လမ်းပတ် လက်ထက် အပယ်ခံ ချဲလ်ဆီး ကြယ်ပွင့် ၂ဦးကို ကယ်တင်ပေးခဲ့တဲ့ ဆရာဟောင်း တူချယ် အပေါ် ချီးကျူးစကား ဆိုခဲ့တဲ့ ဟာရဲရား

ချဲလ်ဆီး အသင်း ဟာ လက်ရှိ နည်းပြ သောမတ်စ် တူချယ် မတိုင်မီ ၊ ၎င်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်နဲ့ တနှစ်ခွဲဝန်းကျင် လက်တွဲခဲ့ပါသေးတယ် ။ အထူးသဖြင့် ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီမှာ ကစားသမားသစ် ခေါ်ယူခွင့် မရှိတဲ့ အချိန် ၊ ဘယ်ထိပ်တန်း နည်းပြမှ ချဲလ်ဆီးကို တာဝန်မယူရခဲ့တာကြောင့် လမ်းပတ် ဟာ ရဲရဲဝံ့ဝံ့နဲ့ လစ်လပ်နေတဲ့ နည်းပြ ရာထူးကို လက်ခံခဲ့ပါတယ် ။

လမ်းပတ် ဟာ အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် ငွေကြေးများစွာ ကုန်ကျခံ တည်ဆောက်ထားပေးတဲ့ အကယ်ဒမီ ပရောဂျက်မှ လူငယ် ကြယ်ပွင့် များစွာကို မြေမြှောက်ပေးခဲ့ပြီး ၊ ပရီးမီးယားလိဂ် အဆင့်ရှိ ထိပ်တန်း ကစားသမားတွေ ဖြစ်အောင် ပြုစု ပျိုးထောင်ပေးခဲ့ပါတယ် ။

ဒီ အကျိုးဆက်ကြောင့် ၊ ပြီးခဲ့တဲ့ ရာသီမှာ ချဲလ်ဆီး ဘုတ်အဖွဲ့ ဟာ လမ်းပတ် အလိုရှိတဲ့ ကစားသမားသစ် ၇ဦး အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ ကျော် သုံးစွဲပေးခဲ့ပါတယ် ။ သို့ပေမယ့် လမ်းပတ် ဟာ တိုတောင်းလှတဲ့ နည်းပြ ဘဝ အတွင်း ထိုကဲ့သို့ ပံ့ပိုးမှုမျိုး မကြုံခဲ့ဖူးတာကြောင့် ၊ ကစားသမားတွေကို အပြည့်အဝ အသုံးချနိုင်ဖို့ထက် သုံးစွဲခဲ့တဲ့ ပြောင်းရွှေ့ကြေး ပမာဏကြောင့် ဖိအားပိုများခဲ့ရပါတယ် ။

ကစားသမား အင်အား ကြီးမားလာတဲ့နဲ့ အမျှ လမ်းပတ် ဟာ အချို့သော စီနီယာ ကစားသမား တွေကိုပင် အရန်ခုံသို့ ပို့ခဲ့ရတာတွေ ရှိပြီး ၊ တခါတလေမှာ အကြောင်းပြချက် တိတိကျကျ မရှိပဲ ၊ မားကို့စ် အလွန်ဆို ၊ အန်တိုနီယို ရူဒီဂါ တို့လို အားထားရတဲ့ စီနီယာ အချို့ကို ကစားခွင့် လုံးဝနီးပါး မပေးခဲ့ပါဘူး ။

ရာသီဝက် ရောက်ဖို့ တလ အလိုလောက်မှာ ချဲလ်ဆီးတို့ ရလဒ်တွေ တောက်လျှောက် ဆိုးရွားခဲ့လို့ ၊ ဘုတ်အဖွဲ့ ဟာ ၎င်းတို့ရဲ့ ကလပ် ဂန္တဝင် ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ၊ ၎င်းရဲ့ နေရာကို ယခင် ပီအက်စ်ဂျီနဲ့ ဒေါ့မွန် နည်းပြဟောင်း သောမတ်စ် တူချယ်နဲ့ အစားထိုးခဲ့ပါတယ် ။

