ဘောလုံး လောက ပြင်ပက ကန်တေရဲ့ နိုင်လိုစိတ် ပြင်းပြပုံ အကြောင်း အောက်မေ့ဖွယ် ဖွင့်ဟလာတဲ့ ဂျရူး

ချဲလ်ဆီး အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း က France Football မှ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ Ballon D’Or ဆု အတွက် ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံးရာသီ ချဲလ်ဆီးတို့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့ရာမှာ ကန်တေ ဟာ ကွာတားဖိုင်နယ်မှာ ဗိုလ်လုပွဲ အထိ Man of the Match ဆုကို ၄ကြိမ် ဆွတ်ခူးတဲ့ အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ ဒီအတွက်ကြောင့်လည်း ကန်တေ ဟာ ၂၀၂၁ ခုနှစ် အတွက် ဥရောပ အကောင်းဆုံး ကွင်းလယ်လူဆု ကို အငြင်းပွားဖွယ်မရှိ ဆွတ်ခူးခဲ့ပါတယ် ။

 

 

 

အသက် ၃၀ နှစ် အရွယ်ရှိ ကန်တေ ဟာ လက်စတာ ကနေ ချဲလ်ဆီးသို့ ၂၀၁၆ ခုနှစ်မှာ ပေါင်သန်း ၃၀နဲ့ ပြောင်းရွှေ့ ရောက်ရှိလာပြီးနောက် ၊ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ အက်ဖ်အေ အစရှိတဲ့ မေဂျာဖလား အစုံအလင် ဆွတ်ခူးနိုင်ခဲ့သလို ၊ နိုင်ငံ လက်ရွေးစင် အဆင့်မှာလည်း ပြင်သစ် အသင်းနဲ့ အတူ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။

ဘောလုံးမှာ Serial winner တဦး ဖြစ်တဲ့ ကန်တေ ဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာလည်း အမြဲ နိုင်လိုစိတ် ပြသတဲ့ အကြောင်း ၊ ဘောလုံးနဲ့ မသက်ဆိုင်တဲ့ အခြား အားကစားတွေမှာ ၊ ဂိမ်းတွေမှာလည်း အမြဲတမ်း အနိုင်ရချင်တဲ့ အကြောင်းကိုလည်း အသင်းဖော်တွေက မကြာခဏ အောက်မေ့ဖွယ် ပြောပြကြဖူးပါတယ် ။

 

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း အေစီမီလန် သို့ ပြောင်းရွှေ့သွားခဲ့တဲ့ ပြင်သစ် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး က ဘောလုံးမှာသာမက ၊ ပြင်ပ ပြိုင်ပွဲတွေ ဖြစ်တဲ့ စစ်တုရင် ထိုးတဲ့ နေရာ ၊ စာလုံးဆက်တဲ့ ဂိမ်းကစားတဲ့ နေရာတွေမှာ ကျွမ်းကျင်မှု ရှိပြီး ၊ ပြိုင်ဆိုင်လိုစိတ် ၊ နိုင်လိုစိတ် ပြင်းထန်ကြောင်း အခုလို တခုတ်တရ ဖွင့်ဟခဲ့ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ ဂျရူး က ” ကျွန်တော်တို့ဟာ အားတဲ့ အချိန် အချို့မှာ စစ်တုရင် ထိုးကြပါတယ် ။ ဒီနေရာမှာ အန်ဂိုလို က ကျွန်တော့ထက် ပိုတော်တယ် လို့ ပြောရပါမယ် ။ အချို့ ဂိမ်းတွေမှာ ကျွန်တော် သူ့ကို နိုင်ဖူးတာတွေ ရှိပါတယ် ။ အထူးသဖြင့် စာလုံးဆက်တဲ့ scrabble ဂိမ်းမျိုးမှာပေါ့ ။ ”

” အဲဒီဂိမ်းမှာ ကျွန်တော် သူ့ထက် ပိုကျွမ်းပါတယ် ။ အန်ဂိုလို ဟာ ပျော်ပျော်နေတတ်သူ ဖြစ်သလို ၊ နိုင်လိုစိတ် ပြင်းထန်တာကြောင့် ဒီလို ဂိမ်းမျိုးတွေမှာတောင် ရှုံးနိမ့်ရတာကို မုန်းတီးပါတယ် ။ တခါတလေမှာ ကျွန်တော့ကို အနိုင်ရဖို့ အတွက် သူ နည်းမျိုးစုံနဲ့ ကြိုးစားတတ်ပါတယ် ။ ဒါလေးက သူ့ရဲ့ ချစ်စရာကောင်းတဲ့ အချက်ပါပဲ ။ ”

” ဒါကြောင့်လည်း ကျွန်တော်တို့ဟာ လက်ရွေးစင် အသင်းမှာ သူ့နာမည်ကို သီချင်း လုပ်ဆိုတဲ့ နေရာမှာ ၊ အရှုံးကို သူ ဘယ်လို ရှောင်ကွင်းတတ်တယ် ဆိုတဲ့ အကြောင်းကို ထည့်သွင်း ဖန်တီးခဲ့တာပါ ။ သူဟာ ဘယ်တော့မှ အရှုံးမပေးတတ်ပါဘူး ။ တကယ့်ပွဲတွေမှာ သူဟာ အသင်း အတွက် အမြဲ ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်ပေးပါတယ် ။ ”

” ဒါဟာ ချဲလ်ဆီး အတွက်ရော ၊ ပြင်သစ် အသင်း အတွက်ပါ အရမ်း အရေးပါပါတယ် ။ ကွင်းပြင်ပမှာတော့ သူဟာ အရှုံးကို မုန်းတီးတတ်ပြီး ၊ တခါတလေမှာ ဒါက သူ့ကို အနည်းငယ် စိတ်ပျက် ဒေါသထွက်စေတတ်ပါတယ် ။ ကျွန်တော် ကတော့ သူ့ကို အနိုင်ရတဲ့ အခါတိုင်း စနောက်တာပေါ့ဗျာ ။ ”

” မနှစ်က သူဟာ ကြီးကျယ်တဲ့ ဘောလုံးရာသီ တခု ပိုင်ဆိုင်ခဲ့ပါတယ် ။ ချန်ပီယံလိဂ် အောင်မြင်မှု မှာ ကြီးမားတဲ့ အခန်းကဏ္ဍ ကနေ သူ ပါဝင်ပေးခဲ့ပါတယ် ။ ဒီတော့ သူဟာ အနည်းဆုံးတော့ Ballon D’Or ဆု အတွက် ဆန်ခါတင် စာရင်းမှာ ပါဝင်ဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ် ။ ”

” ဒီဆုကို ဆွတ်ခူးဖို့ အတွက်ကျတော့ နောက်ထပ် ကြီးကျယ်တဲ့ ကစားသမားတွေနဲ့ ပြိုင်ဆိုင်ရမှာပါ ။ ဒါပေမယ့် ဒီဆု အတွက် သူနဲ့ နီးစပ်မှု ရှိနေတယ် ဆိုတာကို ကျွန်တော် ဝမ်းသာသလို ၊ ဂုဏ်လည်း ယူပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR