#Breaking_News: “ အသင်းပြောင်းခွင့်ပေးဖို့ PSG ထံ တောင်းဆိုခဲ့ပါတယ်” အမ်ဘာပေ

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလမှာ တန်းလန်းကြီး ဖြစ်ခဲ့တဲ့ အမ်ဘာပေ နဲ့ ရီးရဲ မက်ဒရစ် တို့ အကြားက သတင်းတွေ ရဲ့ ကန့်လန့်ကာ နောက်ကွယ်က အကြောင်းအရာ တချို့ က ပြင်သစ် လူငယ်လေး ကိုယ်တိုင်က ဖွင့်ချလိုက်ပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ က ရာမို့စ် ၊ ဒွန်နာရမ်မာ ၊ ဝိုင်နယ်ဒမ် ၊ ဟာခီးမီး နဲ့ မက်ဆီ တို့ကို ခေါ်ယူခဲ့ပြီးနောက် ၊ အမ်ဘာပေ ဟာ အသင်းကနေ ပြောင်းရွှေ့ချင်တဲ့ သတင်းတွေ စတင် ထွက်ပေါ်ခဲ့ ပါတယ်။ သူ့ရဲ့ လက်ရှိ စာချုပ်သက်တမ်း ကလဲ တနှစ်သာ ကျန်တော့တဲ့ အချိန် ဖြစ်လို့ ၊ ခေါ်ယူဖို့ အချိန်တိုင်း နားစွင့်နေတဲ့ ရီးရဲ မက်ဒရစ်ဟာ တရားဝင် ချဉ်းကပ်မှုတွေ နဲ့ စတင်ကြိုးပမ်းလာခဲ့ပါတယ်။

သတင်းတွေ အရတော့ ရီးရဲ မက်ဒရစ် ဟာ ယူရို သန်း 170 ဝန်းကျင် နဲ့ စတင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို ပီအက်စ်ဂျီ အားကစား ဒါရိုတ်တာ လီယိုနာဒို က အတည်ပြုခဲ့ပြီး ၊ ရီးရဲ မက်ဒရစ် အနေနဲ့ အမ်ဘာပေ ကို တကယ်လိုလိုချင်ချင် နဲ့ ခေါ်ယူချင်တယ် ဆိုရင် တန်ရာတန်ကြေး အတိုင်း ပေးပြီး ကမ်းလှမ်းသင့်တယ်လို့ တုန့်ပြန်ခဲ့သလို ၊ ရာသီ အကုန်မှာ အလွတ်ကြေးနဲ့ ခေါ်ယူချင်လို့ ဟန်ပြလောက် ပုံစံမျိုး နဲ့ မချဉ်းကပ်သင့်ဘူးလို့ မှတ်ချက်ပေးခဲ့ ပါတယ်။

အဲဒီနောက်မှာတော့ ရီးရဲ မက်ဒရစ်ဟာ ယူရို 180 သန်း အထိ တိုးပြီး ကမ်းလှမ်းတဲ့ သတင်း တချို့ ထွက်ပေါ်လာခဲ့ပေမယ့် ထူးခြားမှု ရှိမလာခဲ့ပါဘူး။ အသင်း ဥက္ကဌ အယ်ခီလာဖီ ကလဲ သူတို့ရဲ့ ကြယ်ပွင့် ကစာသမားကို လုံး၀ ရောင်းထုတ်မှာ မဟုတ်ပဲ ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစားသွားမယ့် အကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အခုချိန်မှာတော့ အပြောင်းအရွှေ့ ကာလလဲ ပိတ်သိမ်းသွားခဲ့ပြီဖြစ်သလို ၊ ရာသီသစ် စတင် ဖြတ်သန်းနေချိန်မျိုးမှာတောင် ပီအက်စ်ဂျီ ဟာ ဘာပေ ကို ဆက်ထိန်းထားနိုင်မယ့် စာချုပ်သစ် ဆိုင်ရာ သဘောတူညီမှုမျိုး ရယူနိုင်တဲ့ အခြေအနေ မရှိတဲ့ အပြင် ၊ ကစားသမား ကိုယ်တိုင်က ကန့်လန့်ကာ နောက်ကွယ်က အကြောင်းရာ တချို့ကို အခုလို ဖွင့်ဟ လာခဲ့ပါတယ်။

“ ကျနော် က အသင်းပြောင်းချင်တဲ့ အကြောင်းကို ဇူလိုင်လ ကတည်းက အသိပေးခဲ့တာပါ ဘာလို့လဲ ဆိုတော့ ကိုယ့်စိတ်ထဲမှာ စာချုပ်သစ် မချုပ်ဆိုချင်တော့တဲ့ အခိုက်အတန့်မျိုး ရောက်ရှိလာချိန်မှာ အသင်းကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးမျိုးတော့ ပြန်ရစေချင်တယ်လေ။ ဒါမှလဲ အရည်သွေးမြင့်တဲ့ ကစားသမား တယောက် ပြန်လည် အစားထိုးနိုင်မှာ ဖြစ်ပါတယ်။

ကလပ် အနေနဲ့လဲ ကျနော့် ဆန္ဒအပေါ် လေးနက်မှု အပြည့် ထားစေချင်ခဲ့ပါတယ်။ အဲဒီထဲကမှ သူတို့က ရောင်းထုတ်မှာ မဟုတ်ဘူး ဆိုရင် သက်တမ်းကုန်ဆုံးတဲ့အထိ ကစားပေးသွားမယ်ဆိုတာ လေးလေးနက်နက် ပြောဆိုခဲ့တာပါ” လို့ RMC နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ ပါတယ်။

ဒါကြောင့် PSG အနေနဲ့ အမ်ဘာပေ ကို အလွတ်ကြေး နဲ့ ဆုံးရှုံးရတော့မယ့် အခြေအနေတွေ ထင်ရှားလာနေပြီ လို့ သုံးသပ်ရတော့မှာပါ။ အကယ်၍ အဲဒီလို အဖြစ်မခံနိုင်ဘူး ဆိုရင် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာပဲ ရတဲ့ဈေးနဲ့ ရောင်းထုတ်ရုံပဲ ရှိပါတော့တယ်။

ဘာပေ ကိုယ်တိုင်ကလဲ သူ့ရဲ့ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုမှု တချို့ကို သဘောမကျတဲ့ အပြင် ၊ လုံး၀ မဟုတ်မှန်တဲ့ အကြောင်းအရာတွေကိုလဲ အခုလို တုန့်ပြန် ဖြေရှင်းသွားခဲ့ ပါတယ်။

“ဒီကြားထဲကမှ PSG ဘက် က တုန့်ပြန်ခဲ့တဲ့ စကားလုံးတွေ နဲ့ ပတ်သက်ပြီးလို့ လုံး၀ သဘောမကျပါဘူး။ သူတို့ ပြောတာ က ကျနော်ဟာ အပြောင်းအရွှေ့ ပိတ်သိမ်းခါနီး သြဂုတ်လကုန်ခါနီးမှ အသင်းပြောင်းခွင့်တောင်း ဆိုတာတဲ့လေ။ ဒါက လုံး၀ အမှားကြီးပါ။ ကျနော့် ကို သူခိုး ဂျပိုးလို့ စွပ်စွဲလိုက်သလိုပါပဲ။ ကျနော့် ဘက်က ကလပ်အသင်းကို အသိပေးခဲ့တာ ဇူလိုင်လ အကုန်ပိုင်း ကတည်းက ဖြစ်ပါတယ်။

တဆက်တည်း ထပ်ပြောရရင် PSG ဘက်က စာချုပ်သစ် ကမ်းလှမ်းမှု 7 ကြိမ် လောက်ကို ကျနော်က ပယ်ချခဲ့တယ် ဆိုတဲ့ သတင်းတွေကလဲ လုံး၀ မမှန်ပါဘူး။ သူတို့ ဟာ ကျနော့် အတွက် အများကြီးကို ဖန်တီးပေးခဲ့ပါတယ်။ ဒီကလပ်နဲ့အတူ ဖြတ်သန်းခဲ့တဲ့ 4 နှစ် တာ ကာလမှာ အရမ်းကို ပျော်ရွှင်ခဲ့ရသလို ၊ အခုထိလဲ ပျော်နေဆဲပါ” လို့ ဖွင့်ဟ သွားခဲ့ ပါတယ်။

ဒီလို အချိန်မျိုးမှာ အမ်ဘာပေ လို ကစားသမား တယောက်က စာချုပ်သစ် ကိစ္စတွေ ၊ အပြောင်းအရွှေ့ သတင်းတွေ အကြောင်းတွေ ထုတ်ပြောလာတာ အံ့အားသင့်ဖို့ ကောင်းပါတယ်။

တကယ်ပဲ ပီအက်စ်ဂျီနဲ့ စေ့စပ် ညှိနှိုင်းလို့ မရတော့တာလား ၊ ရီးရဲ မက်ဒရစ် နဲ့ စာချုပ်ဆိုင်ရာ အချက်အလက်တွေများ ကြိုတင် သဘောတူညီမှု ရယူပြီးလို့ အခုလိုပြောလာတာလား ဆိုတာတော့ ကာယကံရှင်တွေ ကိုယ်တိုင်ပဲ သိကြမှာပါ…………

SPORTS MYANMAR