ယူရို ရှုံးကြွေးကို ၃ လ အတွင်းပြန်ဆပ်ကာ ဗိုလ်လုပွဲတက်သွားခဲ့တဲ့ စပိန် အသင်း

ပြီးခဲ့တဲ့ ဇူလိုင်လ တုန်းက အီတလီ အသင်းဟာ အင်္ဂလန် နိုင်ငံ ဝင်ဘာလေ ကွင်းကြီးထဲက ယူရို ၂၀၂၀ ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ စပိန် အသင်းကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင် ကစားပြီး ဗိုလ်လုပွဲကို တက်လှမ်းခဲ့ ပါတယ် ။

၃ လ အကြာမှာတော့ စပိန် အသင်းဟာ အီတလီ ကို သူတို့မြေ ၊ သူတို့ကွင်း ၊ သူတို့ ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ ခြေစွမ်းအသာ နဲ့ အနိုင်ပြန် ကစားပြီး ယူရိုရှုံးကြွေးကို ဆပ်ကာ နေးရှင်းလိဂ် ဗိုလ်လုပွဲကို တက်လှမ်း သွားခဲ့ ပါတယ် ။

စပိန် ဟာ ပထမပိုင်းမှာ အီတလီ ကို ခြေအသာ ၊ အခွင့်အရေး အသာ နဲ့ ကစားသွားခဲ့ပြီး မန်စီးတီး တိုက်စစ်မှူး ဖာရန် တောရက်စ် ရဲ့ သွင်းဂိုး ၂ ဂိုး နဲ့ ဗိုလ်လုပွဲ ကို ထိုက်တန်စွာ တက်လှမ်း နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

စပိန် နည်းပြ လူးဝစ် အန်နရီကေး ဟာ မထင်မှတ် ထားတဲ့ လူစာရင်းကို အသုံးပြုခဲ့ပြီး အားလုံးကို အံ့အား သင့်စေခဲ့ ပါတယ် ။

အန်နရီကေး ဟာ ၁၇ နှစ်သာ ရှိသေးတဲ့ ဘာစီလိုနာ အကယ်ဒမီ ကစားသမားလေး ဂါဗီ ကို ပွဲထွက်စာရင်းမှာ ထည့်သွင်းခဲ့ ပါတယ် ။ ဒါဟာ ဂါဗီ ကို စပိန် လက်ရွေးစင် သမိုင်းရဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်သွားစေခဲ့ ပါတယ် ။

ရှေ့တန်း မှာတော့ ပါဘလို ဆာရာဘီယာ ကို False 9 အဖြစ် အသုံးပြုခဲ့ပြီး ဖာရန်တောရက်စ် နဲ့ အိုယာဇာဘယ် တို့က တောင်ပံ တဖက်တချက်စီကနေ ဝန်းရံ ပွဲထွက်ခဲ့ပါတယ် ။

တကယ်တမ်း ကစားချိန် မှာတော့ ဖာရန်တောရက်စ် ဟာ ဆာရာဘီယာ နဲ့ နေရာပြောင်းလဲ ကစားခဲ့ပြီး အိုယာဇာဘယ် ရဲ့ ဖြတ်တင်ဘောတွေ ကို အကောင်းဆုံး အဆုံးသတ်ကာ စပိန် အတွက် ဦးဆောင်ဂိုးတွေ ကို သွင်းယူ ပေးသွားခဲ့ ပါတယ် ။

အထူးသဖြင့် သူ့ရဲ့ ဒုတိယမြောက်ဂိုးဟာ အဆင့်အတန်း မြင့်မားပြီး တိုက်စစ်မှူးကောင်း တယောက်ရဲ့ အရည်အသွေးမျိုးကို ပြသသွားနိုင် ခဲ့တာ ဖြစ်ပါတယ် ။

စပိန် ဟာ တောရက်စ် ရဲ့ ၄၅+၂ မိနစ် က ဒုတိယဂိုး မတိုင်ခင်မှာ ၂-၀ နဲ့ ဦးဆောင် ထားနိုင်ဖို့ နီးစပ် ခဲ့ပေမယ့် မားကိုစ့် အလွန်ဆို ရဲ့ ကန်ချက်ကို ဒွန်နာရမ်မာ တားဆီးရာကနေ ဂိုးရှေ့ ပြန်ကျလာတဲ့ ဘောလုံးကို ဘိုနူချီ က ဦးစွာ တားဆီး ရှင်းထုတ် နိုင်ခဲ့တာကြောင့် စပိန်တို့ ၁ ဂိုး နစ်နာ ခဲ့ရ ပါတယ် ။

အီတလီ ဘက်ကလည်း ပထမပိုင်းမှာတင် ချေပဂိုး ပြန်လည် ရရှိမယ့် အခွင့်အရေးတွေ ရှိခဲ့ ပါတယ် ။

ဘာနာဒက်စ်ချီ ရဲ့ ကန်ချက်ကို စပိန် ဂိုးသမား အူနိုင်း ဆိုင်မွန် ကာကွယ် နိုင်ခဲ့သလို မိနစ် အနည်းငယ် အကြာမှာ ရရှိတဲ့ အခွင့်အရေးကောင်း ကိုလည်း လော်ရန်ဇို အင်ဆစ်ညာ က အံ့အားသင့်ဖွယ် လွဲချော်ခဲ့ ပါတယ် ။

ပွဲကို အလှည့်အပြောင်း ဖြစ်စေတဲ့ အခိုက်အတန့် ကတော့ ပထမပိုင်း ၄၃ မိနစ် မှာ အီတလီ အသင်းခေါင်းဆောင် ဘိုနူချီ ဒုတိယ အဝါကတ်ထိပြီး ထုတ်ပယ် ခံခဲ့ရတာပါပဲ ။

ဘိုနူချီ ဟာ ဘောလုံးကို ခေါင်းခုန်တိုက်ချိန်မှာ စပိန် ကွင်းလယ်လူ ဘက်စကွက် ကို တံတောင်နဲ့ တွက်ခဲ့တယ် လို့ ဒိုင်လူကြီးက သတ်မှတ် ခဲ့ပြီး ဒုတိယမြောက် အဝါကတ် ပြသကာ ထုတ်ပယ်လိုက်တာပဲ ဖြစ်ပါတယ် ။

အနှေးပြကွက် မှာတော့ ဘိုနူချီ ရဲ့ တံတောင်ဟာ ဘက်စကွက် ကို ထိမှန် ခဲ့ပေမယ့် တမင်ရည်ရွယ်တဲ့ တံတောင်မျိုးလို့ သတ်မှတ်ဖို့ ခက်ခဲသလို ဒိုင်လူကြီး ရဲ့ ဆုံးဖြတ်ချက် ဟာလည်း ပြင်းထန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ဘိုနူချီ အထုတ်ခံရအပြီး ၄ မိနစ် အကြာမှာ အီတလီ တို့ ဒုတိယဂိုး ထပ်မံ ပေးလိုက်ရတာက စပိန် ကို အားသာချက် ကြီးကြီးမားမား ရရှိသွားစေခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာတော့ ၂ သင်းစလုံး ထင်မှတ်ထားသလောက် ကစားပုံ မကောင်းကြတော့ ပါဘူး ။

စပိန် ဟာ ၂ ဂိုးပြတ်နိုင်ထားပြီး ၁ ယောက် အသာနဲ့ ကစားနေရတာကို လုံး၀ ပွဲပြီးသွားသလိုမျိုး ပေါ့တိ ပေါ့ဆ ကစားသွားခဲ့ ပါတယ် ။

ဖာရန်တောရက်စ် ကို စောစော လူစားလဲ လိုက်တာကလည်း စပိန် အသင်းအနေနဲ့ နောက်ပိုင်း ရလာတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲပေးမယ့်သူ မရှိ ဖြစ်စေခဲ့ ပါတယ် ။

အီတလီ ကတော့ ဒုတိယပိုင်းမှာ ကစားပုံ ပိုကြမ်း လာခဲ့ပြီး ချေပဂိုးတွေ ပြန်သွင်းဖို့ထက် ရှုံးမဲမဲတဲ့ ဘက်ကို ပိုမို ဦးတည် ကစားသွားသလားတောင် ထင်မှတ် ခဲ့ရ ပါတယ် ။

ဒါပေမယ့် အီတလီ ရဲ့ မဆုတ်မနစ် ကြိုးစားမှုကြောင့် ၈၃ မိနစ် မှာ ချေပဂိုး ၁ ဂိုးပြန်လည် ရရှိခဲ့ ပါတယ် ။

တကယ်လို့ အီတလီသာ ဘောလုံးကို သေချာ အာရုံစိုက် ကစားခဲ့မယ် ဆိုရင် ဒုတိယပိုင်းမှာတင် ၂ ဂိုးစလုံး ပြန်သွင်း နိုင်ဖို့ ရှိနေပြီး ပေါ့ဆလွန်းတဲ့ စပိန် တို့ သင်ခန်းစာ ကောင်းကောင်း ရသွားနိုင်ပါတယ် ။

ဒါပေမယ့် အီတလီ ရဲ့ ဦးတည်ချက် ပျောက်တဲ့ ကစားပုံဟာ သူတို့ကို ပေးဆပ်ရစေခဲ့ပြီး ယူရို အပြီး နောက်ထပ် အောင်ပွဲတခုကို ရယူဖို့ အခွင့်အရေးကို လက်လွှတ် ဆုံးရှုံး ခဲ့ရ ပါတယ် ။

ဒီကနေ့ပွဲမှာ အဓိက ချီးကျူးရမှာကတော့ စပိန် နည်းပြ အန်နရီကေး ပါပဲ ။

ပူပူနွေးနွေး ယူရို ချန်ပီယံ အီတလီ နဲ့ ရင်ဆိုင် ရတဲ့ ပွဲမျိုးမှာ အန်နရီကေး ဟာ ဂါဘီ လို လူငယ်လေးကို ပွဲထုတ်ရဲ ခဲ့သလို ဒုတိယပိုင်း မှာလည်း ယီရီမီ ပီနို ( ၁၈ နှစ် ၊ ဗီလာရီးရဲ ) ၊ ဘရိုင်ယန် ဂျီလ် ( ၂၀ နှစ် ၊ စပါး ) ၊ မီကယ် မီရီနို ( ၂၅ နှစ် ၊ ဆိုဆီဒက် ) တို့လို အတွေ့အကြုံ နည်းတဲ့ ကစားသမားတွေကို ရဲရဲ ဝံ့ဝံ့ လူစားလဲ ထည့်သွင်း ကစားသွားခဲ့ ပါတယ် ။

ပွဲချိန် အတွင်းမှာတော့ ချဲလ်ဆီး နောက်ခံလူ ၂ ဦး ဖြစ်တဲ့ မားကိုစ့် အလွန်ဆို နဲ့ အက်ဇ်ပီလီ ကွီတာ တို့ ဟာ အတက်အဆင်း မှန်မှန် နဲ့ တိုက်စစ် – ခံစစ် ကို အကောင်းဆုံး ပုံဖော် ကစားပေးခဲ့ကြပြီး ဖာရန်တောရက်စ် နည်းတူ စပိန် ရဲ့ အောင်ပွဲ မှာ အဓိက ကျသူတွေ ဖြစ်ခဲ့ကြပါတယ် ။

စပိန် ဟာ ဗိုလ်လုပွဲ မှာတော့ ဘယ်လ်ဂျီယံ နဲ့ ပြင်သစ် တို့ ပွဲစဉ်က အနိုင် ရရှိမယ့် အသင်းနဲ့ ယှဉ်ပြိုင် ကစား သွားရမှာပါ ။

ဒီပွဲမှာ ဘယ်လိုရလဒ် ထွက်ပေါ်လာပါစေ ၊ သေချာတာကတော့ စပိန် ဟာ လူးဝစ် အန်နရီကေး ရဲ့ လက်အောက်မှာ အသင်းကြီး တသင်း ၊ ချန်ပီယံလောင်း တသင်း အဆင့်ကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ . . .

SPORTS MYANMAR