ဘယ်လ်ဂျီယံ ဟာ အီတလီ ၊ ပြင်သစ်တို့လို မတောင့်တင်းကြောင်း ဒီဘရိုင်းနား ဝန်ခံပြောဆို

ကယ်ဗင် ဒီဘရိုင်းနား က ဘယ်လ်ဂျီယံ အသင်းဟာ ကမ္ဘာ့ အဆင့် သတ်မှတ်ချက်မှာ ထိပ်ဆုံးကို ရောက်ရှိ နေပေမယ့် ပြင်သစ် ၊ အီတလီ ၊ စပိန် တို့လို ထိပ်သီး အသင်းတွေ နဲ့ ယှဉ်လို့ မရနိုင်သေးကြောင်း “သူတို့မှာ ထိပ်တန်း ကစားသမား ၂၂ ယောက် ရှိတယ် ၊ ကျွန်တော်တို့မှာ မရှိပါဘူး” လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဘယ်လ်ဂျီယံ ဟာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် မှာ ပြင်သစ် ကို ၂-၀ နဲ့ အနိုင် ရရှိ နေရာကနေ ၃-၂ နဲ့ ရှုံးနိမ့် ခဲ့ရတာ ဖြစ်သလို မနေ့ညက တတိယ နေရာလုပွဲ မှာလည်း အိမ်ရှင် အီတလီ ကို ၂-၁ နဲ့ ရှုံးနိမ့် ခဲ့ရ ပါတယ် ။

ဘယ်လ်ဂျီယံ ရော အီတလီ ပါ အဓိက ကစားသမား အများအပြားကို အရန်ခုံမှာ ထားခဲ့ကြပြီး အရန်လူတွေ ၊ လူငယ်တွေ နဲ့ ပွဲထွက်ခဲ့ ပါတယ် ။

နောက်ပိုင်းမှာတော့ ဘယ်လ်ဂျီယံ ဘက်က ဒီဘရိုင်းနား ဝင်ကစားခဲ့သလို အီတလီ ဘက်မှာလည်း ဂျော်ဂျင်ဟို အပါအဝင် အဓိက ကစားသမား အချို့ ကို လူစားလဲထည့် ခဲ့ပါတယ် ။

ဘယ်လ်ဂျီယံ ကတော့ အားထားရတဲ့ တိုက်စစ်မှူး လူကာကူ နဲ့ တောင်ပံ ကစားသမား ဟာဇက် တို့ ဒဏ်ရာကြောင့် မပါဝင် နိုင်တာက အားနည်းချက် ဖြစ်ခဲ့ရပြီး ၂၀၁၆ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ၂ ပွဲဆက် ရှုံးနိမ့်မှု နဲ့ ကြုံ့တွေ့ ခဲ့ရ ပါတယ် ။

“လူငယ်တွေ အတွက်တော့ ဒီနေ့ ပွဲဟာ အတွေ့အကြုံ ကောင်းကောင်း ရလိုက်တဲ့ ပွဲပါပဲ ။ ဒါပေမယ့် ကံမကောင်းချင်တော့ ကျွန်တော်တို့ ၂ ပွဲဆက်တိုက် ရှုံးခဲ့ရ ပါတယ် ။

အသင်းကြီးတွေနဲ့ ကစားတဲ့ ပွဲအချို့ မှာ ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့ ကြပါတယ် ၊ ပြောရရင် ဒီနေ့ ပွဲထက် ပိုကောင်းအောင်တောင် ကစားနိုင်ခဲ့ တာတွေ ရှိခဲ့ပါတယ် ။

ဒါပေမယ့် ကျွန်တော်တို့ က ဒီအသင်းတွေ ( အီတလီ ၊ ပြင်သစ် ၊ စပိန် ) လို အပြည့်အ၀ တောင့်တင်းတဲ့ အသင်း တသင်းမဟုတ်ဘူး ဆိုတာကိုတော့ လက်ခံ ရမှာပါ”

“သူတို့မှာ ထိပ်တန်း ကစားသမား ၂၂ ယောက် ရှိတယ် ၊ ကျွန်တော်တို့မှာ မရှိနေပါဘူး ။

ကမ္ဘာ့အဆင့် ၁ ဖြစ်နေပေမယ့်လည်း ကျွန်တော်တို့ဟာ မျိုးဆက်သစ် တွေနဲ့ တိုးတက်လာတဲ့ ဘယ်လ်ဂျီယံလေးပဲ ရှိနေသေးတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး ။

ရိုမီရို ( လူကာကူ ) နဲ့ အီဒင် ( ဟာဇက် ) တို့လို ကစားသမားတွေ မပါနိုင်တာနဲ့ပဲ ကျွန်တော်တို့ ကစားပုံက သိသိသာသာ အားနည်း သွားခဲ့ ပါတယ် ။

ဟို အသင်းတွေ ( ပြင်သစ် ၊ စပိန် ၊ အီတလီ ) မှာ ဒါမျိုး ဖြစ်လေ့ မရှိပါဘူး” လို့ ဒီဘရိုင်းနား က ပြောဆို သွားခဲ့ ပါတယ် ။

SM