ဒီယေဂို ကော်စတာနဲ့ တူတဲ့ ချဲလ်ဆီး ကြယ်ပွင့်ကို အသင်းမပြောင်းဖို့ တိုက်တွန်းလိုက်တဲ့ ဖရန့် လီဘို့ဖ်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အဓိက ခေါ်ယူမှု အနည်းငယ်သာ လုပ်ခဲ့ပြီး ၊ အခုအခါမှာလည်း အဓိက အသင်းသား အချို့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အာရုံစိုက်နေပါတယ် ။ အထူးသဖြင့် အားထားရတဲ့ ခံစစ်မှူး ၃ဦးကို နှစ်ရှည် စာချုပ် အသီးသီးနဲ့ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ လိုလားနေပါတယ် ။

ယင်း ၃ဦးမှာ ဂျာမန် လက်ရွေးစင် ခံစစ်မှူး အန်တိုနီယို ရူဒီဂါလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ရူဒီဂါ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက် အတွင်းမှာ တခြား ကလပ် တသင်းသင်းဆီ ရောက်သွားပြီလို့ ထင်ရလောက်တဲ့ အထိ ၊ အနာဂတ် မရေရာမှုတွေနဲ့ ကြုံခဲ့ရပါသေးတယ် ။

သို့ပေမယ့် သောမတ်စ် တူချယ် ရောက်ရှိလာအပြီးမှာ ၊ ရူဒီဂါ ဟာ ကမ္ဘာ့ အကောင်းဆုံး ခံစစ်မှူး တဦး အသွင် ပြောင်းလဲခဲ့ပြီး ၊ လက်ရှိ ချဲလ်ဆီး အသင်းမှာ ပွဲထွက်စာရင်းက ဖယ်ရှားလို့ မရနိုင်တဲ့ အမာခံ ကစားသမား တဦး ဖြစ်လာခဲ့ပါတယ် ။

တဖက်မှာ ယခုနှစ် ဘောလုံး ရာသီ အကုန်မှာ စာချုပ် သက်တမ်း ပြည့်မြောက်တော့မှာ ဖြစ်တဲ့ ရူဒီဂါ ဟာ ဥရောပ အင်အားကြီး ကလပ် အချို့ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် ၊ ပီအက်စ်ဂျီ အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာကြောင့် စာချုပ်သစ် အတွက် အတော်လေး အချိန်ယူ စဉ်းစားနေပါတယ် ။

 

ချဲလ်ဆီးဖက်ကတော့ ရူဒီဂါ အတွက် တပတ်လုပ်ခ ကို ပေါင် ၁၆၀၀၀၀ အထိသာ ကမ်းလှမ်းလိုပြီး ၊ ကစားသမားဖက်ကတော့ ပေါင် ၂သိန်း အထိ အလိုရှိနေခြင်းကလည်း စာချုပ်သစ် ဆွေးနွေးမှု အောင်မြင်ဖို့ကို ပိုမို နှောင့်နှေးစေပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ် ကတော့ ရူဒီဂါကို အသင်းမပြောင်းစေလိုပဲ ၊ ၄င်း ဟာ ဒီယေဂို ကော်စတာ လို ပြိုင်ဖက် အသင်းတွေက မုန်းတီး ရွံရှာလောက်တဲ့ အထိ ကိုယ့်အသင်း အတွက် ပေးဆပ် ကစားတတ်သူ ဖြစ်ကြောင်း ချီးကျူး ပြောဆိုခဲ့ပါတယ် ။

Ladbrokes နဲ့ တွေ့ဆုံခဲ့ရာမှာ လီဘို့ဖ် က ” ကျွန်တော် ဟာ ရူဒီဂါ ကို အတော်လေး နှစ်သက်မိပါတယ် ။ ပြီးခဲ့တဲ့ ရာသီ ပထမ တပိုင်းမှာတုန်းက သူဟာ ပုံမှန် ကစားခဲ့ရတဲ့ အတွက် ဒါက ကျွန်တော့ကို အံ့အားသင့်စေခဲ့ပါတယ် ။ အဲဒီမှာ တူချယ် က သူ့အပေါ် ယုံကြည်မှု အပြည့်အဝ ပေးခဲ့ပြီး ၊ ပွဲထွက်စာရင်းမှာ ပြန်သုံးခဲ့ပါတယ် ။ ”

” ဒီမတိုင်ခင်ကတော့ ကတ်ဇူးမား က ရူဒီဂါ ကစားတဲ့ နေရာမှာ ရှိနေခဲ့တာပေါ့ ။ ဒါဟာ အစစ အရာရာ အဆင်ပြေနေခဲ့တုန်းကပါ ။ ဒါပေမယ့် တူချယ် ဟာ ဇူးမားကို ဖြုတ်ပြီး ၊ ရူဒီဂါ ကို အစားထိုး သုံးခဲ့ပါတယ် ။ အဲဒီကနေ စပြီး သူဟာ လုံးဝ ပြောင်းလဲသွားတဲ့ ခံစစ်မှူး တယောက် ဖြစ်လာပါတယ် ။ ”

” လွန်ခဲ့တဲ့ ၂နှစ်လောက်တုန်းက သူ ကစားတာကို ကြည့်ပြီး ၊ ကျွန်တော် ဟာ သူ ချဲလ်ဆီးမှာ ဆက်ကစားဖို့ မထိုက်တန်တော့ဘူး လို့ ပြောကောင်းပြောမိမှာ ဖြစ်ပေမယ့် ၊ အခု ကြည့်လိုက်ပါ ။ သူဟာ ချဲလ်ဆီးရဲ့ အဓိက ကစားသမား ဖြစ်လာသလို ၊ ပြိုင်ဖက်တိုင်းက သူ့ကို မုန်းတီးနေကြပါပြီ ။ ”

” သူဟာ ဒီယေဂို ကော်စတာ နဲ့ အနည်းငယ် ဆင်တူပါတယ် ။ ကမ္ဘာလုံး က သူ့ကို မုန်းတီးကြပေမယ့် ၊ ချဲလ်ဆီး ပရိသတ်တွေ အတွက်တော့ အချစ်တော် ကစားသမား ဖြစ်ပါတယ် ။ အခု ရူဒီဂါ လည်း ဒီအတိုင်းပါပဲ ။ သူဟာ အခြား အသင်းတွေ အတွက် ရွံမုန်းစရာ ကောင်းတဲ့ ကစားသမား ဖြစ်နိုင်ပေမယ့် ၊ သူ ကစားပေးတဲ့ ကလပ် အတွက်တော့ ခင်ဗျား ဒါကို သဘောကျတယ်လို့ ပြောရမှာ ဖြစ်ပါတယ် ။ ”

” သူဟာ အခုအချိန် အထိ ချဲလ်ဆီး အတွက် အကောင်းဆုံး ကစားပေးထားပြီး ၊ ဒီနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ် သက်တမ်း ပြည့်မြောက်မှာ ဖြစ်ပေမယ့် ၊ ကျွန်တော် ကတော့ သူ့ကို အသင်းက ထွက်ခွာတာမျိုး မမြင်ချင်သေးပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR