ဥရောပ နေးရှင်းလိဂ် ဖလားဟာ ဂျော်ဂျင်ဟို ကို ရွှေဘောလုံးဆု ရဖို့ အထောက်အကူ ဖြစ်ပေးနိုင်မလား

ဒီတပတ် မှာတော့ ကလပ် အသင်းတွေ ရဲ့ ပွဲတွေ ခေတ္တရပ်နားပြီး ၂၀၂၁ ရဲ့ နောက်ဆုံးပိတ် နိုင်ငံတကာ ပွဲစဉ်တွေ ကို ယှဉ်ပြိုင် ကစား သွားကြမှာပဲ ဖြစ်ပါတယ် ။

လာမယ့် ၁၄ ရက်အတွင်းမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ၊ ခြေစမ်းပွဲတွေ အပြင် ဥရောပ နေးရှင်းလိဂ် ရဲ့ နောက်ဆုံး အဆင့်တွေ ကိုလည်း ယှဉ်ပြိုင် ကစားသွားကြမှာပါ ။

နေးရှင်းလိဂ် ဟာ ဒီနှစ်မှာ ဒုတိယမြောက် ရာသီ ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်းကို ရောက်ရှိလို့ လာခဲ့ပြီ ဖြစ်ပြီး စပိန် ၊ အီတလီ ၊ ပြင်သစ် နဲ့ ဘယ်လ်ဂျီယံ တို့ဟာ ပေါ်တူဂီ လက်ထဲက ချန်ပီယံ ဖလားကြီးကို ဆက်ခံဖို့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြရတော့ မှာပဲ ဖြစ်ပါတယ် ။

လာမယ့် အောက်တိုဘာ ၇ ရက်နေ့ မှာတော့ အီတလီ နဲ့ စပိန် အသင်းတို့ဟာ မီလန်မြို့ ၊ ဆန်စီရို ကွင်းကြီး ထဲမှာ ဆီမီး ဖိုင်နယ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစား ကြမှာ ဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့ မှာတော့ ဘယ်လ်ဂျီယံ နဲ့ ပြင်သစ် တို့ဟာ တူရင်မြို့ က ယူဗင်တပ် ကွင်းမှာ ဆီမီးဖိုင်နယ် ဒုတိယမြောက် ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစား သွားကြမှာပဲ ဖြစ်ပါတယ် ။

ဒီပွဲတွေဟာ တကျော့ကန် ပွဲစဉ်တွေ ဖြစ်ပြီး ဒုတိယ အကျော့ မပါရှိပါဘူး ။

တတိယ နေရာလုပွဲ ကိုတော့ အောက်တိုဘာ ၁၀ ရက်နေ့ မှာ ကစားကြမှာ ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲကြီး ကိုတော့ အောက်တိုဘာ ၁၁ ရက်နေ့ မှာ ယှဉ်ပြိုင် ကစား သွားကြမှာ ဖြစ်ပါတယ် ။

ဒီအသင်းတွေ ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ် အတွင်း ကစားခဲ့တဲ့ နေးရှင်းလိဂ် အုပ်စု အဆင့်တွေရဲ့ A League က အုပ်စု ၄ ခုမှာ အုပ်စုဗိုလ် အသီးသီး ဖြစ်ခဲ့ကြတဲ့ အသင်းတွေပဲ ဖြစ်ပါတယ် ။

အီတလီ ဟာ နယ်သာလန် ၊ ပိုလန် ၊ ဘော့စနီးယား တို့ ပါဝင်တဲ့ အုပ်စု ၁ မှာ ရှုံးပွဲ မရှိ ၁၂ မှတ် နဲ့ အုပ်စု ဗိုလ်စွဲ ခဲ့တာ ဖြစ်ပါတယ် ။

ဘယ်လ်ဂျီယံ ကတော့ အုပ်စု ၂ မှာ ဒိန်းမတ် ၊ အင်္ဂလန် ၊ အိုက်စလန် တို့နဲ့ အတူ ကျရောက်ခဲ့ပြီး ၅ ပွဲနိုင် ၊ ၁ ပွဲရှုံးကာ ၁၅ မှတ် နဲ့ အုပ်စုဗိုလ် နေရာကို စောစီးစွာ ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ပြင်သစ် ဟာ ပေါ်တူဂီ ၊ ခရိုအေးရှား ၊ ဆွီဒင်တို့ ပါတဲ့ အပ်စု ၃ မှာ ရှုံးပွဲ မရှိဘဲ ၅ ပွဲနိုင် ၁ ပွဲသရေကျကာ ၁၆ မှတ် နဲ့ ပထမ နေရာကို ရရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။

