” သူ့ကို စောင့်ကြည့်ရတာ တကယ့်ကို ပျော်စရာပါပဲ ” ယူနိုက်တက် စတား တစ်ဦးကို ချီးကျူးလိုက်တဲ့ အီယန်ရိုက်

အာဆင်နယ် ဂန္တဝင် အီယန်ရိုက် ကတော့ သူ့ရဲ့ podcast အစီအစဉ်မှာ ပြင်သစ် လက်ရွေးစင် အသင်းအတွက် ပုံစံကောင်းတွေ ပြသနေခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာကို ချီးမွမ်းလိုက်ပြီး သူ့ကို စောင့်ကြည့်ရတာ ပျော်စရာပဲလို့ ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံစံကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာဟာ ပြင်သစ် လက်ရွေးစင် အသင်းဆီ ရောက်သွားတဲ့ အခါတိုင်း ပုံစံကောင်းတွေ အမြဲတမ်း ပြသနိုင်ခဲ့တာ ပရိသတ်တွေ အားလုံး အသိပဲ ဖြစ်ပါတယ် ။

ဒီတစ်ကြိမ်မှာလည်း သူဟာနိုင်ငံ့အသင်းအတွက် ဥရောပ နေးရှင်းလိဂ် ပြိုင်ပွဲမှာ ပွဲထွက် ကစားခွင့်တွေ ရရှိခဲ့ပြီး ဘယ်လ်ဂျီယံ ၊ စပိန် အသင်းတွေနဲ့ ကစားခဲ့ရတဲ့ ဆီမီးဖိုင်နယ် ၊ ဖိုင်နယ် ပွဲစဉ်တွေမှာ အထူး ခြေစွမ်းကောင်းတွေကို ပြသသွားနိုင်ခဲ့ပြန်ပါတယ် ။

ဒါ့ကြောင့် ပြင်သစ်လက်ရွေးစင် အသင်းအတွက် ကမ္ဘာ့ဖလား ဆွတ်ခူးရေးမှာ အရေးပါသူ ဖြစ်ခဲ့သလို ဥရောပ နေးရှင်းလိဂ် ဆွတ်ခူးရေးမှာလည်း အဓိကကျသူ ဖြစ်ခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ စွမ်းဆောင်ရည်ကို အာဆင်နယ် ဂန္တဝင် အီယန်ရိုက် က ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ် ။

” သူဟာ ပြိုင်ဖက် ဂိုးဧရိယာဖက် အခြမ်းမှာ ဘောလုံးကို လက်ခံ ရယူခဲ့တဲ့ အခါတိုင်း မှော်ဆန်တဲ့ အရာတွေ တစ်ခုမဟုတ် တစ်ခု လုပ်ပြခဲ့တာချည်းပါပဲ ။ သူ့ရဲ့ ဘယ် ၊ ညာခြေမရွေး ဘောလုံး ထိုးပေးမှုတွေ ၊ ဂိုးဧရိယာထဲ ပေးပို့မှုတွေက အံ့မခန်း ဖြစ်ခဲ့ရပါတယ် “

” သူ့ကို စောင့်ကြည့်ရတာက တကယ့်ကို ပျော်စရာပါပဲ ။ သူတို့တွေက ကစားသမားကို ရှေ့တိုးနောက်ဆုတ်လုပ်ပြီး ကစားစေတဲ့ အသင်းမျိုးပါ ။ ကျွန်တော်ကတော့ အဲ့ဒီလို ကစားတဲ့ ကစားသမားတွေကို နှစ်ခြိုက်လှပါတယ် ။ ပေါ့ဂ်ဘာကို စောင့်ကြည့်နေရတာမျိုးပေါ့ဗျာ “လို့ အီယန်ရိုက် က ပြောခဲ့လိုက်ပါတယ် ။

ဒီနှစ်ရာသီမှာ ပေါ့ဂ်ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်လည်း ရာသီသစ် စတင်ပုံ ကောင်းခဲ့ပြီး လိဒ်စ် ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရာသီ အဖွင့်ပွဲစဉ်မှာပဲ တစ်ပွဲထဲ လေးဂိုးအထိ အံ့ဖွယ် ဖန်တီးပေးသွားနိုင်ခဲ့ ပါတယ် ။

အီယန်ရိုက် က အဆိုပါ ပွဲစဉ်နဲ့ ပတ်သက်လို့ ပြင်သစ် လက်ရွေးစင်ရဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးခဲ့သေးပြီး ” ကျွန်တော်တို့ ရိုးရိုးသားသား ပြောကြရအောင် ၊ သူ ဒီလောက်ထိ ကောင်းတာမျိုး မမြင်ခဲ့ဖူးဘူး ထင်ပါတယ် ” လို့ လိုရင်းတိုရှင်း မှတ်ချက်ပေး ချီးကျူးခဲ့ပါသေးတယ် ။

အခုတော့ ပေါ့ဂ်ဘာဟာ နောက်ထပ် ဂိုးဖန်တီးမှု 3 ကြိမ်ထိ လုပ်ဆောင်ရင်း စုစုပေါင်း ဂိုးဖန်တီးမှု 7 ကြိမ်နဲ့ အတူ ပရီးမီးယားလိဂ်ရဲ့ ဖန်တီးမှု အများဆုံး ကစားသမား ဖြစ်နေခဲ့ပါပြီ ။ ဒါပေမဲ့ ယူနိုက်တက်ကတော့ ဒီလို ခြေစွမ်းပြနေတဲ့ ကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့ မစွမ်းနိုင်သေးပါဘူး ။

ပေါ့ဂ်ဘာဟာ ဒီရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက်တို့က သူ့ကို လစာတွေ တိုးပေးပြီး စာချုပ် သက်တမ်း တိုးမြှင့်ဖို့ ကြိုးစားနေခဲ့ပေမဲ့ အခုထိ တိုးတက်ခြင်း မရှိသေးဘူးလို့ သိရပါတယ် ။

#Sports_Myanmar