ပုံမှန်ပွဲထွက်ခွင့်ရမှာ မဟုတ်ပေမယ့် လီဗာပူးကို ပိုမိုတောင့်တင်းသွားစေမယ့် ဘရာဇီးကြယ်ပွင့်ကို ပြောပြလိုက်တဲ့ ဂလင်းဂျွန်ဆင်

လီဗာပူး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က အကယ်၍ လိဒ်ယူနိုက်တက် စတား ရာဖင်ညာ အနေနဲ့ အန်ဖီးကို ပြောင်းရွေ့ လာခဲ့မယ် ဆိုရင် ယာဂန်ကလော့ရဲ့ အသင်း ကြုံတွေ့နေရတဲ့ ကာလရှည် ပြသနာကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ ဆက်လက်ပြီး ဂျွန်ဆင်က ရာဖင်ညာဟာ လီဗာပူးမှာ ပုံမှန် ပွဲထွက်ခွင့် ရမှာ မဟုတ်ပေမယ့် အဓိက ကစားသမားတွေ ဒဏ်ရာရ ပွဲပယ်ခံရတဲ့ အခါ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပြသနာ ရှိစေမှာ မဟုတ်တော့ဘူးလို့ သုံးသပ်သွားပါတယ်။

ရာဖင်ညာဟာ ပြင်သစ် ကလပ် ရင်းနက် ကနေ Ellan Road ကို ပြီးခဲ့တဲ့ ရာသီက ပြောင်းရွေ့လာခဲ့သူ ဖြစ်ပြီး လိဒ်ယူနိုက်တက် အတွက် တောက်လျှောက် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပါတယ်။ ဘရာဇီး လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီက the Whites တို့အတွက် ၃၈ ပွဲ ကစားခဲ့ကာ ၈ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်ထိ လုပ်ပေးခဲ့ကာ မာဆယ်လိုဘီယယ်ဆာရဲ့ အသင်းကို ပရီးမီးယားလိဂ်မှာ top 10 နဲ့ ရာသီသိမ်း နိုင်အောင် ကူညီပေးခဲ့ပါတယ်။

လီဗာပူးဟာ ရာဖင်ညာကို ခေါ်ယူဖို့ စိတ်၀င်စားနေတယ်လို့ သိရပြီး ဂျွန်ဆင် ကတော့ ဘရာဇီး စတားဟာ ကလော့ရဲ့ အသင်းမှာ ချက်ချင်း ပုံမှန် ပွဲထွက်ခွင့် ရမှာ မဟုတ်ပေမယ့် ၎င်းကို ထည့်သွင်း ကစားတဲ့ အခါ လီဗာပူးရဲ့ တိုက်စစ် အရည်အသွေး ကတော့ လျော့ကျသွားတော့မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

လီဗာပူး ညာနောက်ခံလူဟောင်းက လိဒ်စတားရဲ့ ကစားဟန်ဟာ လက်ရှိ လီဗာပူး အသင်းနဲ့ အံ၀င်ခွင်ကျ ဖြစ်နေတယ်လို့ ယူဆမိကြောင်း ဆိုလိုက်ပြီး မှန်ကန်သင့်တော်တဲ့ စျေးနှုန်းနဲ့သာ ရနိုင်မယ် ဆိုရင် ရာဖင်ညာဟာ လီဗာပူးရဲ့ အဓိက ပစ်မှတ်တွေထဲမှာ ပါ၀င်သင့်တယ်လို့ အကြံပေးသွား ပါတယ်။

ဂျွန်ဆင်က “ကျွန်တော် ရာဖင်ညာရဲ့ ကစားဟန်ကို နှစ်သက်ပါတယ်။ ကျွန်တော်သာ သူ့ရဲ့ အမာခံ ပရိတ်သတ် ဖြစ်ပါတယ်။ လိဒ်ရဲ့ ဘောလုံး ကစားဟန်ဟာ သူနဲ့ အံ၀င်ခွင်ကျ ဖြစ်ပါတယ်။ သူဟာ အဟန့်အတား အားလုံးကို ကျော်ဖြတ်ဖို့ အတွက် အမြဲ အသင့် ဖြစ်နေသူ ဖြစ်ကာ သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကလည်း တကယ့်ကို ကောင်းမွန်ပါတယ်။

အကယ်၍ သူသာ အန်ဖီးကို ရောက်ရှိ လာခဲ့မယ် ဆိုရင် လီဗာပူးရဲ့ ပွဲထွက် ကစားသမား ၁၁ ယောက်မှာ ချက်ချင်းကြီးတော့ ပါ၀င်နိုင်အုံးမယ်လို့ ကျွန်တော် မထင်မိပါဘူး။ ဒါပေမယ့် သူဟာ လီဗာပူး အတွက် တကယ့်ကို အသုံးတည့်မယ် ကစားသမားတွေ ထဲက တစ်ဦး ဖြစ်လာမှာတော့ အသေအချာ ဖြစ်ပြီး သူတို့ရဲ့ လူစာရင်းကို သေချာပေါက် တောင့်တင်း သွားစေမှာပါ။

သူဟာ လီဗာပူးရဲ့ ကစားဟန်နဲ့ အံကိုက်မယ့် ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ဖြစ်ပါတယ်။ အကယ်၍ သူ့ရဲ့ ပြောင်းရွေ့ကြေးဟာ မှန်ကန် သင့်တော်တဲ့ စျေးနှုန်း ဖြစ်နေတယ် ဆိုရင် ရာဖင်ညာဟာ လီဗာပူးရဲ့ ပစ်မှတ် ကစားသမားတွေမှာ ထိပ်ဆုံး နေရာမှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဒီရာသီမှာ လိဒ်ယူနိုက်တက်တို့ ရလဒ်တွေ မကောင်း ဖြစ်နေပေမယ့်လည်း ရာဖင်ညာ ကတော့ ပုံစံကောင်းကို ဆက်လက် ထိန်းထားနိုင်ဆဲ ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၇ အပြီးမှာ သွင်းဂိုး ၃ ဂိုး ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။

SM