ခေတ်သစ်တစ်ခု တည်ထောင်တော့မယ် နယူးကာဆယ် အတွက် အသင့်တော်ဆုံး မန်နေဂျာကို ပြောပြလိုက်တဲ့ ဒန်နီမေးလ်

မန်ချက်စတာစီးတီး နောက်ခံလူဟောင်း ဒန်နီမေးလ်က နယူးကာဆယ် အသင်း အနေနဲ့ လက်ရှိ နည်းပြ စတိဘရုရဲ့ နေရာမှာ ချဲလ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ဖြစ်သူ ဂျိုဆေးမော်ရင်ညိုနဲ့ အစားထိုး သွားရန် တိုက်တွန်း သွားခဲ့ပါတယ်။ နယူးကာဆယ်ကို ပြီးခဲ့တဲ့ တစ်ပတ်က ဆော်ဒီကျောထောက်နောက်ခံ Public Investment Fund က အပြီးသတ် ဝယ်ယူခဲ့ပြီး လက်ရှိမှာ the Magpies တို့ဟာ ကမ္ဘာ့အချမ်းသာဆုံး ကလပ် ဖြစ်လာခဲ့ပါတယ်။

 

ပိုင်ရှင်သစ်တွေဟာ နယူးကာဆယ်ကို လာမည့် ၅ နှစ်မှ ၁၀ နှစ် အတွင်း တန်းဆင်းဇုန် တိုက်ပွဲဝင်နေရတဲ့ အသင်း အဖြစ်ကနေ ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်း ပြောင်းလဲသွားမယ်လို့ ကတိပေးထားပါတယ်။ နယူးကာဆယ် ပိုင်ရှင်သစ်တွေ အတွက် ပထမဦးဆုံး လုပ်ဆောင်သွားရမယ့် အရာတွေထဲက တစ်ခု ကတော့ စတိဘရုရဲ့ နေရာမှာ ထိပ်တန်း နည်းပြတစ်ဦးနဲ့ အစားထိုး သွားဖို့ပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အဆိုပါ ရာထူးအတွက် ဘရန်ဒန်ရော်ဂျာက ရေပန်းအစားဆုံး ဖြစ်နေပေမယ့်လည်း လက်စတာ နည်းပြက အဆိုပါ ရာထူးကို ရယူသွားဖို့ စိတ်ဝင်စားခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် နောက်ခံလူဟောင်း ဒန်နီမေးလ်က လက်ရှိမှာ ရိုးမားအသင်းရဲ့ နည်းပြ အဖြစ် လုပ်ကိုင်နေတဲ့ မော်ရင်ညိုဟာ နယူးကာဆယ် နည်းပြရာထူး အတွက် အသင့်တော်ဆုံး ဖြစ်တယ်လို့ ဆိုလိုက်ပြီး ပိုင်ရှင်တွေ အနေနဲ့ ၎င်းကို ခေါ်ယူနိုင်ဖို့ အတွက် ဆိုရင် အပြောင်းအရွေ့ ဈေးကွက်မှာ ငွေကြေးထောက်ပံ့မှု ကောင်းစွာ ပြုလုပ်ပေးဖို့တော့ လိုအပ်လိမ့်မယ်လို့ သုံးသပ်သွားပါတယ်။

မေးလ်က “အသင်းတစ်သင်းကို ငွေကြေးများစွာ သုံးစွဲပြီး တည်ဆောက်ကာ အောင်မြင်မှုတွေ ရယူချင်တယ် ဆိုရင် ကျွန်တော် ကတော့ မော်ရင်ညို ကိုပဲ ခေါ်ယူသွားမှာပါ။ အကယ်၍ ဂျိုဆေးကို လုံလောက်တဲ့ ငွေကြေး ထောက်ပံ့ကာ သူ အလိုရှိတဲ့ အတိုင်း လုပ်ခွင့်ပြုခဲ့မယ် ဆိုရင် သူဟာ အခြားသူတွေထက် ပိုမို လျှင်မြန်တဲ့ အောင်မြင်မှုကို ရယူပေးနိုင် ပါလိမ့်မယ်။

နယူးကာဆယ် အနေနဲ့ ထိပ်တန်း အဆင့်ကို ရောက်ဖို့ အတွက် ဖြည်းဖြည်းချင်း သွားရမှာ ဖြစ်ပြီး ဒီရာသီမှာ တန်းမဆင်းရဖို့က အဓိက ဖြစ်ပါတယ်။ လာမည့်ရာသီမှာ top 10 ဝင်အောင် လုပ်သွားပြီး နောက်ထပ် ရာသီမှာ top 6 ဝင်အောင် ရည်မှန်းချက် ထားသွားရမှာပါ။ ဒါပေမယ့် တန်းမဆင်းရဖို့ အတွက် ရုန်းကန်နေရတဲ့ အသင်း အဖြစ်ကနေ အဆင့်ကျော်ကာ top 4 ကို ပစ်မှတ်ထားချင်တယ် ဆိုရင်တော့ ဒီနေရာမှာ မော်ရင်ညိုလောက် ကောင်းတဲ့ မန်နေဂျာ ဘယ်မှာမှ ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။

သူ လိုချင်တဲ့ ကစားသမားကို ခေါ်ယူပေးဖို့ အတွက် ခင်ဗျား အနေနဲ့ ငွေကြေး များစွာ သုံးစွဲသွားဖို့ လိုပါတယ်။ ဒါပေမယ့် သူဟာ နယူးကာဆယ်ကို ထိပ်တန်း အဆင့် လျှင်မြန်စွာ ရောက်အောင် လုပ်ပေးနိုင်တဲ့ မန်နေဂျာ အနည်းငယ်ထဲက တစ်ဦး ဖြစ်ပါတယ်။ သူဟာ အောင်မြင်တဲ့ အသင်းတစ်သင်းကို တည်ဆောက်နိုင်စွမ်း ရှိပါတယ်။ သူ့ကို လာမည့် ဇန်နဝါရီကနေ စပြီး ခွင့်ပြုသွားရမှာပါ။ ကစားဟန်က ဆွဲဆောင်မှု ရှိမှာ မဟုတ်ပေမယ့် သူဟာ နိုင်ပွဲတွေတော့ ရယူပေးမယ် ဆိုတာ သေချာပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်ကာလအတွင်းမှာ စတိဘရုကို ရာထူးကနေ ထုတ်ပယ်လိမ့်မယ်လို့ အားလုံး ထင်ထားခဲ့ကြပေမယ့်လည်း လက်ရှိ အခြေအနေ အရ ၎င်းဟာ လာမည့် တနင်္ဂနွေနေ့ တော့တင်ဟမ်နဲ့ ကစားသွားရမယ့် အိမ်ကွင်းပွဲစဉ်ကို ကိုင်တွယ်သွားဖို့ ရှိနေပြီး ဒါဟာ ဘရုရဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။

SM