စပိန်နဲ့ ကစားမယ့် နေရှင်လိဂ် ဆီမီးဖိုင်နယ် မတိုင်မီ အီတလီ နည်းပြ ရောဘတ်တို မန်ချီနီ နဲ့ အီတလီ အသင်းခေါင်းဆောင် ခီယယ်လီနီ တို့ရဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ အပြည့်အစုံ

ယနေ့ညမှာ ဥရောပ နေရှင်လိဂ် ပြိုင်ပွဲရဲ့ အကြို ဗိုလ်လုပွဲ တပွဲ အဖြစ် အီတလီ အသင်းနဲ့ စပိန် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ် ။ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းကမှ ယူရို ချန်ပီယံ ဖြစ်ထားတဲ့ အီတလီနဲ့ ယူရို အကြို ဗိုလ်လုပွဲ တက်ရောက်ခဲ့တဲ့ စပိန် အသင်းတို့ရဲ့ ဒီတကြိမ် ထိပ်တိုက်တွေ့ဆုံမှု က ဘယ်လို ရလဒ် ထွက်လာမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

ထိုပွဲမတိုင်မီ အီတလီ လက်ရွေးစင် နည်းပြ ရောဘတ်တို မန်ချီနီ နဲ့ အီတလီ လက်ရွေးစင် အသင်းခေါင်းဆောင် ဖြစ်တဲ့ ဝါရင့် ခံစစ်မှူး ဂျော်ဂျီယို ခီယယ်လီနီ တို့ရဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှ ဖြေကြားချက်တွေကို အခုလိုပဲ အပြည့်အစုံ ဖော်ပြပေးလိုက်ရပါတယ် ။

ရောဘတ်တို မန်ချီနီ

ယူရို ပြိုင်ပွဲ အပြီး ၃လ အကြာမှာ စပိန်နဲ့ နောက်တကြိမ် ရင်ဆိုင်ရမယ့် အပေါ်

” ကောင်းပါတယ် ။ ကျွန်တော်တို့ဟာ နေရှင်လိဂ် ဆီမီးဖိုင်နယ် အဆင့်ကို ရောက်နေပါပြီ ။ ဒါဟာ ကြီးမားတဲ့ ပြိုင်ပွဲ တရပ်ပါ ။ ကျွန်တော်တို့ဟာ ပြိုင်ပွဲစုံ ၃၇ပွဲဆက် ရှုံးပွဲ မရှိထားသေးပေမယ့် ၊ ဒီ မှတ်တမ်းကောင်းကို လာမယ့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အထိ ဆက်လက် ထိန်းသိမ်းသွားချင်ပါတယ် ။ ”

” ကျွန်တော်တို့ဟာ ကြီးကျယ်တဲ့ အသင်း တသင်းပါ ။ ဒါပေမယ့် နိုင်ပွဲတွေ ဆက်ရဖို့ အတွက် ဆိုရင် ဒီထက် အများကြီး တိုးတက်ဖို့ လိုပါသေးတယ် ။ နေရှင်လိဂ် ဟာ သူ့ပုံစံ တခုနဲ့ သူ သက်သက် နာမည်ရှိတဲ့ ပြိုင်ပွဲ တရပ်ပါ ။ ကလပ် ပြိုင်ပွဲတွေ ကစားနေတဲ့ အချိန် အတွင်းမှာ ဒီ ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့် ပွဲတွေကို ကစားရမှာ ဆိုတော့ နည်းနည်းတော့ ပြင်ဆင်ရတာ ဂွကျပါတယ် ။ ”

” အခုဆို ဒီ ပြိုင်ပွဲမှာ ဥရောပရဲ့ အကောင်းဆုံး နိုင်ငံ အသင်း ၄သင်းပဲ ကျန်ပါတော့တယ် ။ ကျွန်တော်တို့ အတွက် ကတော့ ဗိုလ်လုပွဲ အထိပါ မျှော်မှန်းမယ် ဆိုရင် အရေးပါတဲ့ ပွဲ၂ပွဲ ကစားရဦးမှာပါ ။ ”

ယူရိုကလိုပဲ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နောက်ထပ် ဆီမီးဖိုင်နယ် တပွဲ ဖြစ်လာနိုင်ဖို့ မျှော်လင့်ထားသလား

” မျှော်မှန်းထားပါတယ် ။ စပိန် ဟာ အရမ်းကောင်းတဲ့ အသင်း တသင်း ဖြစ်ပြီး ၊ နည်းစနစ်ပိုင်း အရမ်း ကျွမ်းကျင်ပါတယ် ။ ဒီတော့ ဒီတကြိမ် ထိပ်တိုက် တွေ့ဆုံမှုဟာလည်း ယူရိုတုန်းကနဲ့ တူနိုင်ပါတယ် ။ စပိန် ဟာ ကျွန်တော်တို့ကို ဘောလုံး ပိုင်ဆိုင်မှု ရှုထောင့် အရ အကြပ်တွေ့စေပါတယ် ။ ဒီလို ကစားပုံမျိုး သူတို့ဟာ အနှစ် ၂၀လောက် ကျင့်သုံးလာခဲ့တာပါ ။ ”

” ဒီတော့ ကျွန်တော်တို့ထက် ရှေ့တိုး ရောက်နေပါတယ် ။ ကျွန်တော်တို့ဖက်ကတော့ သူတို့နဲ့ ရင်ဆိုင်တဲ့အခါ ၊ ကိုယ့်ပိုင် ကစားဟန်ကို ပိုင်နိုင်အောင် ၊ တိုးတက်အောင် အရင် လုပ်ထားရပါမယ် ။ ကမ္ဘာ့ဖလား မတိုင်မီ ကျွန်တော်တို့မှာ အရေးကြီးတဲ့ ၁၄လ ကျန်ပါသေးတယ် ။ တိုက်စစ်ပိုင်း ပိုအားကောင်းဖို့နဲ့ ဟန်ချက်ညီဖို့ကို တပြိုင်နက်တည်း ကြိုးစားရမှာပါ ။ ”

၁၉၉၀ ခုနှစ် နောက်ပိုင်း ဗိုလ်လုပွဲကို ပထမဆုံး အကြိမ် လက်ခံ ကျင်းပခွင့်ရတဲ့ အပေါ်

” ကျွန်တော်တို့ဟာ အကြို ဗိုလ်လုပွဲကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်လို့ ၊ ဒါကို အကြိတ်အနယ် ရှိမယ့် အကြို ဗိုလ်လုပွဲ တရပ် ဖြစ်စေချင်ပါတယ် ။ ဗိုလ်လုပွဲကိုလည်း ဒီအတိုင်းပဲ ဖြစ်စေချင်ပါတယ် ။ ”

ဂျော်ဂျီယို ခီယယ်လီနီ

ယူရိုတုန်းကလိုပဲ စပိန် ကို နောက်တကြိမ် အနိုင်ယူဖို့ မျှော်လင့်ထားတဲ့ အပေါ်

” ကျွန်တော်တို့ကတော့ ဒီပွဲမှာလည်း တူညီတဲ့ ရလဒ်ပဲ ထပ်ထွက်လာဖို့ မျှော်လင့်ထားတာပေါ့ ။ ဒီတကြိမ်ဟာလည်း ခက်ခဲလာမှာပါ ။ ယူရို က အရှုံး ရလဒ်ကြောင့် စပိန် ဟာ ကျွန်တော်တို့ထက် စိတ်ပိုင်းဆိုင်ရာ အရ ပိုပြီး အနိုင်ယူလိုချင်ဖို့ များနိုင်ပါတယ် ။ ကျွန်တော်ဆိုလည်း အရင်က စပိန်နဲ့ ရင်ဆိုင်ခဲ့ဖူးပြီး ရှုံးနိမ့်ခဲ့တဲ့ ပွဲတွေ အပြီးမှာဆိုရင် လက်စားချေချင်ခဲ့တဲ့ စိတ်မျိုး ရှိခဲ့တာပါပဲ ။ ”

” ကျွန်တော်တို့ဟာ ဒီတကြိမ် မီလန်မှာ ကစားရမှာ ဖြစ်ပြီး ၊ ကိုယ့်အိမ်ကွင်း ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ နိုင်ပွဲ ရချင်ပါတယ် ။ ပြီးခဲ့တဲ့ နွေတတွင်းမှာ တွေ့ခဲ့ရတဲ့ အီတလီ အသင်းရဲ့ ကစားဟန်နဲ့ ခံယူချက်ကို ပရိသတ်တွေနဲ့ အတူ မျှဝေချင်ပါတယ် ။ နောက်ပြီး လာမယ့် တနင်္ဂနွေနေ့မှာလည်း ပရိသတ်တွေနဲ့ အတူ ဗိုလ်လုပွဲမှာ ထပ်ဆုံဖို့ မျှော်လင့်ပါတယ် ။ ”

အိမ်ကွင်း အားသာချက် ရှိတဲ့ အပေါ်

” သေချာတာပေါ့ ။ ပြီးခဲ့တဲ့ ယူရို အုပ်စု အဆင့် အိမ်ကွင်း ၃ပွဲမှာ ဒါကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ ။ အိမ်ကွင်းမှာ ကစားရတာ ကျွန်တော်တို့ သဘောကျကြပါတယ် ။ ကျွန်တော်တို့ဟာ ရပ်တန့်လို့ ၊ ဖျက်ဆီးလို့ မရတာ လအနည်းငယ် ရှိလာပါပြီ ။ ဒါကပဲ နိုင်ပွဲ ရဖို့ ဆာလောင်မှုကို ပေးစွမ်းမှာပါ ။ ခက်ခဲတဲ့ အခိုက်အတန့်တွေတော့ ရှိလာနိုင်ပေမယ့် ၊ အိမ်ကွင်း ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အတူ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ် ။ ”

စပိန်နဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေ အပေါ်

” အားလုံးပါပဲ ။ သူတို့ရဲ့ ကစားပုံ စတိုင်လ် ၊ နည်းပြ ၊ ကစားသမားတွေ ၊ ဘောလုံး အတွေးအခေါ် ၊ ဒါတွေက သူတို့ကို အသင်းကောင်း တသင်း ဖြစ်စေပါတယ် ။ ဒီတော့ သူတို့ဟာ လေးစားမှုနဲ့ ထိုက်တန်ပါတယ် ။ ကျွန်တော်တို့ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လကထက် ပိုပြီး လိုက်လျောညီထွေ ဖြစ်ဖို့ လိုနိုင်ပါမယ် ။ ”

” အခွင့်အရေး အနည်းငယ် ရတဲ့ အခြေအနေကနေ ကျွန်တော်တို့ သူတို့ကို ဒုက္ခပေးနိုင်ရပါမယ် ။ ဒါက အရေးကြီးပါတယ် ။ ပွဲအခြေအနေ အရ အမျိုးမျိုး အပြောင်းအလဲ ရှိနိုင်ပေမယ့် ၊ ယေဘူယျအားဖြင့် သူတို့ဟာ ကျွန်တော်တို့ထက် ပိုပြီး ဘောလုံး ပိုင်ဆိုင်မှု များနိုင်ပါတယ် ။ အရေးကြီးဆုံးကတော့ ပွဲရဲ့ အဆင့် တခုချင်းစီကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖို့ လိုတာပါ ။ ”

SPORTS MYANMAR