စပိန် ကတော့ ဂျာမနီ ၊ ဆွစ်ဇာလန် နဲ့ ယူကရိန်း တို့ ပါတဲ့ အုပ်စု ၄ မှာ ၁၁ မှတ် ရရှိခဲ့ပြီး ဂျာမနီ ကို ကျော်ကာ နောက်ဆုံး အဆင့်တက်ရောက်ခွင့် ကို ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

နေးရှင်းလိဂ် Official Twitter ရဲ့ စစ်တမ်း ကောက်ယူမှု မှာတော့ အီတလီ ဟာ မဲအများဆုံး ( ၄၄% ) နဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် ရပ်တည် နေပါတယ် ။ သူ့ရဲ့ နောက်မှာတော့ ပြင်သစ် ၊ ဘယ်လ်ဂျီယံ တု့ိက အစဉ်လိုက် ရှိနေကြပြီး စပိန် ကို မဲပေးသူကတော့ နည်းပါး ခဲ့ပါတယ် ။

စပိန် နဲ့ အီတလီ တို့ဟာ ဇူလိုင်လ တုန်းက ကစားသွားခဲ့တဲ့ ယူရို ၂၀၂၀ ရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ ဆုံတွေ့ ထားခဲ့ကြပြီး ၁ ဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲမှာ အီတလီ က ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်ကာ ဗိုလ်စွဲ ခဲ့တာ ဖြစ်ပါတယ် ။

အီတလီ ဟာ ကွာတား ဖိုင်နယ် မှာ ဘယ်လ်ဂျီယံ ကိုလည်း ၂-၁ နဲ့ အနိုင်ယူ ကျော်ဖြတ် ခဲ့ပါတယ် ။

ဒါကြောင့်လည်း ယူရိုပြိုင်ပွဲ နဲ့ ၃ လ အကြာမှာ ကစားမယ့် နေးရှင်းလိဂ် မှာ အီတလီ တို့ ရေပန်း အစားဆုံး ဖြစ်နေတာဟာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ခဲ့ပါဘူး ။

ဒီနေရာမှာ မေးခွန်းထုတ်စရာ ရှိလာတာက ဒီနေးရှင်းလိဂ်မှာ အီတလီ ဗိုလ်စွဲ ခဲ့မယ်ဆိုရင် ဂျော်ဂျင်ဟို အနေနဲ့ ရွှေဘောလုံးဆုပေးပွဲမှာ မက်ဆီ ၊ လီဝန်ဒေါ့စကီး တို့ကို ကျော်ပြီး ဆုရယူ နိုင်မလား ဆိုတာပါပဲ ။

 

သူတို့ ၃ ဦးဟာ လက်ရှိအချိန် မှာ ရွှေဘောလုံး အတွက် ရေပန်း အစားဆုံး ကစားသမားတွေ ဖြစ်ကြပြီး လာမယ့် အောက်တိုဘာ ၈ ရက်နေ့မျာ ထုတ်ပြန်မယ့် စကာတင် အယောက် ၃၀ စာရင်းမှာ ပါဝင်လာဖို့ ကျိန်းသေသူတွေ ဖြစ်ကြပါတယ် ။

ခုချိန် မှာတော့ မက်ဆီ ၊ လီဝန်ဒေါ့စကီး နဲ့ ဂျော်ဂျင်ဟို တို့ရဲ့ ပရိသတ်တွေဟာ ဒီဆုကို သူရသင့်တယ် ငါရသင့်တယ်နဲ့ အပြိုင် ငြင်းခုန်နေကြဆဲ ဖြစ်ပါတယ် ။

ဒီလို ငြင်းခုန်လို့ကောင်းအောင်လည်း သူတို့ ၃ ယောက်ဟာ မတူညီတဲ့ စွမ်းဆောင်မှုတွေ ၊ အောင်မြင်မှုတွေ ကို ရရှိ ထားခဲ့ကြတာပါ ။

မက်ဆီ ဟာ ၂၀၂၁ ရာသီကုန်အထိ ရွှေဘောလုံးဆု ရေပန်းစားမှုမှာ လီဝန်ဒေါ့စကီး ၊ ဂျော်ဂျင်ဟို ၊ ကန်တီ တို့ရဲ့ နောက်မှာ ရှိနေခဲ့ပေမယ့် ကိုပါ အမေရိကဖလားမှာ ဗိုလ်စွဲပြီးတဲ့ နောက်မှာတော့ အားလုံးကို ကျော်တက်ကာ နံပါတ် ၁ နေရာကို ရယူထားခဲ့ ပါတယ် ။

ဂျော်ဂျင်ဟို ကတော့ ၂၀၂၁ အတွင်းမှာ ကလပ် ရော နိုင်ငံ နဲ့ပါ အောင်မြင်ထားသူ ဖြစ်ပြီး ချဲလ်ဆီး နဲ့ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်ခဲ့သလို အီတလီ နဲ့လည်း ယူရို ၂၀၂၀ မှာ ဗိုလ်စွဲ ထားခဲ့ ပါတယ် ။

လီဝန်ဒေါ့စကီး ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် တုန်းက ရွှေဘောလုံးဆု နဲ့ အထိုက်တန်ဆုံး ဖြစ်ခဲ့ ပေမယ့် ဆုပေးပွဲ မကျင်းပခဲ့တာကြောင့် မရရှိခဲ့ရပါဘူး ။ ဒါပေမယ့် ပိုလန်သားကြီးဟာ သူ့ရဲ့ အကောင်းဆုံး စွမ်းရည်တွေကို ဆက်လက် ပြသခဲ့ပြီး မနှစ်က ဘောလုံးရာသီရဲ့ ဥရောပ ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ ပါတယ် ။

လတ်တလောမှာတော့ မက်ဆီ က ရွှေဘောလုံးဆုကို ၇ ကြိမ်မြောက် ရယူဖို့ ရေပန်းစား နေပေမယ့် ဂျော်ဂျင်ဟို သာ အီတလီ နဲ့ နေးရှင်းလိဂ် မှာ ဗိုလ်စွဲသွားခဲ့မယ် ဆိုရင်တော့ ဒီအားပြိုင်မှုဟာ ပိုပြီး အကျိတ်အနယ် ရှိလာမှာ သေချာပါတယ် ။

မက်ဆီ ဟာ ဒီရာသီ မှာ အသင်းသစ် နဲ့ အသားမကျသေးသလို ချန်ပီယံလိဂ် မှာသာ သွင်းဂိုး ၁ ဂိုး ရရှိ ထားခဲ့ ပါတယ် ။ PSG ဟာ ပြင်သစ်လိဂ် ကို ဦးဆောင် နေပေမယ့် လိဂ် ရဲ့ အဆင့်အတန်း နိမ့်ကျမှုဟာ မက်ဆီ အတွက် ဂုဏ်ယူစရာ ဖြစ်နေမှာ မဟုတ်တာ သေချာပါတယ် ။

အဲ့ဒိအချိန် မှာတော့ ဂျော်ဂျင်ဟို ရဲ့ ချဲလ်ဆီး ဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားရဲ့ အဆင့် ၁ နေရာကို ရယူထားပြီး ဒီနှစ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတသင်း အဖြစ်လည်း ရှိနေခဲ့ ပါတယ် ။

သတင်းဌာန အတော်များများရဲ့ ဖော်ပြချက် မှာ မက်ဆီ ၊ လီဝန်ဒေါ့စကီး နဲ့ ဂျော်ဂျင်ဟို တို့ဟာ ထိပ်ဆုံး ရေပန်းစားသူ ၃ ဦး အဖြစ် ရှိနေပေမယ့် တကယ်တမ်း မှာတော့ မက်ဆီ နဲ့ ဂျော်ဂျင်ဟို တို့သာ ဒီဆု အတွက် အဓိက ယှဉ်ပြိုင် သွားရဖို့ ရှိနေပါတယ် ။

၂၀၂၁ ခုနှစ် ရဲ့ ရွှေဘောလုံး ဆုပေးပွဲကြီးကို လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ပြုလုပ် သွားမှာ ဖြစ်ပြီး ဘယ်သူက အောင်ပွဲခံသွား နိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ် ။

ရွှေဘောလုံး ဆု အတွက် ရေပန်း အစားဆုံး ကစားသမား ၁၀ ဦး ( Goal.com ရဲ့ ဖော်ပြမှု ) ကတော့ –

၁၀ ။ ကယ်ဗင် ဒီဘရိုင်းနား ( မန်စီးတီး )

၉ ။ ရိုနယ်ဒို ( မန်ယူနိုက်တက် )

၈ ။ အမ်ဘာပေ ( PSG )

၇ ။ ဘန်ဇီးမား ( ရီးရဲ မက်ဒရစ် )

၆ ။ ဟာလန်း ( ဒေါ့မွန် )

၅ ။ လူကာကူ ( ချဲလ်ဆီး )

၄ ။ ကန်တီ ( ချဲလ်ဆီး )

၃ ။ ဂျော်ဂျင်ဟို ( ချဲလ်ဆီး )

၂ ။ လီဝန်ဒေါ့စကီး ( ဘိုင်ယန်မြုးနစ် )

၁ ။ လီယွန်နယ် မက်ဆီ ( PSG )

SPORTS MYANMAR