Record: အန်ဖီးလ်မှာ PL ရှုံးပွဲ မရှိသေးတဲ့ ဗန်ဒိုက်

ကာလရှည် ဒဏ်ရာ ပြသနာ ကနေ ပြန်လည် သက်သာလာတဲ့ ကစားသမား တယောက်ဟာ ယခင် ပုံမှန်ခြေစွမ်းတွေ ချက်ခြင်း ပြန်ရဖို့ ဆိုတာ တော်တော်လေး ခက်ခဲပါတယ်။ ထိပ်တန်း အဆင့် ဘောလုံးသမားတွေ အများစုတောင် အဲဒီလို လုပ်ဆောင်နိုင်ခြင်း မရှိလို့ ၊ ကလပ်အသင်းတွေဟာလဲ သူတို့ရဲ့ ပုံစံကောင်းတွေ ပြန်လည် ရရှိဖို့ စိတ်ရှည်ရှည် နဲ့ စောင့်ဆိုင်းရလေ့ရှိပါတယ်။

လီဗာပူး အသင်းရဲ့ ခံစစ်မှုးကြီး ဗန်ဒိုက် ကတော့ မနှစ်က တရာသီလုံး နီးပါး အနားယူနေခဲ့ရသည့်တိုင်အောင် ၊ ဒီရာသီမှာ ပုံမှန် ခြေစွမ်းတွေ နဲ့ ပြန်လည် ကစားပေးနေတာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒါဟာ ကစားသမား ကိုယ်တိုင်ကရော ၊ ကလပ်အသင်းဘက်ကပါ စနစ်တကျ နဲ့ ပြန်လည် ထူထောင်ရေး ကာလတွေကို အတွဲညီညီ လုပ်ဆောင်ခဲ့ကြတဲ့ ရလာဒ် တခုလို့ ပြောရမှာ ဖြစ်သလို ၊ နည်းပြ ယာဂန် ကလော့ပ် ရဲ့ ပံ့ပိုး ကူညီမှုတွေ ကလဲ အဓိက နေရာမှာ ရှိခဲ့ပါတယ်။

ဒါကြောင့်လဲ ရာသီသစ် မစတင်မီ အချိန်က ဗန်ဒိုက် ရဲ့ ဒဏ်ရာ ပြသနာ နဲ့ ပတ်သက်ပြီး လီဗာပူး နည်းပြကြီးက “ ကျနော်တို့ အနေနဲ့ အချိန်တွေ အကြာကြီး စောင့်ဆိုင်းခဲ့ပြီးပြီ ဖြစ်လို့ ၊ အခုချိန်မှ အလောတကြီး ကစားခိုင်းစရာ မလိုပါဘူး။ အခုလို စိတ်ရှည်ရှည် နဲ့ စောင့်ဆိုင်းခဲ့တာဟာ ကျနော်တို့ အတွက် မဟုတ်ပဲ ၊ သူ့ရဲ့ လက်ကျန် ဘောလုံးသမားဘ၀ မှာ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ နဲ့ ဆက်လက် ကစားပေးနိုင်ဖို့ အတွက်ပါ။ ဒါကြောင့်မို့ ဗန်ဒိုက် ကို အလျှင်စလို အသုံးပြုမှာ မဟုတ်ပါဘူး” လို့ မှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက် ကိုယ်တိုင်လဲ နယ်သာလန် အတွက် ယူရို 2020 ပြိုင်ပွဲကြီးကို ပါဝင် ကစားပေးဖို့ ဆန္ဒပြင်းပြသည့်တိုင်အောင် ၊ ရေရှည်အတွက် မျှော်ကြည့်ပြီး ဖြစ်ချင်တဲ့စိတ်တွေ မြိုသိပ်ခဲ့တာပါ။

လက်ရှိ အချိန်မှာတော့ အဲဒီ အကျိုးရလာဒ်တွေဟာ ကွင်းထဲမှာ စတင်ခံစားနေရပြီလို့ ပြောရမှာ ဖြစ်ပါတယ်။
လီဗာပူး ဟာ ဒီရာသီ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အားလုံးမှာ ဗန်ဒိုက် ကို အသုံးပြုထားခဲ့သလို ပေးဂိုး ကလဲ 1 ဂိုးသာ ခွင့်ပြုထားရသေးပါတယ်။

ဒါကြောင့် ဗန်ဒိုက် ပြန်လည် ကစားပေးနိုင်တဲ့ အချက်က အသင်းရဲ့ ရလာဒ်တွေကို ဘယ်လောက်အထိ တည်ငြိမ်စေခဲ့တယ် ဆိုတာ ပိုပြီး ပေါ်လွှင်ခဲ့တဲ့ အပြင် ၊ ဂိုးသမား အလီဆွန် အတွက်လဲ Clean Sheet ပွဲတွေ ဆက်တိုက် ရယူပြနိုင်ဖို့ အတွက် ယုံကြည်မှုတွေ ပိုမို တိုးပွားစေခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ပဲလေ့နဲ့ ပွဲမှာတော့ ဗန်ဒိုက် ဟာ ကစားသမားသစ် ကိုနာတီ နဲ့ အတွဲညီညီ ကစားပြခဲ့ကာ ၊ နောက်ထပ် အရေးပါတဲ့ နိုင်ပွဲ တပွဲရအောင်လဲ ကူညီ စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒီပွဲဟာ သူ့ရဲ့ လီဗာပူး ကစားသမား ဘ၀ ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း 100 ပြည့်မြောက်တဲ့ ပွဲစဉ် ဖြစ်သလို ၊ Clean Sheet နဲ့ နိုင်ပွဲကို တပြိုင်နက် ရယူနိုင်ခဲ့တဲ့ အတွက် ကျေနပ်မိတဲ့ အကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

အဲဒီ ပါဝင် ကစားပေးခဲ့တဲ့ ပွဲပေါင်း 100 မှာ ၊ 76 ပွဲ အနိုင်ရခဲ့ပြီး ၊ 16 ပွဲ သရေ ကျကာ ၊ 8 ပွဲ သာ ရှုံးနိမ့်ပြီး ၊ 47 ပွဲ Clean Sheet ရယူနိုင်ခဲ့ပါတယ်။

ပိုပြီး ထူးခြားတာ က ဗန်ဒိုက်ဟာ လီဗာပူး ကစားသမား ဘ၀ အန်ဖီးလ်ကွင်းကြီးထဲမှာ အခုချိန်ထိ ပရီးမီးယားလိဂ် ရှုံးပွဲ တပွဲမှ ကြုံတွေ့ဖူးသေးခြင်း မရှိသေးပါဘူး။ သူဟာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အန်ဖီးလ်ကွင်းထဲမှာ ပွဲပေါင်း 50 အထိ ကစားပေးထားကာ 44 ပွဲ နိုင် ၊ 6 ပွဲ သရေ ရလာဒ် ထွက်ပေါ်အောင် ကူညီ စွမ်းဆောင်ပေးထားပါတယ်။

ဒါကြောင့် အန်ဖီးလ် ကွင်းထဲမှာ ဗန်ဒိုက် ရှိနေပြီ ဆိုရင် လီဗာပူး ဟာ ပရီးမီးယားလိဂ် ရှုံးပွဲ မကြုံဖို့တော့ ရာခိုင်နှုန်း အတော်များတယ်လို့တော် ပြောရတော့မှာပါ။

SPORTS MYANMAR