ချဲလ်ဆီး ကြယ်ပွင့် ဟာ လူကာ မိုဒရစ် ပြီးနောက် ၊ Ballon D’Or ဆု ဆွတ်ခူးနိုင်တဲ့ ကွင်းလယ်လူ ဖြစ်လာနိုင်ကြောင်း သုံးသပ်လိုက်တဲ့ ဒန်နီ မာဖီ

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက France Football မှ ထုတ်ပြန် ကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ Ballon D’Or ဆု အတွက် ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းမှာ ဥရောပ ချန်ပီယံ ချဲလ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းနဲ့ အတူ ကစားသမား ၅ယောက်နဲ့ အရေအတွက် အများဆုံး ပါဝင်ခဲ့ပါတယ် ။

ဒီဆု အတွက် ချဲလ်ဆီး အသင်းမှ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ၊ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့်နဲ့ စပိန် လက်ရွေးစင် ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ တို့လည်း ဆန်ခါတင် ပါဝင်နေပေမယ့် ၊ အဓိက ကွင်းလယ်လူ ၂ဦး ဖြစ်တဲ့ ဂျော်ဂျင်ဟို နဲ့ ကန်တေ တို့သာ ရေပန်းစားနေတာ ဖြစ်ပါတယ် ။

ဂျော်ဂျင်ဟို ဟာ ဒီဆုကို ရရှိဖို့ ပီအက်စ်ဂျီ အသင်းရဲ့ စူပါစတား လီယွန်နယ် မက်ဆီ ၊ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ပိုလန် ဝါရင့် ဂိုးသွင်းစက် ရောဘတ် လီဝမ်ဒေါစကီး တို့နဲ့ အပြိုင် ရေပန်းစားလျက် ရှိနေတဲ့ အပြင် ၊ ၄င်းဟာ ၂၀၂၁ ခုနှစ်ရဲ့ UEFA ဥရောပ အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးထားသူ ဖြစ်ပါတယ် ။

ဥရောပ အကောင်းဆုံး ကစားသမား ဆုမှာတော့ တဦးချင်း စွမ်းဆောင်ရည်ထက် ၊ အသင်းလိုက် အောင်မြင်မှုကို ပိုမို အလေးထားတဲ့ သဘော ရှိခဲ့တာကြောင့် ၊ ဂိုးတွေ အပြိုင် သွင်းထားကြတဲ့ မက်ဆီ ၊ လီဝမ်ဒေါစကီး တို့ကို ကျော်ဖြတ်ပြီး ဂျော်ဂျင်ဟို ဟာ ထိုဆုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်း နဲ့ အတူ ချန်ပီယံလိဂ် ဖလား ၊ ဥရောပ စူပါဖလား ဆွတ်ခူးထားပြီး ၊ အီတလီ လက်ရွေးစင် အသင်းနဲ့ အတူ ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဂျော်ဂျင်ဟို ဟာ တဦးချင်း စွမ်းဆောင်ရည် ကို ပိုပြီး အလေးထားတတ်တဲ့ Ballon D’Or ဆု ရွေးချယ်မှုမှာ ချန်လှပ်လို့ မရတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ် ။

နောက်ဆုံး ၁၀စုနှစ် အတွင်းမှာ လီယွန်နယ် မက်ဆီနဲ့ ခရစ်တီယာနို ရော်နယ်ဒို တို့ကသာ ဒီဆု ကို လွှမ်းမိုးထားကြတာ မှန်ပေမယ့် ၊ ၂၀၁၈ ခုနှစ်မှာတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ခရိုအေးရှား လက်ရွေးစင် ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ် က ကြားဖြတ်ကာ အံ့အားသင့်ဖွယ် ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီ မာဖီ ကတော့ ချဲလ်ဆီး အသင်းရဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ မိုဒရစ်လိုပဲ ဒီနှစ် အတွက် Ballon D’Or ဆုကို ဆွတ်ခူးနိုင်ကြောင်း Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပဲ သုံးသပ် ပြောဆိုခဲ့ပါတယ် ။

ဒန်နီ မာဖီ က ” ကွင်းလယ်လူတွေထဲက ဒီဆုကို ဆွတ်ခူးတာ အရမ်း ရှားပါးပါတယ် ။ အရေအတွက် ဘယ်လောက်ထိ ဒီဆုကို ရခဲ့ဖူးတယ် ဆိုတာကိုတော့ ကျွန်တော် အတိအကျ မသိပေမယ့် ၊ ကွင်းလယ်လူတွေဟာ တိုက်စစ်မှူးတွေထက် Ballon D’Or ဆုကို ပိုပြီး စိန်ခေါ်နိုင်ပါ့မလား ။ ဘာလို့လဲ ဆိုတော့ သွင်းဂိုးတွေဆိုတာ လူတွေ ပိုမှတ်မိလွယ်တဲ့ အရာ ဖြစ်ပြီး ၊ ဂိုးသွင်းတယ် ဆိုတာဟာလည်း အခက်ခဲဆုံး အလုပ်တွေထဲက တခု ဖြစ်လို့ပါပဲ ။ ”

” လူကာ မိုဒရစ် ဟာ ဒီဆု ကို အချိန် အတော်ကြာမှာ ဆွတ်ခူးခဲ့တဲ့ ကွင်းလယ်လူ တဦး ဖြစ်ပါတယ် ။ ဒါဟာလည်း နိုင်ငံ အသင်းနဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့တာကြောင့်လို့ ထင်ပါတယ် ။ ကွင်းလယ်လူ တယောက် အနေနဲ့ Ballon D’Or ဆု ဆွတ်ခူးဖို့ ဆိုတာ ပုံမှန် အရာ တခုတော့ မဟုတ်ပါဘူး ။ ”

” အခုတကြိမ်မှာလည်း ဂျော်ဂျင်ဟို ။ သူဟာလည်း အီတလီနဲ့ အတူ ယူရို ချန်ပီယံ ဖြစ်ခဲ့လို့သာ ဒီဆုကို ဆွတ်ခူးနိုင်ခြေ ရှိမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ အသက် ၂၉ နှစ် အရွယ်ရှိ ဂျော်ဂျင်ဟို ဟာ ပြီးခဲ့တဲ့ ဥရောပ နေရှင်လိဂ်မှာ အီတလီ အသင်းနဲ့ အတူ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပေမယ့် ၊ တတိယဆုကိုတော့ ရရှိခဲ့ပါတယ် ။

SPORTS MYANMAR