနာဂတ်မှာ ကိုယ့်နာမည်ကို အားလုံးသိအောင် လုပ်နိုင်မယ့်သူပါ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

SM