လီဝန်ဒေါ့စကီး နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက်များ

လီဝန်ဒေါ့စကီး အတွက်တော့ သူ့ရဲ့ ဘောလုံးသမားဘ၀ နောက်ဆုံးနှစ်တွေဟာ ကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ ၊ အောင်မြင်မှုတွေ နဲ့ ပြည့်နှက် နေခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ နှစ်တုန်းက UEFA နဲ့ ဖီဖာ ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုတွေကို ရခဲ့သလို ဒီနှစ် မှာလည်း ဥရောပ ရွှေဖိနပ်ဆုကို ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။

ရွှေဘောလုံး အတွက် စကာတင် အယောက် ၃၀ စာရင်းမှာ ပါဝင်ခဲ့ပြီး မနှစ်က ဆုပေးပွဲ မပြုလုပ်တာကြောင့် လွဲချော်ခဲ့ရတဲ့ လီဝန်ဒေါ့စကီး ကို ဒီနှစ်မှာ ဆုပြန်ရရှိစေလိုသူတွေ အများကြီး ရှိခဲ့ကြပါတယ် ။

ဒီလိုမျိုး အောင်မြင် ကျော်ကြားနေပေမယ့် အနေအေးတဲ့ လီဝန်ဒေါ့စကီး ရဲ့ အကြောင်းတွေ ကိုတော့ ဘောလုံး ပရိသတ်တွေ အများကြီး မသိကြပါဘူး ။

ဒါကြောင့် အခုလို နိုင်ငံတကာ ပွဲစဉ် ကာလ မှာ ရောဘတ် လီဝန်ဒေါ့စကီး ရဲ့ အကြောင်းအရာ အချို့ ကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

၁ ။ နောက်ခံလူအဖြစ် စတင်ခဲ့တဲ့ လီဝန်ဒေါ့စကီး

လက်ရှိ ဘောလုံး ကမ္ဘာရဲ့ ဂိုးသွင်းအကောင်းဆုံး ကစားသမား တယောက်ဟာ နောက်ခံလူ အဖြစ် နဲ့ စတင်ခဲ့ရဖူးပါတယ် ။

လီဝန်ဒေါ့စကီး ဟာ သူ့ရဲ့ အသက် ၂၀ ပြည့် မွေးနေ့မှာ ပိုလန် လက်ရွေးစင် အသင်းအတွက် ပထမဆုံး စတင်ကစားခွင့် ရခဲ့ ပါတယ် ။

ညာနောက်ခံလူ အဖြစ်ပါ ။ ဟုတ်ပါတယ် . . . ညာနောက်ခံလူပါ ။

ဆမ်မာရီနို အသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပိုလန် နည်းပြဟာ လီဝန်ဒေါ့စကီး ကို ညာနောက်ခံလူ အဖြစ် လူစားလဲ ထည့်ကစားခဲ့ပါတယ် ။

ဒါပေမယ့် ဒါက လီဝန်ဒေါ့စကီး ရဲ့ ဂိုးသွင်းစွမ်းရည်ကို မတားဆီး နိုင်ခဲ့ပါဘူး ။

ပိုလန် ဟာ ဒီပွဲ ကို ၂ – ၀ နဲ့ နိုင်ခဲ့ပြီး လီဝန်ဒေါ့စကီး က ၁ ဂိုး သွင်းပေးခဲ့ ပါတယ် ။

၂ ။ ဘလက်ဘန်း နဲ့ ကပ်လွဲခဲ့တဲ့ လီဝန်ဒေါ့စကီး

၂၀၁၀ ခုနှစ်မှာ ဘလက်ဘန်း အသင်းဟာ လီဝန်ဒေါ့စကီး ကို ရလုနီး ဖြစ်ခဲ့ ပါတယ် ။

ဒါပေမယ့် မီးတောင်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်တွေ ရပ်နားခဲ့ရမှုဟာ ပိုလန်တိုက်စစ်မှူးကြီး ကို ဆမ်အာလာဒွိုက်စ် နဲ့ ရေစက်ဆုံခွင့် မပေးခဲ့ပါဘူး ။

နောက်ဆုံးမှာတော့ လီဝန်ဒေါ့စကီး ဟာ ပိုလန် ကလပ် ကနေ ဒေါ့မွန် ကို ပြောင်းရွှေ့ သွားခဲ့ ပါတယ် ။

 

၃ ။ လီဝန်ဒေါ့စကီး ရဲ့ အမှတ်တရ ဂိုးသွင်းပွဲ

ပိုလန်သားကြီးဟာ ဘွန်ဒစ်လီဂါ သမိုင်းမှာ အရန်ခုံကနေ ဝင်လာပြီး ၅ ဂိုး သွင်းနိုင်တဲ့ ပထမဆုံး နဲ့ တဦးတည်းသော ဘောလုံးသမား အဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ် ။

စက်တင်ဘာ ၂၀၁၅ တုန်းက ဝုဖ်ဘတ် နဲ့ ကစားခဲ့တဲ့ပွဲမှာ လီဝန်ဒေါ့စကီး ဟာ အရန်ခုံကနေ လူစားလဲ ဝင်ရောက်လာပြီး ၈ မိနစ် နဲ့ ၅၉ စက္ကန့် အတွင်းမှာပဲ ဘိုင်ယန် အတွက် တယောက်တည်း ၅ ဂိုး သွင်းယူပေးခဲ့ ပါတယ် ။

လီဝန်ဒေါ့စကီး ရဲ့ ဂိုးသွင်းစွမ်းရည်အပေါ် တအံ့တသြဖြစ်ခဲ့တဲ့ ဘိုင်ယန်နည်းပြ ဂွာဒီယိုလာ ရဲ့ ပုံရိပ်ဟာ ခုချိန်ထိ ဘွန်ဒစ်လီဂါ ရဲ့ ပုံရိပ်တခု အဖြစ် ကျန်ရှိနေဆဲပါ ။

နောက်တပွဲ ကတော့ ဒေါ့မွန် နဲ့ ရီးရဲ မက်ဒရစ် တို့ ကစားခဲ့ကြတဲ့ ၂၀၁၃ ခုနှစ် ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ်မှာ ဖြစ်ပြီး လီဝန်ဒေါ့စကီး ဟာ ပထမအကျော့ မှာ ဒေါ့မွန် အတွက် တဦးတည်း ၄ ဂိုး သွင်းယူပေးခဲ့ ပါတယ် ။

ရီးရဲ ဟာ ဒုတိယ အကျော့မှာ ၂-၀ နဲ့ အနိုင်ပြန် ကစားခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ် မှာတော့ ၄-၃ နဲ့ အရေးနိမ့်ကာ ဗိုလ်လုပွဲ လက်မှတ်ကို လက်လွှတ်ခဲ့ရပါတယ် ။

ရီးရဲ ကို ချန်ပီယံလိဂ် ဖိုင်နယ် တက်ခွင့် ပိတ်ခဲ့သူကတော့ တဦးတည်း ၄ ဂိုးသွင်းခဲ့တဲ့ လီဝန်ဒေါ့စကီး ပါပဲ ။

၄ ။ ရီးရဲကို ပြောင်းဖို့ စဉ်းစားခဲ့သေးတဲ့ လီဝန်ဒေါ့စကီး

ရိုနယ်ဒို ၊ ဘန်ဇီးမား ၊ လီဝန်ဒေါ့စကီး ဆိုတဲ့ တိုက်စစ်သာ တကယ် ဖြစ်လာခဲ့မယ် ဆိုရင်တော့ မတွေးတတ် လောက်အောင် ကြောက်စရာ ကောင်းသွားမှာပါ ။

ဒီလို တကယ်ဖြစ်လာမယ့် အခိုက်အတန့် တခု လီဝန်ဒေါ့စကီး မှာ ရှိခဲ့ပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ကို နှစ်သက်ခဲ့သူပီပီ ပိုလန်သား ဟာ သူ့ရဲ့ Idol နဲ့ တွဲကစားဖို့ ဒေါ့မွန် ကနေ ရီးရဲ ကို ပြောင်းဖို့ စိတ်ကူးခဲ့ဖူးပါတယ် ။

ဒါပေမယ့် နောက်ဆုံး မှာတော့ လီဝန်ဒေါ့စကီး ဟာ ဒေါ့မွန် ကနေ ဘိုင်ယန်မြုးနစ် ကို ပြောင်းဖို့ပဲ ဆုံးဖြတ်သွားခဲ့ ပါတယ် ။

၅ ။ နာမည်ရိုးရှင်းတဲ့ လီဝန်ဒေါ့စကီး

ပိုလန်သားတွေရဲ့ အမည်ဟာ ဖတ်ရ အလွန်ခက် ပါတယ် ။ ဒါပေမယ့် လီဝန်ဒေါ့စကီး ရဲ့ အမည်ကတော့ အဲ့လောက် မခက်ခဲ့ပါဘူး ။

ဒီလိုမျိုး မခက်ခဲရတဲ့ အကြောင်းအရင် ကတော့ လီဝန်ဒေါ့စကီးရဲ့ မိဘတွေ ဟာ ပိုလန်သားလေးကို မွေးဖွားချိန် မှာ ခက်ခဲတဲ့ အမည်တွေ မပေးဖို့ ဆုံးဖြတ်ခဲ့ကြလို့ပါပဲ ။

ဒါကြောင့်လည်း ခုချိန်မှာ ရောဘတ် လီဝန်ဒေါ့စကီး ဆိုတဲ့ အမည်ကို ကမ္ဘာပေါ်က ဘောလုံးချစ် ပရိသတ်တိုင်း လွယ်ကူစွာ ထွက်ဆို မှတ်မိ နိုင်ခဲ့ပြီဖြစ်ပါတယ် ။

၆ ။ ဇနီးသည်ရဲ့ အားကစားစွမ်းရည်

လီဝန်ဒေါ့စကီး တင်သာ အားကစားမှာ ထူးချွန်တာ မဟုတ်ပါဘူး ။

သူ့ရဲ့ ဇနီးဖြစ်သူ အန်နာ ဟာလည်း ကရာတေး ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲမှာ ကြေးတံဆိပ် ဆွတ်ခူး ရရှိထားသူ တယောက် ဖြစ်ပါတယ် ။

သူတို့ ၂ ယောက်ဟာ ၂၀၀၈ ခုနှစ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ၅ နှစ် အကြာ ၊ ၂၀၁၃ ခုနှစ် မှာတော့ လက်ထပ် ခဲ့ကြပါတယ် ။ ခုချိန် မှာတော့ သူတို့မှာ ကလာရာ နဲ့ လော်ရာ ဆိုတဲ့ သမီးလေး ၂ ယောက်ကို ပိုင်ဆိုင် ထားကြပါပြီ ။

အန်နာ ဟာ လီဝန်ဒေါ့စကီး ထက် ၁၇ ရက်သာ ငယ်သူ ဖြစ်ပြီး ကရာတေးသာမက ၊ အာဟာရ ပိုင်းဆိုင်ရာ အထူးကျွမ်းကျင်သူတယောက် လည်း ဖြစ်ပါတယ် ။

သူမ ဟာ ခင်ပွန်းသည် လီဝန်ဒေါ့စကီး ကို အကောင်းဆုံး ပုံစံမှာ အမြဲ ရှိနေဖို့ ကူညီပေးခဲ့ပြီး သူမရဲ့ ကရာတေး နည်းစနစ်တွေ ဟာ လီဝန်ဒေါ့စကီး ကို ခေါင်းတိုက်ဘောတွေ ပိုမို အားကောင်းစေဖို့ အထောက်အကူ ဖြစ်ခဲ့တယ်လို့ သိရပါတယ် ။

သူတိ့ု အတွဲဟာ ပိုလန် မှာ ကျော်ကြား ထင်ရှား ကြပြီး ပိုလန်ဘက်ခမ်း မိသားစုလို့ပင် အမည်ပေးခံထားရတာပဲ ဖြစ်ပါတယ် ။

၇ ။ လီဝန်ဒေါ့စကီး ရဲ့ အကောင်းဆုံး မိတ်ဆွေများ

ဒေါ့မွန် ကို လက်ချ်ပေါ့ဇ်နန် ကနေ ပြောင်းရွှေ့ လာချိန်မှာ လီဝန်ဒေါ့စကီး ကို အသားကျအောင် ကူညီ ပေးခဲ့တဲ့ မိတ်ဆွေကောင်း ၂ ယောက် ရှိခဲ့ ပါတယ် ။

သူတို့ကတော့ ပိုလန်သားတွေပဲ ဖြစ်ကြတဲ့ Lukasz Piszczek နဲ့ Jakub Blaszczykowski တို့ပါပဲ ။

အဲ့ဒိအချိန်တုန်းက ဒေါ့မွန် နည်းပြဖြစ်နေတဲ့ ဂျာဂျင် ကတော့ ကတော့ သူတို့ ၂ ယောက်ကို ပိုလန် နာမည်ကျော် ရုပ်ပြ စာအုပ်ထဲက သူရဲကောင်းအမည်တွေ ဖြစ်တဲ့ လိုလက် နဲ့ ဘိုလက် လို့ အမည်ပြောင်း ပေးအပ်ခဲ့ဖူးတယ် လို့သိရ ပါတယ် ။

SPORTS MYANMAR