တွဲဖက်ကစားဖူးသမျှသူတွေထဲမှာ အာဆင်နယ် အသင်းဖော်ဟောင်းဟာ အကောင်းဆုံးလို့ ချီးကျူးလိုက်တဲ့ မိတ်လန်နိုင်းလ်စ်

အိမ်းစလေ မိတ်လန်နိုင်းလ်စ် က အာဆင်နယ် အသင်းဖော်ဟောင်း မီဆွတ် အိုဇေးလ် ဟာ သူအခုအချိန်အထိ တွဲဖက် ကစားဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ဂျာမနီ လက်ရွေးစင်ဟောင်း အိုဇေးလ် ဟာ အာဆင်နယ် အသင်းမှာ ၈ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲပေါင်း ၁၈၄ ပွဲ ကစားကာ သွင်းဂိုး ၃၃ ဂိုး ၊ ဂိုးဖန်တီးမှု ၅၄ ကြိမ် အထိ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ် ။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အိုဇေးလ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အာဆင်နယ် အသင်းနဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းပြီး တူရကီ ကလပ် ဖီနာဘာချီ အသင်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းရဲ့ Hale End အကယ်ဒမီထွက်နိုင်းလ်စ် ဟာ အိုဇေးလ် အမ်းမရိတ်မှာ ကစားစဉ်တုန်းက အသင်းဖော် ဖြစ်ခဲ့ဖူးသူပါ။ နိုင်းလ်စ် က အိုဇေးလ် ရဲ့ အရည်အသွေးဟာ တခြားသူတွေ နဲ့ မတူဘဲ သူ့အတွက် အကောင်းဆုံး အသင်းဖော် ဖြစ်တယ်လို့ Arsenal twitch နဲ့ အ​မေးအဖြေ အစီအစဉ်မှာ ပြောကြား သွားခဲ့ပါတယ် ။

” အတူ ကစားခဲ့ဖူးတဲ့သူတွေထဲမှာ အကောင်းဆုံး ကစားသမားလား ၊ သေချာပေါက် အိုဇေးလ် ပေါ့ဗျာ ၊ သူက ဘောလုံးကို အချိန်ကိုက် တွက်ချက်ပြီး ကစားတတ်တဲ့ ကစားသမား တစ်ဦးပါ ။ “

” သူ လုပ်သမျှ အရာတိုင်းက ရည်ရွယ်ချက် ရှိရှိနဲ့ပါပဲ ၊ ခင်ဗျားသာ သူနဲ့ တစ်သင်းတည်း ကစားနေတာ မဟုတ်ရင် သူ့အနားတောင် ကပ်နိုင်မှာ မဟုတ်ပါဘူး ၊ သူ့လို slow motion နဲ့ ကစားတဲ့ သူမျိုး တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး ၊ ဒါပေမယ့် သူ့ရဲ့ အချိန်ကိုက် ဘောလုံးလက်ခံ ရယူ ပေးပို့နိုင်မှုက မယုံနိုင်လောက်အောင်ကို ကောင်းတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

အိုဇေးလ် ဟာ ၂၀၁၄ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ် အတွင်းမှာ အာဆင်နယ် အသင်း နဲ့ အတူ အက်ဖ်အေ ဖလား ၃ ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။ မီဆွတ် အိုဇေးလ် ဟာ သူ့ရဲ့ ဖီနာဘာချီ ကစားသမားဘဝ ပထမဆုံး ရာသီဝက်မှာလည်း ၁၁ ပွဲ ကစားပေးခဲ့ပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။

ဒီရာသီမှာလည်း အိုဇေးလ် ဟာ ဖီနာဘာချီ အတွက် လိဂ် ၆ ပွဲ ကစား ၂ ဂိုးသွင်း ၁ ဂိုးဖန်တီး ပေးထားပါတယ် ။

SM