နံနက်ခင်း အားကစား သတင်းများ

လာလီဂါ နဲ့ အီတလီ စီးရီးအေ ပွဲစဉ် အချိုု့ ကို မနေ့ညက ကစား သွားခဲ့ပါတယ် ။ ဒီပွဲစဉ်တွေ မှာတော့ ရော်နယ် ကိုးမန်း ရဲ့ ဘာစီလိုနာ အသင်းဟာ အဝေးကွင်းမှာ ကာဒဇ် နဲ့ ဂိုးမရှိ သရေကျ ပြီး အခြေအနေ ဆိုးသထက် ဆိုးလာခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ပွဲစဉ် ၅ ပွဲ ( ရီးရဲ တို့ထက် ၁ ပွဲလျော့ ) ကစားအပြီးမှာ ၉ မှတ်သာ ရရှိ ထားပြီး ထိပ်ဆုံးက ရီးရဲ မက်ဒရစ် နဲ့ ၇ မှတ် အထိ ကွာဟ နေခဲ့ ပါတယ် ။

ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယွန် ကတော့ ပွဲချိန် အတွင်းမှာ အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ရိုးမား ဟာ အူဒီနီးစ် ကို အိမ်ကွင်းမှာ ၁ – ၀ နဲ့ အနိုင် ရခဲ့ပြီး တိုက်စစ်မှူးလေး

တမ်မီ အေဘရာဟမ် က အနိုင်ဂိုး ကို သွင်းယူ ပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

ရိုးမား အသင်းခေါင်းဆောင် ပယ်လီဂရီနီ ကတော့ အနီကတ် ထိ ခဲ့တာကြောင့် လာဇီယို နဲ့ ကစားမယ့်

ရောမ ဒါဘီ ကို လွဲချော် ရတော့မှာပါ ။

ရိုးမား နည်းပြကြီး မော်ရင်ဟို ကတော့ အသင်း တာဝန် ရှိသူတွေ အနေနဲ့ ပယ်လီဂရီနီ ရဲ့ အနီကတ် အပြစ်ဒဏ် ကို အယူခံ ဝင်သင့်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ် ။

နာပိုလီ ကတော့ ၁၀၀% နိုင်ပွဲ ဆက်မှုကို ဆက်ထိန်းထား နိုင်ခဲ့ ပါတယ် ။

ဒီည မှာလည်း စပါယ်လက်တီ ရဲ့ အသင်းဟာ အဝေးကွင်းမှာ ဆမ့်ဒိုးရီးယား ကို ၄ – ၀ နဲ့ ဂိုးပြတ် နိုင်ခဲ့ပြီး တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟမ်း က ၂ ဂိုး သွင်းယူ ပေးသွားခဲ့ ပါတယ် ။

လက်ရှိ မှာတော့ နာပိုလီ ဟာ ၅ ပွဲ ကစားအပြီးမှာ ၁၅ မှတ် အပြည့် နဲ့ စီးရီးအေ အမှတ်ပေး ဇယား ကို ဦးဆောင် နေခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ ကြားရက်မှာ ကစား ခဲ့တဲ့ မာဆေး နဲ့ အန်းဂါးစ် အသင်းတို့ ရဲ့ ပွဲစဉ်မှာ နောက်ထပ် ပရိသတ်တွေ

ခိုက်ရန် ဖြစ်ပွားမှုကို မြင်ခဲ့ရ ပါတယ် ။ ပွဲသိမ်း ခရာမှုတ်ချိန် မှာ ဧည့်သည့် မာဆေး အသင်းရဲ့ ပရိသတ်တွေ ဟာ

ကွင်းထဲ ကို ပြေးဆင်း လာခဲ့ကြပြီး အိမ်ရှင် အန်းဂါးစ် ပရိသတ်တွေ ကလည်း ကွင်းထဲ ထိ ဆင်းလာကာ ခိုက်ရန် ဖြစ်ပွား ခဲ့ကြတယ်လို့ သိရ ပါတယ် ။

အဲဗာတန် ကို ၃ – ၀ နဲ့ အနိုင် ရတဲ့ ပွဲမှာ ဒဏ်ရာ ရရှိ ခဲ့တဲ့ အက်စတွန် ဗီလာ ကွင်းလယ်လူ ဂျွန်မက်ဂင်း ဟာ အမြန် သက်သာလာပြီး လာမယ့် အပတ်မှာ ပြန်လည် ကစားပေး နိုင်ချေ ရှိတယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ တူရကီ ကလပ် ကေဆီယာစပေါ် အသင်းရဲ့ လူငယ်လေး အမ်မရီ ဒီမိုင်ယာ ကို ၂၀၂၇ ခုနှစ် အထိ စာချုပ် ချုပ်ဆိုကာ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ခဲ့ကြတယ်လို့ သိရ ပါတယ် ။

အင်တာ နဲ့ လမ်းခွဲ ထားပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြ ကွန်တီ ဟာ ဘာစီလိုနာ နဲ့ အာဆင်နယ် နည်းပြ ရာထူးတွေ ကို စိတ်ဝင်စားမှု မရှိဘူးလို့ ကြားသိရ ပါတယ် ။

ယူဗင်တပ် နည်းပြ ဟောင်း အန်ဒရေ ပီယာလို ဟာလည်း ဘာစီလိုနာ နည်းပြ ရာထူး အတွက် ရေပန်းစား နေတယ်ဆိုတဲ့ ကောလဟာလ တခုလည်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ယူဗင်တပ် အသင်းဟာ ပြီးခဲ့တဲ့ အပတ် တုန်းက အေစီမီလန် နဲ့ ကစားခဲ့တဲ့ ပွဲမှာ အေစီ ဂိုးသမား မစ်ဂ်နန် ကို အသားအရောင် ခွဲခြား လှောင်ပြောင် ခဲ့တဲ့ ပရိသတ်ကို ရှာဖွေ တွေ့ရှိ သွားခဲ့ပြီး ကွင်းအတွင်း ဝင်ရောက် ကြည့်ရှုခွင့် ကို ရာသက်ပန် ပိတ်ပင် လိုက်ပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် ဒေသတွင်း ယူဗင်တပ် ဖန်ကလပ် ကလည်း အဆိုပါ ပရိသတ်ကို အဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်လိုက်တယ် လို့ သိရ ပါတယ် ။

အဲဗာတန် အသင်းဟာ ကိုလံဘီယာ ကွင်းလယ်လူ ဟာမက် ရိုဒရီဂွက် ကို ကာတာ ကလပ် ထံ လက်လွှတ် ခဲ့ အပြီး မှာတော့ စပါး အသင်းနဲ့ စာချုပ် ဖျက်သိမ်း ထားတဲ့ အိုင်ဗရီကိုစ့် နောက်ခံလူ ဆာဂျီ အူရီယေး ကို ခေါ်ယူဖို့ စိတ်ကူး လာခဲ့တယ် လို့ ကြားသိရ ပါတယ် ။

ဟာမက် ရိုဒရီဂွက် ကတော့ ယမန်နေ့ က ကာတာ ကလပ် အယ်ရေရန် ကို ရောက်ရှိ ခဲ့ပြီး ကျောနံပါတ် ၁၀ ကို ဝတ်ဆင် ကစား သွားမှာပဲ ဖြစ်ပါတယ် ။

ဗီလာ အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် နောက်ခံလူ တိုင်ရွန်မင်းစ် ကတော့ သူဟာ ကမ္ဘာ့ဖလား ၂ နှစ် တကြိမ် ကျင်းပမယ့် အစီအစဉ် ကို လက်ခံမှာ မဟုတ်ကြောင်း ဝေဖန် သွားခဲ့ ပါတယ် ။

လာလီဂါ ဘောလုံး အဖွဲ့ချုပ်ဟာ အောက်တိုဘာ အတွင်း ကစားမယ့် လာလီဂါ ပွဲစဉ် ၉ အတွက် ပွဲချိန်တွေကို ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။

ဒါပေမယ့် ရီးရဲ မက်ဒရစ် နဲ့ ဘီဘာအို ၊ ဂရန်နာဒါ နဲ့ အက်သလက်တီကို မက်ဒရစ် တို့ရဲ့ ပွဲစဉ်တွေ အတွက်

ပွဲချိန်တွေ ကိုတော့ ထည့်သွင်း မထားခဲ့ဘဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲ သွားရောက် ကစားမယ့်သူတွေ အပြန် နောက်ကျ ပါက ပွဲစဉ်တွေ ကို ရွှေ့ဆိုင်း ပေးသွားဖွယ် ရှိတယ် လို့ သိရှိရ ပါတယ် ။

နာပိုလီ ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ အတွက် ကြိုတင် လှုပ်ရှား နေပြီး ဖူလ်ဟမ် အသင်းရဲ့ ကွင်းလယ်လူ အန်ဂွစ်ဆာ ကို စုံစမ်းမှု ပြုလုပ် ထားတယ်လို့ ကြားသိရ ပါတယ် ။

ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ် ဟာ ကလပ် အသင်းက ကစားသမားတွေ ကို ကိုဗစ် ကာကွယ်ဆေး ထိုးနှံဖို့ အတွက် အရှိန်မြှင့် တိုက်တွန်း နေပေမယ့် အချို့ ကလပ် အသင်းတွေဟာ ကစားသမား ၆ ဦး ခန့်သာ ဆေးထိုးကြရသေးတယ် လို့ သိရပါတယ် ။

SPORTS MYANMAR