အီတလီနဲ့ ကစားမယ့် နေရှင်လိဂ် ဆီမီးဖိုင်နယ် မတိုင်မီ စပိန် နည်းပြ လူးဝစ် အင်းနရစ်နဲ့ စပိန် အသင်းခေါင်းဆောင် ဆာဂျီယို ဘွတ်စ်ကပ်စ် တို့ရဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ အပြည့်အစုံ

ယနေ့ညမှာ ဥရောပ နေရှင်လိဂ် ပြိုင်ပွဲရဲ့ အကြို ဗိုလ်လုပွဲ တပွဲ အဖြစ် အီတလီ အသင်းနဲ့ စပိန် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ် ။ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းကမှ ယူရို ချန်ပီယံ ဖြစ်ထားတဲ့ အီတလီနဲ့ ယူရို အကြို ဗိုလ်လုပွဲ တက်ရောက်ခဲ့တဲ့ စပိန် အသင်းတို့ရဲ့ ဒီတကြိမ် ထိပ်တိုက်တွေ့ဆုံမှု က ဘယ်လို ရလဒ် ထွက်လာမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

ထိုပွဲမတိုင်မီ စပိန် လက်ရွေးစင် အသင်း နည်းပြ လူးဝစ် အင်းနရစ်နဲ့ စပိန် လက်ရွေးစင် အသင်းခေါင်းဆောင် ဖြစ်သူ ဝါရင့် ကွင်းလယ်လူ ဆာဂျီယို ဘွတ်စ်ကပ်စ် တိုရဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှ ဖြေကြားချက် အပြည့်အစုံ ကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

လူးဝစ် အင်းနရစ်

ဆာဂျီယို ရောဘတ်တို အပေါ်

” ကျွန်တော် ဟာ ဆာဂျီ အကြောင်း သေသေချာချာ သိထားပါတယ် ။ ဘာလို့လဲ ဆိုတော့ သူ့ကို ဘာစီလိုနာ B အသင်းမှာ ပွဲဦးထွက် ကစားခွင့် ပေးခဲ့ဖူးလို့ပါ ။ သူဟာ တောင်ပံ ကစားသမား တယောက် အနေနဲ့လည်း ကစားနိုင်ပါတယ် ။ နောက်ပြီး သူ ကစားနေကျနေရာ ဖြစ်တဲ့ ကွင်းလယ်မှာလည်း ကစားပေးနိုင်ပါတယ် ။ ကျွန်တော်တို့နဲ့ အတူ သူ လာရောက် ပူးပေါင်းနိုင်တာကို ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ”

တိုက်စစ် ကစားသမားတွေနဲ့ ပတ်သက်ပြီး

” ကျွန်တော် ဟာ လက်ရွေးစင် အပြီးသတ် ကစားသမား စာရင်း ရွေးချယ်တိုင်း ၊ တိုက်စစ် ကစားသမား ၆ယောက် ၊ ၇ယောက်လောက် ရွေးချယ်တတ်ပါတယ် ။ ဒါဟာလည်း သူတို့ကို တိုက်စစ် က နေရာစုံမှာ လိုသလို လှည့်ကစားလို့ ရစေဖို့ ရည်ရွယ်ချက်နဲ့ပါ ။ ကျွန်တော် ဟာ အမြဲတမ်း တိုက်စစ်ဆင် လိုပါတယ် ။ ခင်ဗျား ဟာ နည်းမျိုးစုံနဲ့ လိုချင်တဲ့ ပန်းတိုင်ဆီ ရောက်နိုင်ပါတယ် ။ ဒါဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင် အဖြစ် ရှိနေဆဲပါပဲ ။ ”

နေရှင်လိဂ် ပြိုင်ပွဲ အပေါ်

” ဒီအဆင့်ကို ယှဉ်ပြိုင်ရတာ ကျွန်တော်တို့ အတွက် ဆုတခုပါပဲ ။ ကြီးကျယ်တဲ့ အသင်းတွေ အများကြီး ရှိတဲ့ အထဲမှာ အကောင်းဆုံး ၄သင်းပဲ ဒီပြိုင်ပွဲမှာ ကျန်ခဲ့တာပါ ။ ဒါဟာ လှုံ့ဆော်မှု တခု ဖြစ်သလို ၊ ဆုတခုလည်း ဖြစ်ပါတယ် ။ ဒါပေမယ့် ခင်ဗျား ဟာ ရည်မှန်းချက် မြင့်မားဖို့ လိုပါတယ် ။ ”

ပြိုင်ဖက် အီတလီ အသင်းနဲ့ နည်းပြ မန်ချီနီ အပေါ်

” မန်ချီနီ ဟာ ဒီလို ပြိုင်ပွဲ အဆင့်မျိုးမှာ တိကျတဲ့ ဆုံးဖြတ်ချက်မျိုး ပိုင်ပိုင်နိုင်နိုင် ချနိုင်ပါတယ် ။ သူဟာ ကစားသမားတွေကို ပွဲနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင် အိုင်ဒီယာမျိုး ချပြခွင့် ပေးပါတယ် ။ ဒါဟာ ဒီနိုင်ငံမှာ ပုံမှန် အရာ တခုတော့ မဟုတ်ပါဘူး ။ အဆင့်အတန်း အမျိုးမျိုးမှာ သူဟာ အောင်မြင်မှုတွေ ဆွတ်ခူးဖူးပါတယ် ။ ကစားပုံ စတိုင်လ် အပြောင်းအလဲ လုပ်နိုင်တာကို ကြည့်ရင် ၊ သူ့ရဲ့ ကြီးကျယ်တဲ့ အရည်အချင်းကို မြင်နိုင်မှာပါ ။ ”

ဆာဂျီယို ဘွတ်စ်ကပ်စ်

နေရှင်လိဂ် ဆီမီးဖိုင်နယ် အပေါ်

” ဆုဖလားတွေ အတွက် တိုက်ပွဲဝင်ဖို့ ဆိုတာ အသင်း အတွက် အမြဲ အရေးကြီးပါတယ် ။ ကြီးကျယ်တဲ့ အုပ်စု အဆင့်ကို ကျော်ဖြတ်ပြီးတဲ့နောက် ၊ ဒါဟာ အောင်မြင်မှု တခု ဆွတ်ခူးဖို့ အတွက် အခွင့်အရေးကောင်း ဖြစ်ပါတယ် ။ အခုဆို အင်အားကြီးတဲ့ အသင်း ၄သင်းပဲ ဒီ ပြိုင်ပွဲမှာ ကျန်ပါတော့တယ် ။ ဒါကို ကျွန်တော်တို့ စိန်ခေါ်မှု တရပ် အနေနဲ့ သတ်မှတ်မှာပါ ။ ”

” ဒီပွဲအတွက် အသင်းသားတွေ အားလုံး အရမ်း စိတ်လှုပ်ရှားနေကြပြီး ၊ ရည်မှန်းချက်လည်း ပြင်းထန်နေကြပါတယ် ။ အပြင်မှာ ဘာတွေ ပြောနေကြတယ် ဆိုတာ ကျွန်တော်တို့ ဂရုမစိုက်ပါဘူး ။ ကိုယ့်နိုင်ငံ မှာ ဘောလုံး က ဘယ်လို ရှိတယ် ဆိုတာ ကျွန်တော်တို့ သိထားသလို ၊ အဆုံးမှာ ဘာတွေပဲ ဖြစ်နေဖြစ်နေ ၊ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို အားလုံး က နာခံဖို့ အသင့်ပါပဲ ။ ပွဲကစားဖို့ အချိန်ကျလာတဲ့အခါ ၊ ပရိသတ်တိုင်းရဲ့ အားပေး ထောက်ခံမှုကို ကျွန်တော်တို့ ရထားပြီးသားပါ ။ ”

လက်ရှိ စပိန် အသင်းရဲ့ ခြေစွမ်း အဆင့်အတန်းနဲ့ ကိုယ်ပိုင် ခြေစွမ်း အဆင့်အတန်း အပေါ်

” စပိန်ရဲ့ အဆင့် က မနိမ့်ကျပါဘူး ။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ယူရို ဆီမီးဖိုင်နယ် အဆင့် အထိ တက်ရောက်ထားတဲ့ အတွေ့အကြုံကောင်း ပိုင်ဆိုင်ထားပါတယ် ။ အခုတော့ ကျွန်တော်တို့ဟာ နေရှင်လိဂ်မှာ အခြားသော အသင်းကောင်း ၃သင်းနဲ့ အတူ ဆီမီးဖိုင်နယ် အဆင့်ကို ကစားရမှာပါ ။ ဒီတော့ ဒီအဆင့် က အသင်းတိုင်းဟာ အရည်အသွေး ကောင်းကြပါတယ် ။ ”

” ကျွန်တော်တို့ဟာ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ကြပြီး ၊ ဒါဟာ အသင်းသားတိုင်း လိုက်နာရမယ့် စနစ်ပါပဲ ။ ကျွန်တော် ဟာလည်း ဒီ ပြိုင်ပွဲ အပေါ် စိတ်ဝင်စားမှုတွေနဲ့ ပြည့်နှက်နေပါတယ် ။ ဒီတော့ အကြို ဗိုလ်လုပွဲကို စပိန် အသင်းနဲ့ အတူ ပါဝင် ယှဉ်ပြိုင်ပေးဖို့ မျှော်လင့် စောင့်စားနေပါတယ် ။ ”

ပြိုင်ဖက် အီတလီရဲ့ အဆင့်အတန်း အပေါ်

” အီတလီ ဟာ ကြီးကျယ်တဲ့ အသင်း တသင်း ဖြစ်ပြီး ၊ ကြီးကျယ်တဲ့ နည်းပြ တဦးကို ပိုင်ဆိုင်ထားပါတယ် ။ သူတို့မှာ တိကျတဲ့ ကိုယ်ပိုင် ကစားပုံ စတိုင်လ်မျိုး ရှိပါတယ် ။ ဒါကို သူတို့ ပြီးခဲ့တဲ့ ယူရို ပြိုင်ပွဲမှာ ပြသခဲ့ပြီး ၊ ချန်ပီယံ ဖြစ်ဖို့လည်း ထိုက်တန်ခဲ့ပါတယ် ။ ”

” အခု လအနည်းငယ် အကြာမှာ သူတို့ဟာ ရှိပြီးသား ဖီလိုဆိုဖီနဲ့ ခံစစ်ကြောင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲပါ ။ နောက်ထပ် အပို အရည်အသွေးတွေပါ ထပ်ပြီး ပေါင်းစပ်လိုက်တဲ့ အခါမှာ ၊ သူတို့ဟာ အံ့သြဖွယ်ကောင်းတဲ့ ရှုံးပွဲ မရှိ မှတ်တမ်းကောင်းကို ရရှိနေတာ ဖြစ်ပါတယ် ။ ”

SPORTS MYANMAR