ဒီတပတ် စီးရီးအေ ပွဲစဉ်တွေက နည်းပြတို့ ရဲ့ ပြောစကားများ

ဒီတပတ် ကစားခဲ့တဲ့ အီတလီ စီးရီးအေ ပွဲစဉ်တွေ မှာတော့ ၁၀၀% နိုင်ပွဲ ရနေတဲ့ မော်ရင်ဟို ရဲ့ ရိုးမားဟာ

အဝေးကွင်း မှာ ဟဲလက်စ် ဗီရိုနာ အသင်း ကို ရှုံးနိမ့် သွားခဲ့ ပါပြီ ။

အိမ်ရှင် အသင်းဟာ ပေါ်တူဂီသားကြီး ရဲ့ အသင်း ကို ၃-၂ နဲ့ အနိုင် ရခဲ့တာ ဖြစ်ပြီး

ဒီရက်သတ္တပတ် ရဲ့ အစမှာမှ နည်းပြသစ် ဖြစ်လာတဲ့ ခရိုအေးရှားသားကြီး အီဂေါ တူဒေါ အတွက်တော့

မျက်နှာ ရစရာ ဖြစ်စေခဲ့ ပါတယ် ။

မော်ရင်ဟို ရဲ့ ရိုးမား ကတော့ ပယ်လီဂရီနီ ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ ပေမယ့် ဂိုးတွေ ပြန်ပေးကာ

အရေးနိမ့် ခဲ့ရ ပါတယ် ။ မော်ရင်ဟို ကတော့ ဘာတွေ ဖြစ်သွားခဲ့တယ် ဆိုတာ ရှာဖွေ သွားမယ်လို့ ပြောဆို ခဲ့ ပါတယ် ။

“ဗီရိုနာ မှာ အရည်အသွေးကောင်းတွေ အများကြီး ရှိတာ ကျွန်တော် သိပါတယ် ။

သူတို့ နဲ့ ရင်ဆိုင် ကစားရတာက ခက်ခဲ တဲ့ ပွဲပါ ။

အထူးသဖြင့် နည်းပြ အပြောင်းအလဲ လုပ်ထားပြီးကာစ ဆိုရင် အသင်းတိုင်းက ကစားတာ အရမ်း ကောင်းတတ်ကြပါတယ် ။

တူဒေါ ရဲ့ ဗီရိုနာ ကစားပုံက မနှစ်တုန်းက အိုင်ဗန် ဂျာရစ် လက်ထက် မှာ ကစားခဲ့တာနဲ့ ပုံစံတူ ပါတယ် ။

ဒါကြောင့် ကစားသမားတွေ ဘက်က သိပ်ပြီး ခက်ခက်ခဲခဲ လေ့လာ နေစရာ မလိုတော့ပါဘူး ။

ကျွန်တော်တို့ ဘက်ကတော့ တယောက်ချင်း ရင်ဆိုင် လုတာတွေမှာ ဘောလုံးတွေ အများကြီး ဆုံးရှုံးခဲ့ ပါတယ် ။

ဗီရိုနာ က ပိုပြီး ပြင်းပြင်း ပြပြ ကစားသွားခဲ့တာပါ ။

အခု ဗီဒီယို တွေ ရှေ့မှာ နာရီ အနည်းငယ်လောက် ထိုင်ပြီး ဘာဖြစ် ခဲ့တယ် ဆိုတာ ပြန်ပြီး

သုံးသပ် ရမယ့် အချိန် ပါပဲ” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။

အဲ့ဒိ အချိန် မှာတော့ တူရင်မြို့မှာ ကစားတဲ့ ယူဗင်တပ် နဲ့ အေစီမီလန် အသင်းတို့ရဲ့ ပွဲစဉ် ကတော့

တဖက် ၁ ဂိုးစီ သရေ ရလဒ် နဲ့ အဆုံးသတ် သွားခဲ့ ပါတယ် ။

ဒီပွဲ ဟာ ယူဗင်တပ် ကို အဆင့် ၁၆ ကနေ အဆင့် ၁၈ အထိ ရောက်အောင် ပို့ပေးလိုက်တာ ဖြစ်ပြီး

သမိုင်းတွင်မယ့် ရာသီအဖွင့်ဆိုးကြီးကို ကြုံတွေ့ စေခဲ့ရ ပါတယ် ။

အေစီမီလန် ကတော့ မြို့ခံ အင်တာ မီလန် နဲ့ အတူ ၁၀ မှတ် ရရှိ ထားပြီး စီးရီးအေ ဇယားရဲ့

အဆင့် ၂ နေရာကို ရယူ ထားခဲ့ ပါတယ် ။

အကယ်၍ ဒီညမှာ ကစားမယ့် နာပိုလီ သာ အနိုင် ရခဲ့မယ် ဆိုရင်တော့ စပါယ်လက်တီ ရဲ့ အသင်းဟာ ၁၂ မှတ် အပြည့် နဲ့ အဆင့် ၁ နေရာကို ရယူ သွားမှာပါ ။

“ပထမပိုင်း မှာ ကျွန်တော်တို့ ပိုကောင်းခဲ့ ပါတယ် ၊ အခွင့်အရေးတွေလည်း ဖန်တီး နိုင်ခဲ့ပါတယ်” လို့

ယူဗင်တပ် နည်းပြ အယ်လီဂရီ က DAZN သတင်း ဌာန ကို ပြောပြ သွားခဲ့ ပါတယ် ။

“ဒါပေမယ့် နောက်ပိုင်းမှာ အာရုံ စူးစိုက်မှု ၊ နဲ့ ရယူလိုစိတ်တွေ လျော့ကျ သွားခဲ့ ပါတယ် ။

ဂိုးပေးလိုက်ရတဲ့ ထောင့်ကန်ဘော မှာ ဆိုရင် ဒါကို သိသိသာသာ မြင်ခဲ့ရ မှာပါ ။

ပွဲကို ထိန်းချုပ် ထားနိုင်တဲ့ အချိန်မှာ ဒီလို ဂိုးမျိုး ပေးလိုက်ရတာ နှမြော စရာကောင်းပါတယ် ။

ကစားဖို့ ပွဲတွေ အများကြီး ကျန်ပါသေးတယ် ၊ အမှားတွေ ကနေ ကျွန်တော်တို့ သင်ယူ ရမှာပါ”

“ကျွန်တော်လည်း ဝန်ခံ စရာ ရှိပါတယ် ။ လူစားလဲတာတွေ မှားသွားခဲ့တယ် ဆိုတာပါပဲ ။

၁-၀ နဲ့ ဦးဆောင် နေတုန်းမှာ ခံစစ် ကို ပို ကစားနိုင်တဲ့ သူတွေကို ကျွန်တော် ထည့်ခဲ့သင့် တာပါ ။

ဒါကြောင့် ဒီရလဒ် အတွက် ကျွန်တော့မှာ အဓိက တာဝန် ရှိပါတယ် ။

အခု ကျွန်တော်တို့ လိုအပ် နေတာ က နိုင်ပွဲ တပွဲ ပါပဲ ။ နိုင်ပွဲ တပွဲ ဟာ အသင်းကို အရင် လမ်းကြောင်းမှန်ပေါ်

ပြန်ရောက်စေမှာပါ ။ ဒီနိုင်ပွဲ ကို အမြန်ဆုံး ရှာဖွေ သွားပါမယ်” လို့ အယ်လီဂရီ က ပြောဆို သွားခဲ့ ပါတယ် ။

အေစီမီလန် အသင်းရဲ့ နည်းပြကြီး စတီဖာနို ပီယိုလီ ကတော့ ဒီနေ့ မှာ သူတို့ ဟာ အနိုင် ကစားဖို့

တူရင် ကို လာခဲ့ ကြတာ ဖြစ်ကြောင်းနဲ့ ဦးဆောင်ဂိုး ပေးလိုက် ရတဲ့ အချိန် မှာတောင်မှ အနိုင်ရဖို့ အကြောင်းပဲ

တွေး နေခဲ့တာ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ဒီပွဲ ကို အနိုင် ကစားဖို့ လာခဲ့တာပါ ။

ယူဗင်တပ် က ပထမ မိနစ် ၂၀ အတွင်းမှာ ကစားတာ ကောင်းခဲ့ ပါတယ် ။

ဒါပေမယ့် ကျွန်တော်တို့ က နောက်ပိုင်းမှာ ပိုကောင်း လာပြီး ပို အာရုံ စိုက်လာ နိုင်ခဲ့ ပါတယ် ။

ရှေ့ ကိုလည်း ဘောလုံးတွေ အများကြီး ပို့နိုင်ခဲ့ ပါတယ်”

“ဒါကြောင့် တပွဲလုံး ခြေစွမ်းကို ခြုံပြောရရင်တော့ ကျေနပ် စရာတွေ အများကြီး ရှိခဲ့တယ်လို့ ပြောရမှာပါပဲ ။

ပေးလိုက်ရတဲ့ ဂိုးကတော့ နုံနုံ အအ အမှားတွေ အများကြီး ဆက်တိုက် လုပ်မိ လိုက်တဲ့ အကျိုးဆက်ပါ ။

ဒါကို ရှေ့လျောက် နည်းနိုင်သမျှ နည်းအောင် ပြင်ဆင် ဖို့ ကြိုးစား ရပါမယ် ။

ကျွန်တော် သဘောကျမိ တာကတော့ မီလန် ဟာ အမြဲတမ်း အနိုင်ရဖို့ ကိုပဲ ရည်စူးပြီး ကစားခဲ့တာကိုပါ” လို့ ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR