ယူနိုက်တက် ရဲ့ အေးစက်တဲ့ ဆက်ဆံမှုတွေကို ဖွင့်ပြောလာခဲ့တဲ့ ဂိုးသမားကြီး ရိုမဲရိုး

ဆာဂျီယို ရိုမဲရိုး က သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘ၀ နောက်ဆုံး နှစ်တွေမှာ အသင်းက သူ့ အပေါ် ဘယ်လိုမျိုး ဆက်ဆံ ခဲ့သလဲ ဆိုတာကို ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

ရိုမဲရိုး ဟာ ၂၀၁၅ ခုနှစ် နွေရာသီ တုန်းက ယူနိုက်တက် ကို အလွတ် နဲ့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး ၆ နှစ် အကြာ မှာတော့ နောက်ထပ် စွန့်စားခန်းတွေ ဖွင့်ဖို့ ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ရိုမဲရိုး ဟာ ယူနိုက်တက် ကစားသမား ဘ၀ အချိန် အတော် များများမှာ ဒေးဗစ် ဒီဂီယာ ရဲ့ အရန်လူ အဖြစ် နဲ့သာ အချိန်ကုန် ခဲ့ရပြီး ၆ နှစ် အတွင်းမှာ စုစုပေါင်း ၆၂ ပွဲသာ ယူနိုက်တက် ကို ကိုယ်စားပြုခွင့် ရခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ ရာသီ မှာတော့ ဒီဂီယာ အပြင် ရှက်ဖီးယူနိုက်တက် အငှားကနေ ပြန်ရောက်လာတဲ့ လူငယ် ဂိုးသမားလေး ဟန်ဒါဆင် တို့ ကို နေရာပေးခဲ့ရတာကြောင့် ရိုမဲရိုး အနေနဲ့ တပွဲမှာ ပါဝင် ကစားခွင့် မရခဲ့ ပါဘူး ။

ဒီလိုမျိုး အသင်းရဲ့ စီမံကိန်းထဲမှာ မပါဝင်တော့ တာကို သိရှိအပြီး မှာတော့ ရိုမဲရိုး ဟာ အသင်းသစ် ကို ပြောင်းရွှေ့ဖို့ ကြိုးစား ခဲ့ရ ပါတယ် ။

စပိန် ကလပ်တွေ ဖြစ်တဲ့ ဗလင်စီယာ နဲ့ ဂရန်နာဒါ ၊ စီးရီးအေ ကလပ်တွေ ဖြစ်ကြတဲ့ ရိုးမား နဲ့ စပီဇီယာ တို့ဟာ အာဂျင်တီးနား ဝါရင့် ဂိုးသမားကြီးကို ချိတ်ဆက် ခဲ့ကြပေမယ့် လုပ်ခလစာ အတွက် အဆင်မပြေ ဖြစ်ခဲ့ကြပါတယ် ။

ပရီးမီးယားလိဂ် ကလပ် အဲဗာတန် ဟာ ရိုမဲရိုး ကို ယူနိုက်တက် မှာ ရရှိ နေတဲ့ တပတ် လုပ်ခ ပေါင် ၁ သိန်း ၊ အငှား ပြောင်းရွှေ့ကြေး ပေါင် ၂ သန်း တို့နဲ့ ခေါ်ယူချင် ခဲ့ပေမယ့် ယူနိုက်တက် က စာချုပ် ၁ နှစ်သာ ကျန်တော့တဲ့ ရိုမဲရိုး အတွက် ပေါင် ၈ သန်း နဲ့ အပြီးဝယ်ယူဖို့ကိုသာ လိုလားခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ် သွားခဲ့ရ ပါတယ် ။

ဒီလို ပျက်ပြယ် အပြီးမှာတော့ ရိုမဲရိုး ဟာ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ မှာ မပါဝင် ရတော့ဘဲ သီးသန့်သာ လေ့ကျင့်ခွင့် ရရှိခဲ့ ပါတယ် ။

ဒီလိုမျိုး အသင်းရဲ့ လေးစားမှု မရှိတဲ့ ဆက်ဆံမှုတွေ ဟာ ရိုမဲရိုး နဲ့ သူ့ရဲ့ မိသားစုဝင်တွေကို စိတ်ပျက် စေခဲ့ပြီး ဂိုးသမားကြီးရဲ့ ဇနီးသည် ဟာ ဆိုရှယ်မီဒီယာ ထက်ကနေ ဝေဖန် ရေးသားတဲ့ အထိ ဖြစ်ခဲ့ရပါတယ် ။

အခုအချိန် မှာတော့ ရိုမဲရိုး ဟာ အီတလီ စီးရီးအေ တန်းတက် အသင်း ဗီနီဇီယာ ထံ ပြောင်းရွှေ့ သွားခဲ့ပါပြီ ။

ဆမ့်ဒိုးရီးယား နဲ့ စီးရီးအေ မှာ ကစားခဲ့ဖူးတဲ့ ရိုမဲရိုး အတွက်တော့ စီးရီးအေ ကို နောက်တကြိမ် ခြေချ ခွင့် ရခဲ့တာပါပဲ ။

“ပြီးခဲ့တဲ့ ရာသီဟာ ကျွန်တော့ အတွက် ထူးဆန်းတဲ့ နှစ်တနှစ် ဖြစ်ခဲ့ ပါတယ် ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် မှာ ကျွန်တော် လုပ်စရာ ရှိတာတွေကို အမြဲ လုပ်နေခဲ့ပါတယ် ။

တချို့ နေ့တွေ မှာ ဆိုရင် ကျွန်တော် ကိုယ့်ဘာသာ တယောက်တည်း လေ့ကျင့်ခဲ့ရ တာပါ ။

ဘာလို့လည်း ဆိုတော့ ကျန်တဲ့ အသင်းသားတွေက ပွဲအတွက် ပြင်ဆင် နေကြတာမို့လေ”

“ကျွန်တော့ အနေကတော့ ကျွန်တော် ဟာ အရင်တုန်းက ဆာဂျီယို ( ရိုမဲရိုး ) ဖြစ်နေတုန်းပဲလို့ ခံစား မိနေတုန်း ပါပဲ ။

အာဂျင်တီးနား မှာ ၊ နောက်တော့ မန်ချက်စတာ ယူနိုက်တက် မှာ ဂိုးဖမ်း ခဲ့တဲ့ သူ အဖြစ်မှာ ရှိနေပါသေးတယ် ။

ဗီနီဇီယာ မှာ လူငယ် ကစားသမားတွေ အများကြီး ရှိပါတယ် ၊ သူတို့ အကြားမှာ ကျွန်တော်တောင် ပြန်ငယ် သွားသလိုပါပဲ ။

ဒီ အသင်းဟာ စီးရီးအေမှာ တင်ကျန်ရစ်ဖို့ အရာအားလုံး ရှိတယ်လို့ ကျွန်တော် ထင်ပါတယ် ။

မိသားစု ဆန်တဲ့ အငွေ့အသက်တွေ ကို ဆမ့်ဒိုးရီးယား မှာ ကျွန်တော် ခံစားခဲ့ဖူး ပါတယ် ။

ဒီမှာ ( ဗီနီဇီယာ ) လည်း တူညီတဲ့ ပုံစံမျိုးကို ရနေပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေ ထဲက တသင်းပါ ။

ဒါပေမယ့် ဗီနီဇီယာ လည်း အတူတူပဲ ဖြစ်လိမ့်မယ်လို့ ခံစားမိပါတယ်” လို့ ရိုမဲရိုး က ပြောဆို သွားခဲ့ ပါတယ် ။

ဗီနီဇီယာ ဟာ စီးရီးအေ အမှတ်ပေး ဇယားရဲ့ အဆင့် ၁၇ နေရာမှာ ရပ်တည် နေပြီး တန်းမဆင်းရဖို့ အတွက် တိုက်ပွဲဝင် သွားရမှာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR