ချဲလ်ဆီး ခံစစ်မှူး ဟာ သူ့အတွက် ကမ္ဘာ့ အကောင်းဆုံး စာရင်းဝင် ဖြစ်ကြောင်း ချီးကျူးလိုက်တဲ့ ဘရန်းဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်

လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၈ရဲ့ အနောက် လန်ဒန်ဒါဘီ ပွဲအဖြစ် ဘရန်းဖို့ဒ် အသင်းနဲ့ ချဲလ်ဆီး အသင်းတို့ ထိပ်တိုက် ရင်ဆိုင်ကြဖို့ ရှိနေပါတယ် ။ သမိုင်းမှာ ပထမဆုံး ပရီးမီးယားလိဂ် တန်းတက်ခွင့် ကို စတင် ပိုင်ဆိုင်ခဲ့ပေမယ့် ၊ ဒီၤရာသီ တန်းတက် အသင်းတွေထဲမှာ ဘရန်းဖို့ဒ် က စွမ်းဆောင်ရည် အမြင့်မားဆုံး ဖြစ်နေပါတယ် ။

လီဗာပူးလို ပရီးမီးယားလိဂ် ချန်ပီယံလောင်း အသင်းကို အိမ်ကွင်းမှာ အနောက်ကနေ လိုက်ကစားခဲ့ရပြီး ၊ တဖက် ၃ဂိုးစီ သရေ ခံကန်နိုင်ခဲ့တာ ဟာ ဘရန်းဖို့ဒ်ရဲ့ ဒီရာသီ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ပါတယ် ။ ဒါ့အပြင် ၎င်းတို့ဟာ အခြား လန်ဒန်ဒါဘီ ပြိုင်ဖက် အသင်းတွေ ဖြစ်တဲ့ အာဆင်နယ် ၊ ဝက်စ်ဟမ်း တို့ကိုလည်း အနိုင်ကစားထားပါသေးတယ် ။

 

အောက်တိုဘာလ အတွင်းမှာ ပွဲချောင်နေတယ်လို့ ယူဆရပေမယ့် ၊ international break ပြီးတိုင်းမှာ ကစားပုံ သွက်လက်မှု အခက်အခဲ ရှိတတ်တဲ့ ချဲလ်ဆီး အဖို့ ဒီပွဲဟာ လွယ်သယောင် ထင်ရပေမယ့် ၊ လျှော့တွက်ရင် ၎င်းတို့ အတွက် အဖိုးတန် ရမှတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ် ။

ဒါ့အပြင် ဘရန်းဖို့ဒ် ဟာ ချဲလ်ဆီးရဲ့ အဓိက လန်ဒန်ဒါဘီ ပြိုင်ဖက် ဖြစ်တာကြောင့် ၊ အခြား လန်ဒန်ဒါဘီ တွေထက် ပြိုင်ဖက်ဆီက ပိုပြင်းထန်တဲ့ ကစားပုံကို မျှော့်လင့်ထားရမှာ ဖြစ်ပါတယ် ။ တဖက်မှာ ချဲလ်ဆီး အသင်း ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ open play ကနေ ပေးဂိုး ခွင့်ပြုထားရခြင်း မရှိသေးပါဘူး ။

လက်ရှိမှာလည်း ချဲလ်ဆီး ဟာ ပရီးမီးယားလိဂ် ရဲ့ ခံစစ် အကောင်းဆုံး အသင်း မန်စီးတီး အသင်းနဲ့ ပူးတွဲ ရပ်တည်နေပြီး ၊ ၎င်းတို့ရဲ့ ၃ယောက်တွဲ ခံစစ် ကို တော်ရုံ အသင်းတွေ ဘာမှ ထူးထူးခြားခြား မနှောင့်ယှက်နိုင်ခဲ့ပါဘူး ။ ဒီ ခံစစ်ကြောင်းမှာ ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး အန်ဒရီယာစ် ခရစ်တန်ဆန် လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

ခရစ်တန်ဆန် ဟာ ဒီရာသီ ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် ၅ပွဲ ကစားထားပေးပြီး ၊ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ဆက်လက် ပြသထားသလို ၊ ကမ္ဘာ့ဖလား အုပ်စုတွင်း ခြေစစ်ပွဲ တလျှောက် ပေးဂိုး မရှိထားတဲ့ ဒိန်းမတ် လက်ရွေးစင် အသင်းမှာလည်း အမာခံ ခံစစ်မှူး တဦး အဖြစ် ရပ်တည်လျက် ရှိပါတယ် ။

အသင်းဖော် အန်တိုနီယို ရူဒီဂါလောက် ချီးကျူးမှုတွေ မခံရပေမယ့် ၊ ခရစ်တန်ဆန် ဟာ ချဲလ်ဆီးနဲ့ ဒိန်းမတ် အတွက် အားထားရတဲ့ underrated ခံစစ်မှူး တဦး ဆိုတာ ငြင်းစရာ မရှိနေပါဘူး ။ ခရစ်တန်ဆန် နဲ့ တနိုင်ငံတည်းသား ဖြစ်တဲ့ ဘရန်းဖို့ဒ် နည်းပြ သောမတ်စ် ဖရန့် ကတော့ ချဲလ်ဆီးနဲ့ မရင်ဆိုင်မီ ခရစ်တန်ဆန် ဟာ ကမ္ဘာ့ အကောင်းဆုံး စာရင်းဝင် ခံစစ်မှူး တဦး ဖြစ်ကြောင်း အခုလိုပဲ ထုတ်ဖော် ချီးကျူးခဲ့ပါတယ် ။

ဒိန်းမတ် အခြေစိုက် သတင်းဌာန Bold နဲ့ တွေ့ဆုံခဲ့ရာမှာ သောမတ်စ် ဖရန့် က ” လောလောဆယ် မှာ အန်ဒရီယာစ် ခရစ်တန်ဆန် ဟာ ကမ္ဘာ့ အကောင်းဆုံး ခံစစ်မှူး တဦး ဖြစ်ပါတယ် ။ သူဟာ ကွင်းတွင်းမှာ ပါးနပ်တဲ့ ခံစစ် စွမ်းဆောင်ရည်မျိုး အမြဲတမ်း ပြသထားပါတယ် ။ ”

” ဒါ့အပြင် သူဟာ တိုက်စစ် အသားပေး ၊ ခံစစ် အသားပေး စနစ်တွေမှာ လိုသလို ဘောလုံး တားယူမှု ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမှုတွေ လုပ်နိုင်ပါတယ် ။ နည်းစနစ် ရှုထောင့်မှာလည်း သူဟာ ခံစစ်မှူး တယောက် အနေနဲ့ တိုက်စစ်ကို တိကျတဲ့ ပံ့ပိုးမှုတွေနဲ့ မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်ပေးနိုင်ပါတယ် ။

” ဖြစ်လာမယ့် အန္တရာယ် ကို အနီးကပ် ကြိုမြင်တတ်သလို ၊ လျင်မြန်မှုလည်း ရှိပါတယ် ။ ဒီတော့ သူဟာ ပြီးပြည့်စုံလုနီးပါး နောက်ခံလူ တဦး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ထွက်လာတဲ့ သတင်းတွေ အရ ခရစ်တန်ဆန် ဟာ ချဲလ်ဆီး အသင်းနဲ့ နှစ်ရှည် စာချုပ်သစ် တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရထားပြီးပြီလို့လည်း သိထားရပါတယ် ။

SPORTS MYANMAR