တူချယ် ဟာ စီနီယာနဲ့ လူငယ် ကြယ်ပွင့် အားလုံးကို အခွင့်အရေး တန်းတူပေးခဲ့ပြီး ၊ လမ်းပတ် လက်ထက် အပယ်ခံ နောက်ခံလူ ၂ဦး ဖြစ်တဲ့ ရူဒီဂါနဲ့ အလွန်ဆို တို့ကိုလည်း ယခင်လို ထိပ်တန်း အဆင့် ပြန်လည် ရောက်ရှိအောင် ခြေစွမ်း ပြန်သွေးပေးခဲ့ပါတယ် ။ ၎င်းတို့ ၂ဦးလုံး ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် ၄ပွဲလုံး ပွဲထွက်ခွင့် ရခဲ့ပြီး ၊ အထူး ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။

ပီအက်စ်ဂျီ ကွင်းလယ်လူ အန်ဒါ ဟာရဲရား ကတော့ ရူဒီဂါနဲ့ အလွန်ဆို တို့ကို အရောင် ပြန်တင်ပေးနိုင်ခဲ့တဲ့ ဆရာဟောင်း တူချယ် ကို ချီးကျူးစကား ဆိုခဲ့သလို ၊ ပီအက်စ်ဂျီနဲ့ မဆွတ်ခူးဖြစ်လိုက်တဲ့ ချန်ပီယံလိဂ် ဖလား ကို တူချယ် တယောက် ချဲလ်ဆီး နဲ့ ၄လ အတွင်း ဆွတ်ခူးပြနိုင်ခဲ့တဲ့ အပေါ်လည်း အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

Marca သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ဟာရဲရား က ” ကျွန်တော် ကတော့ ဒီလို အဖြစ်အပျက်မျိုးကို ဘောလုံး လောကရဲ့ ဖြစ်စဉ် တခုလို့ပဲ ရိုးရိုးရှင်းရှင်း တွေးပါတယ် ။ ကျွန်တော် တို့ဟာ လွန်ခဲ့တဲ့ ၈လောက်က သူနဲ့ အတူ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်ခဲ့ပြီး ၊ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ် ။ ”

” ဒါဟာ ချန်ပီယံလိဂ် ပြိုင်ပွဲက ဘယ်လောက်ထိ ဒဏ္ဍာရီ ဆန်သလဲ ဆိုတာ ပြသနေပါတယ် ။ အခြား အားကစား ပြိုင်ပွဲတွေမှာ ဒီလောက်ထိ ဆန်းကြယ်တဲ့ ဖြစ်ရပ်မျိုး ကြုံရဖို့ မလွယ်ပါဘူး ။ အရင် ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် လက်ထက်မှာ မားကို့စ် အလွန်ဆိုနဲ့ ရူဒီဂါ တို့လို ကစားသမားတွေဟာ လက်တွေ့ ကစားခွင့်တွေ မရခဲ့ကြပါဘူး ။ ”

” အဲဒီနောက် တူချယ်လည်း ရောက်လာရော ၊ ကြီးမားတဲ့ ခြားနားမှု ဖြစ်စေခဲ့ပါတယ် ။ ဘောလုံး မှာ ဘယ်အရာမှ တထစ်ချ တွက်ထားလို့ မရပါဘူး ။ ရှော့ခ် ဖြစ်စေလောက် အခိုက်အတန့်မျိုး ကြုံရနိုင်ခြေ က အမြဲတမ်း ရှိနေတာပါ ။ ဒါမျိုး ဘတ်စ်ကတ်ဘောမှာ မမြင်ရနိုင်ပါဘူး ။ သူတို့မှာ တူညီတဲ့ အသင်းတွေပဲ အနိုင်ရတတ်တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR