ဂျူဗင်တပ်စတား ခီယေဆာကို မခေါ်ယူခဲ့တဲ့အတွက် နောင်တရနေလောက်မယ့် ပရီးမီးယားလိဂ်ကလပ် ၂ ခုကို ထုတ်ဖော်လိုက်တဲ့ ဖာဒီနန်

ရီယိုဖာဒီနန်က ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက် နဲ့ ချဲလ်ဆီး တို့အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့က အီတလီစတား ဖက်ဒရီကိုခီယေဆာကို ခေါ်ယူရန် ပျက်ကွက်ခဲ့မှု အတွက် နောင်တရနေလိမ့်မယ်လို့ ဆိုလိုက်ပြီး ဂျူဗင်တပ် တိုက်စစ်မှုးဟာ မနေ့ညက ချဲလ်ဆီးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တောက်ပစွာ ကစားသွားခဲ့ ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ အီတလီရဲ့ ယူရို ၂၀၂၀ အောင်မြင်မှုဟာ အဓိက အခန်းကဏ္ဍကနေ ပါ၀င်ခဲ့သူ ဖြစ်ပြီး ခရစ်စတီယာနိုရော်နယ်ဒို ထွက်ခွာသွားခဲ့ပြီးနောက် ဂျူဗင်တပ် အသင်းကို အဓိက ဦးဆောင်မယ့်သူ အဖြစ် ယူဆခံထားရကာ မနေ့ညက တူရင်ကလပ်ရဲ့ အထောင် တိုက်စစ်မှာ ဦးဆောင် ပါ၀င် ကစားသွားခဲ့ပါတယ်။

ခီယေဆာဟာ အဆိုပါ ပွဲစဉ်မှာ ဂျူဗင်တပ် အတွက် အနိုင်ဂိုး သွင်းယူခဲ့ရုံသာမကဘဲ ၎င်းရဲ့ Skill ၊ လုပ်အားကောင်းတဲ့ ကစားဟန် ၊ တိုက်ရိုက် ထိုးဖောက်မှုတွေနဲ့ အတူ တစ်ပွဲလုံး ချဲလ်ဆီး ခံစစ်ကို ဖိအားများစေခဲ့ကာ ပွဲအပြီးမှာ man of the match ဆုကို ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ခီယေဆာကို ချဲလ်ဆီး နဲ့ မန်ယူနိုက်တက် တို့က စိတ်၀င်စားမှု ပြသခဲ့ကြပေမယ့်လည်း တရား၀င် ချိတ်ဆက်မှုတော့ မရှိခဲ့ကာ မနေ့ညက နောက်ထပ် တောက်ပတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးချိန်မှာတော့ ဖာဒီနန်က ချဲလ်ဆီး မန်ယူနိုက်တက်တို့ အနေနဲ့ ဒီလို အရည်အသွေးမြင့် ကစားသမားကို မခေါ်ယူခဲ့တဲ့ အတွက် လက်ရှိမှာ နောင်တ ရနေလောက်တယ်လို့ ဆိုသွားပါတယ်။

ဖာဒီနန်က “သူဟာ တကယ့် ထိပ်တန်း ကစားသမား တစ်ဦးပါ။ ပြီးခဲ့တဲ့ နွေရာသီက သူ့ကို အင်္ဂလန်က ကလပ် အနည်းငယ် (ချဲလ်ဆီး ၊ မန်ယူနိုက်တက်) က ချိတ်ဆက်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ ဒီကလပ်တွေဟာ ‘သူ့ကို ငါတို့ ဘာကြောင့်များ မခေါ်ယူခဲ့တာလဲ?’ ဆိုပြီး တွေးကာ နောင်တရနေလောက်ပါတယ်။

သူဟာ ထူးချွန်တဲ့ ဘောလုံးသမား တစ်ဦး ဖြစ်ပါတယ်။ ခီယေဆာဟာ အပြင်းအထန် အားထုတ် ကစားလေ့ ရှိသူ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီက ယူရို ၂၀၂၀ ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ အီတလီ အသင်း အတွက် သူဟာ ပြိုင်ဘက် ဂိုးပေါက်ကို အခြိမ်းခြောက်နိုင်ဆုံး ကစားသမား ဖြစ်ခဲ့တယ် ဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ပြီးပါပြီ။

သူ့ရဲ့ မြန်နှုန်းမြင့် ကစားဟန် ၊ မောင်းနှင်မှု ၊ ပြိုင်ဘက် ခံစစ်ပိုင်း ခြိမ်းခြောက်နိုင်တဲ့ ကစားဟန် ၊ သူ့ရဲ့ ဘောလုံးစွမ်းရည် နဲ့ ပြိုင်ဘက် ခံစစ်ကို ကျော်ကာ ပြေးလွှား ကစားဟန်တွေဟာ တကယ့်ကို ကောင်းပါတယ်။ သူဟာ တိုက်စစ်မှာ နေရာစုံ ကစားပေးနိုင်စွမ်း ရှိတဲ့ မော်ဒန်ခေတ်ရဲ့ တိုက်စစ်မှုးလည်း ဖြစ်ပါတယ်။ သူဟာ အထောင် တိုက်စစ်မှာ ကစားနိုင်သလို တောင်ပံ တိုက်စစ်မှာ ကစားတာတော့ ပိုမို သက်တောင့်သက်သာ ဖြစ်တာကို တွေ့ရပါတယ်။ သူ့ရဲ့ မြန်နှုန်းမြင့် ကစားဟန်ဟာ နောက်ခံလူတွေဟာ ပျာယာခတ်စေပြီး သူဟာ တကယ့်ကို တိုက်ရိုက်ကျကျ တိုက်စစ်ဆင် ကစားတဲ့ သူပါ။” လို့ ချီးကျူးလိုက်ပါတယ်။

ဖာဒီနန်ရဲ့ အင်္ဂလန် အသင်းဖော်ဟောင်း ဖြစ်သူ ဂျိုကိုး ကတော့ ခီယေဆာကို လူး၀စ်ဆွာရက် လက်သစ် အဖြစ် တင်စားသွားခဲ့ကာ လက်ရှိမှာ ဥရောပ ထိပ်တန်း ကလပ်တွေဟာ အီတလီ စတားကို ပစ်မှတ်ထားနေကြမှာ သေချာတယ်လို့ ဆိုသွားပါတယ်။

ဂျိုကိုးက “သူ့မှာ ရှိနေတဲ့ အကောင်းဆုံး စွမ်းရည်ကတော့ နှိမ့်ချတက်တဲ့ စိတ်ထား ဖြစ်ပါတယ်။ သူဟာ လူး၀စ်ဆွာရက် ငယ်ငယ်တုန်းကလို Character မျိုး ရှိနေသူ ဖြစ်ပြီး သူဟာ ဘာမှ မဟုတ်တဲ့ အနေအထားကနေ တစ်ခုခု ဖြစ်လာအောင် လုပ်နိုင်သူပါ။ ဥရောပမှာ ရှိတဲ့ ထိပ်တန်း ကလပ်တိုင်းဟာ သူ available ဖြစ်လာတဲ့ အခါ ခေါ်ယူဖို့ ကြိုးပမ်းသွားကြမှာပါ။”

SM