အာဆင်နယ် ကစားသမားဟောင်းဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ ချီးကျူးလိုက်တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီ ဟာ အာဂျင်တီးနား အသင်းက ဥရုဂွေး အသင်းကို ၃ ဂိုးပြတ် အနိုင် ရတဲ့ ပွဲအပြီးမှာ အက်စတွန်ဗီလာ ဂိုးသမား မာတီနက်ဇ် ဟာ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား တစ်ဦးဖြစ်တယ်လို့ ချီးကျူး သွားခဲ့ပါတယ် ။

အာဆင်နယ် ဂိုးသမားဟောင်း မာတီနက်ဇ် ဟာ ဥရုဂွေး နဲ့ ပွဲ ပထမပိုင်းမှာ ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု ၂ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ အာဂျင်တီးနား အသင်းဟာ မက်ဆီ ၊ ဒီပေါလ် ၊ လော်တာရို မာတီနက်ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ် ။

မာတီနက်ဇ် ဟာ အာဆင်နယ် ကနေ အက်စတွန်ဗီလာ အသင်းကို ပြောင်းရွှေ့ပြီးကတည်းက တစ်စတစ်စ ပိုကောင်းလာတဲ့ ဂိုးသမားတစ်ဦးပါ ။အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာတီနက်ဇ် ဟာ အာဆင်နယ် အသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီး အသင်းခြောက်သင်းထံ အငှားထွက် ကစားခဲ့ရပါတယ် ။

မာတီနက်ဇ် ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီကုန်ခါနီးမှာ လီနို ဒဏ်ရာ ရရှိသွားတဲ့ အချိန် အာဆင်နယ် အတွက် ပွဲထွက် ကစားခွင့် ရလာခဲ့ပြီး သူ့ရဲ့ ၁၀ နှစ်ကြာ မက်ခဲ့ရတဲ့ အိပ်မက်ကို အက်ဖ်အေဖလား ကိုင်မြှောက်ပြီး လက်တွေ့ အကောင်အထည် ဖော်နိုင် ခဲ့ပါတယ် ။

မာတီနက်ဇ် ဟာ အာဆင်နယ် အသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီးနောက် သူ့ရဲ့ ကစားသမား ဘ​ဝ ရှေ့ရေးအတွက် ပွဲထွက်ခွင့် အာမခံချက် ပေးနိုင်မယ့် အက်စတွန်ဗီလာ အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ် ။

မာတီနက်ဇ် ဟာ အာဆင်နယ် အသင်းကနေ အက်စတွန်ဗီလာ အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ၊ လေးနှစ် စာချုပ် နဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး အာဂျင်တီးနား ဂိုးသမားတွေထဲမှာ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ဖြစ်ပါတယ် ။

အက်စတွန်ဗီလာ အသင်းမှာ မာတီနက်ဇ် ဟာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်တာကြောင့် နိုင်ငံ လက်ရွေးစင် အသင်းထံ ခေါ်ယူ ခံခဲ့ရပါတယ် ။ မာတီနက်ဇ် ဟာ အာဂျင်တီးနား အသင်းအတွက် ပထမဆုံး ပွဲထွက် ကစားခဲ့တဲ့ ကိုပါအမေရိက ပြိုင်ပွဲမှာတင် ပင်နယ်တီတွေကာကွယ်ပြီး ချန်ပီယံ ဖြစ်အောင် ကူညီ ပေးနိုင်ခဲ့ပါတယ် ။

ပီအက်စ်ဂျီ အသင်း ရဲ့ စူပါစတား မက်ဆီကတော့ TNT Sports နဲ့ အင်တာဗျူးမှာ ဂိုးသမား မာတီနက်ဇ် ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးလို့ ချီးကျူး သွားခဲ့ပါတယ် ။

” ဒီဗူ(အီမီလီယာနို)မာတီနက်ဇ် က အသင်း နိုင်ပွဲတွေ အတွက် အဓိက ကျတဲ့ ကစားသမား တစ်ဦးပါ ၊ ဂိုးပေါက်ကန်ချက်တွေ သူ့ဆီ ရောက်လာတိုင်း သူ့ဘက်က အမြဲ တုန့်ပြန် နိုင်ပါတယ် ၊ သူဟာ ဘယ်လိုဂိုးသမားလဲဆိုတာ ကမ္ဘာသိအောင် ပြသနိုင်ခဲ့ပါတယ် ၊ ကျွန်တော်တို့ အသင်းမှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက ရှိနေတာလို့ ပြောနိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM