အင်္ဂလန် အတွက် ပထမဆုံး သွင်းဂိုး စတင် ရရှိခဲ့တဲ့ အပေါ် သူ့ရဲ့ ခံစားချက်ကို ဖွင့်ဟခဲ့တဲ့ ဘန်ချေဝဲလ်

ချဲလ်ဆီး အသင်းရဲ့ အသက် ၂၄နှစ် အရွယ် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ဟာ တမြန်နေ့ည က ကစားခဲ့တဲ့ အန်ဒိုရာ – အင်္ဂလန် ကမ္ဘာ့ဖလား အုပ်စု အဆင့် ခြေစစ်ပွဲမှာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် အဖွင့်ဂိုး ကို သွင်းယူပေးခဲ့ပြီး ၊ ထိုပွဲမှာ ဧည့်သည် အသင်းက ၅ဂိုးပြတ် အနိုင် ရလဒ်နဲ့ ဂိုးပြတ်ခြေပြတ် နိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန် အတွက် တမိနစ်မှ မကစားခဲ့ရတဲ့ ချေဝဲလ် အတွက် ဒါဟာ ပထမဆုံး လက်ရွေးစင် အဆင့် သွင်းဂိုးလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ၄င်းဟာ လတ်တလောမှာမှ ကလပ် အသင်း အတွက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်နဲ့ သွင်းဂိုးကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ် ။

ချေဝဲလ် ရဲ့ အင်္ဂလန် အတွက် အဖွင့်ဂိုး ဟာ VAR ရဲ့ စစ်ဆေးမှုကြောင့် ဂိုးဖြစ်ကြောင်း အတည်ပြုဖို့ အချိန် အတော်ကြာ စောင့်ဆိုင်းခဲ့ရပါသေးတယ် ။ ဒီဂိုးကို ဖန်တီးပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဂျေဒင် ဆန်ချို ဟာ လူကျွံ အနေအထား တရပ်မှာ ရှိနိုင်ခဲ့တာကြောင့် ဒါကို VAR မှ စစ်ဆေးခဲ့ခြင်း ဖြစ်ပါတယ် ။

အဆုံးမှာတော့ ကွင်းလယ်ဒိုင် က ချေဝဲလ် ရဲ့ သွင်းဂိုး ဟာ တရားဝင် အတည်ပြု ဖြစ်ခဲ့ပြီး ၊ ပွဲအပြီးမှာ ၄င်းက သူ့ရဲ့ ပထမဆုံး လက်ရွေးစင် သွင်းဂိုးနဲ့ ပတ်သက်ပြီး ” ကျွန်တော် ကတော့ ဒီဂိုး ကို လူမကျွံပါစေနဲ့လို့ပဲ မျှော်လင့်ခဲ့ပါတယ် ။ ဂိုးသွင်းသွင်းပြီးချင်း ၊ ဂျေဒင် ကို ကျွန်တော် က လူကျွံနိုင်သလားလို့ မေးခဲ့ပါသေးတယ် ။ ”

” သူကတော့ ကျွန်တော့ကို ဂိုးဖန်တီးမပေးခင် လူမကျွံဘူးလို့ပဲ ပြန်ဖြေခဲ့ပါတယ် ။ ဒီတော့ VAR က ဒီ ဆုံးဖြတ်ချက်ကို ပြန်ပြင်ပါစေလို့ မျှော်လင့်ခဲ့ပြီး ၊ အဆုံးမှာ ဆန္ဒ နဲ့ ထပ်တူကျခဲ့ပါတယ် ။ ဒါဟာ အံ့သြဖွယ်ပါ ။ ကျွန်တော် ဟာ လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရတာ ၃နှစ်လောက် ရှိပြီ ဖြစ်လို့ ၊ အခုအချိန်မှာမှ ပထမဆုံး သွင်းဂိုး ရခဲ့တာ တကယ် ထူးရှယ်ပါပဲ ။ ”

” အောင်ပွဲ အပြည့်အဝ ခံဖို့ မိနစ် အနည်းငယ် ပိုစောင့်ခဲ့ရပေမယ့် ၊ ကျွန်တော့ရဲ့ ခံစားချက် က လပေါ်အထိ မြောက်တက်နေဆဲပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ယူရို ပြိုင်ပွဲ တလျှောက်မှာ အင်္ဂလန် အသင်းရဲ့ ဘယ်နောက်ခံ နေရာ အတွက် မန်ယူနိုက်တက် ကြယ်ပွင့် လုခ်ရှောရဲ့ အနောက်မှာသာ ရှိခဲ့တဲ့ ချေဝဲလ် ဟာ ကလပ်ဖက်မှာလည်း ရာသီ အဖွင့်မလှခဲ့ပါဘူး ။

ပြီးခဲ့တဲ့ တရာသီလုံး ကစားခွင့် နည်းပါးခဲ့တဲ့ စပိန် လက်ရွေးစင် ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုရဲ့ ကျော်တက်ခြင်း ကို ဒီရာသီမှာ ခံခဲ့ရတဲ့ ချေဝဲလ် ဟာ နောက်ပိုင်းပွဲတွေမှာ ကစားခွင့် မိနစ် အချို့ ပြန်ရဖို့ ဘယ်လောက်ထိ ကြိုးစားခဲ့တယ် ဆိုတာ နောက်ဆုံး ကစားခဲ့တဲ့ ကလပ်နဲ့ နိုင်ငံ အသင်း ပွဲ ၂ပွဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

ရာသီ အဖွင့် ကာလမှာ ချဲလ်ဆီး အတွက် ကစားခွင့် မရသလောက် ဖြစ်ခဲ့ခြင်း အပေါ် ချေဝဲလ် က ” ဒီလို အရာတွေက ဘောလုံးမှာ ဖြစ်တတ်ပါတယ် ။ ကစားသမားတိုင်း ဟာ သူတို့ရဲ့ ဘဝ တလျှောက် မကြုံချင်တဲ့ အခိုက်အတန့်တွေကို တကွေ့ကွေ့မှာ ကြုံရစမြဲပါ ။ ”

” ဒီတော့ ခင်ဗျား ဟာ ပြင်းပြင်းထန်ထန် ကြိုးစား လေ့ကျင့်ရမှာ ဖြစ်ပြီး ၊ အခွင့်အရေး ပြန်ရတာနဲ့ အမိအရ ဆုပ်ကိုင်နိုင်ဖို့ လိုသလို ၊ ဘာကြောင့် ကိုယ်က ပွဲထွက်ခွင့်နဲ့ ထိုက်တန်တယ် ဆိုတာကို လက်တွေ့ပြသဖို့ လိုပါတယ် ။ ”

” အင်္ဂလန် ဂျာစီ ဝတ်ဆင်ခွင့် ရတဲ့ အခိုက်အတန့်တိုင်းကို ကျွန်တော် ဂုဏ်ယူပါတယ် ။ ကျွန်တော် ဟာ ဒီနေ့လို ပွဲမျိုးမှာ ရတဲ့ ကစားခွင့် ကို အပြည့်အဝ အသုံးချပြီး ၊ အနာဂတ်မှာ နည်းပြရဲ့ ပွဲထွက်ခွင့် ရွေးချယ်မှုကို ပိုပြီး စဉ်းစားရ ကြပ်အောင် လုပ်ပြချင်တာပါ ။ အင်္ဂလန် အတွက် ကစားခွင့် ရနေရင်တောင် ကျွန်တော့ အတွက် ဝမ်းမြောက်စရာ ဖြစ်ပြီး ၊ ပထမဆုံး သွင်းဂိုး ကတော့ ပိုပြီး စပါယ်ရှယ် ဖြစ်စေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR