ပြင်သစ် ရဲ့ နေးရှင်းလိဂ် အနိုင်ဂိုးရှင် ဘာပေ လူကျွံသလား ၊ မကျွံဘူးလား

ယမန်နေ့ ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ် နဲ့ စပိန် တို့ရဲ့ ဥရောပ နေးရှင်းလိဂ် ဗိုလ်လုပွဲ ကတော့ သံသယ ဖြစ်စရာ မေးခွန်းနဲ့ အဆုံးသတ်သွားခဲ့ ပါတယ် ။

အီတလီ မြေပေါ်မှာ ကစားခဲ့တဲ့ ဒီ ဗိုလ်လုပွဲမှာ ပြင်သစ် ဟာ စပိန် ကို ၂ – ၁ နဲ့ အနိုင် ရရှိပြီး ဥရောပ နေးရှင်းလိဂ် ဖလားကို ရယူပိုင်ဆိုင် သွားခဲ့ ပါတယ် ။

စပိန် ဟာ ဒုတိယပိုင်း ၆၄ မိနစ် မှာ အိုယာဇာဘယ် ရဲ့ ဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ၂ မိနစ် အကြာမှာပဲ ဘန်ဇီးမား က ပြင်သစ် အတွက် ချေပဂိုးကို လှလှပပ ကန်သွင်းပြီး ရယူပေး ခဲ့တာကြောင့် တဘက် တဂိုးစီ သရေ နဲ့ ဆက်လက် ယှဉ်ပြိုင် ခဲ့ကြပါတယ် ။

မိနစ် ၈၀ အရောက်မှာတော့ အမ်ဘာပေ က ပြင်သစ် အတွက် အနိုင်ဂိုးကို သွင်းယူကာ ဗိုလ်စွဲ သွားစေခဲ့ ပါတယ် ။

ဒီဂိုး မှာ ဘာပေ ဟာ စပိန် နောက်ခံလူတွေ ထက် ရှေ့ကို ပိုရောက်နေခဲ့ပြီး လူကျွံ အနေအထားမှာ ရှိနေခဲ့ ပါတယ် ။

ဒီပွဲကို တာဝန်ယူခဲ့တဲ့ ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင်လူကြီး ဖြစ်တဲ့ အန်တိုနီ တိုင်လာ ကတော့ စပိန် နောက်ခံလူ အဲရစ် ဂါစီယာ နဲ့ ဘောလုံး ထိမိမှုဟာ လမ်းကြောင်းသစ် တခုကို စတင် လိုက်တာ ဖြစ်တဲ့ အတွက် ဘာပေ ဟာ လူကျွံတယ်လို့ မသတ်မှတ် ခဲ့ကြောင်း စောဒက တက်တဲ့ စပိန် ကစားသမားတွေကို ရှင်းပြ သွားခဲ့ ပါတယ် ။

ဒါပေမယ့် ဆာဂျီယို ဘက်စကွက် ကတော့ မကျေနပ်ခဲ့ ပါဘူး ။

“ကွင်းထဲက ကျွန်တော်တို့တောင် ပြင်သစ်ရဲ့ ဒုတိယဂိုးက လူကျွံဘောဆိုတာ အသိသာကြီးပါ ။

ကွင်းလယ်ဒိုင်ကတော့ အဲရစ် ဂါစီယာ က ဘောလုံးကို ရယူဖို့ ကြိုးစားပြီး သူနဲ့ ဘောလုံး ထိသွားတာကြောင့် နောက်ထပ် ဖြစ်စဉ်တခုကို စတင်လိုက်တာကြောင့် လူမကျွံဘူးလို့ ရှင်းခဲ့ပါတယ် ။

ဒါပေမယ့် ဒါက လုံး၀ အဓိပ္ပါယ် မရှိပါဘူး”

“အဲရစ် ( ဂါစီယာ ) က ဘောလုံးကို ရယူတာမဟုတ်ပါဘူး ၊ ဖျက်ထုတ်ခဲ့တာပါ ။ သူ့နောက်မှာ ဘာပေ ရှိနေတာ သိလို့သာ ဒီလိုလုပ်ဖို့ ကြိုးစားခဲ့တာပါ ။ သူ့စိတ်ထဲမှာ ဘာပေ က လူမကျွံဘူးလို့ ထင်ခဲ့လို့ ဒီလို လုပ်ခဲ့တာပါ ။ ဒီအတွက်နဲ့ ဘာပေ လူမကျွံဘူး ဆိုတာ ကတော့ အဓိပ္ပါယ် မရှိပါဘူး” လို့ ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

စပိန် သတင်းစာ Marca မှာ လုပ်ကိုင်နေတဲ့ ဒိုင်လူကြီးဟောင်း အယ်လ်ဖွန်ဆို ပီရက်ဇ် ကလည်း VAR အနေနဲ့ ဘန်ဇီးမား လူကျွံကြောင်း သက်သေဖြစ်စေမယ့် မျဉ်းကြောင်းကို ဘာကြောင့် ဆွဲမပြခဲ့သလဲ ဆိုတာကို မေးခွန်းထုတ် သွားခဲ့သလို ဒီဂိုးမှာ ဘာပေ လုံး၀ လူကျွံ ခဲ့ကြောင်းကိုလည်း ပြောဆို သွားခဲ့ ပါတယ် ။

Sky Sports ရဲ့ တင်ဆက် သုံးသပ်သူ ဂျေမီ ရက်နက် ကလည်း နားလည်ရခက်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောဆို ခဲ့ပြီး ဂါစီယာ ဟာ စည်းမျဉ်း ထဲကလို ဘောလုံးကို ရယူဖို့ ကြိုးစားခဲ့တာလို့ သတ်မှတ်လို့ ရနိုင်မလား ဆိုတဲ့ အပေါ် မေးခွန်းထုတ်သွားခဲ့ ပါတယ် ။

“စည်းမျဉ်း မှာတော့ အဲ့ဒိလို ရေးထားပါတယ် ။ ဒါပေမယ့် အဲရစ် ဂါစီယာ က ဘောလုံးကို ရယူဖို့ အားထုတ်ခဲ့တာလား ၊ သူ့ရဲ့ အားထုတ်မှုက ဘောလုံးကို ရယူနိုင်ဖို့ လုံလောက် ခဲ့ရဲ့လား ဆိုတာလည်း ထည့်တွက် သင့်တယ်လို့ ထင်ပါတယ်”

“ဒီဆုံးဖြတ်ချက်က ကျွန်တော့ကို နားလည်ရ ခက်စေခဲ့တာတော့ အမှန်ပါပဲ ။ ဘာပေ က အရမ်းမြန်တဲ့သူပါ ၊ ဒါကြောင့် တခါတလေမှာ ဆုံးဖြတ်ချက် စောပြီး ချိန်သားမကိုက်တဲ့ အဖြစ်မျိုးတွေ ကြုံရတတ်ပါတယ် ။ သီယို ဟာနန်ဒက်စ် ဆီက ဘောလုံးထွက် ကတည်းက ဘာပေ ကျွံနေခဲ့တာပါ”

“အဲရစ် ဂါစီယာ နဲ့ ဘောလုံး ထိသွားချိန် မှာ ဖြစ်စဉ် အသစ်တခု ပေါ်လာတယ်လို့ ( ဒိုင်လူကြီးတွေက ) ပြောကြပါတယ် ။ ကျွန်တော် ကတော့ အဲ့ဒိလို မထင်ပါဘူး ။ နောက်ခံလူ တယောက် အနေနဲ့ ခံစစ်လိုင်း ကို ကောင်းအောင် တည်ဆောက်ရမယ် ၊ ဖျက်ဖို့ လိုအပ်လာရင်လည်း ဖျက်ထုတ်ရမှာပါ”

“တကယ်လို့သာ စည်းကြပ်ဒိုင်သာ အလံထောင်ခဲ့မယ် ဆိုရင် ဒီကိစ္စ အတွက် ဘယ်သူမှ ငြင်းခုန် နေကြရတော့မှာ မဟုတ်ပါဘူး ။ ဒီကိစ္စက VAR ရဲ့ အမှားမဟုတ်ပါဘူး ၊ စည်းမျဉ်း စည်းကမ်းတွေ ရဲ့ ဒွိဟ ဖြစ်စရာ ကောင်းတဲ့ အားနည်းချက်တွေပါ” လို့ ရက်နက် က ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR