ဘန်လေနဲ့ ပွဲမှာ အာဆင်နယ် အသင်းသား တစ်ဦးဟာ လက်ဖျားခါရလောက်အောင် ကောင်းမွန်ကြောင်း ချီးကျူးလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်းဟာ ဘန်လေ အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင် ရခဲ့ပြီးနောက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် အဝေးကွင်း နိုင်ပွဲ ရရှိ သွားခဲ့ပါတယ် ။ ပွဲအပြီးမှာ အာတီတာ က နောက်ခံလူ ဂါဘရီယဲလ် ရဲ့ စွမ်းဆောင်ရည်ကို တစ်ခုတ်တစ်ရ ချီးကျူး သွားခဲ့ပါတယ် ။

နွေရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိလာတဲ့ အိုဒီဂွါဒ် နဲ့ စူပါ ဖရီးကစ်ဂိုး နဲ့ အာဆင်နယ် အသင်းဟာ နိုင်ပွဲ ရရှိ သွားခဲ့တာ ဖြစ်ပါတယ် ။ အိုဒီဂွါဒ် အတွက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးလည်း ဖြစ်ပါတယ် ။

အာတီတာ က အိုဒီဂွါဒ် ရဲ့ သွင်းဂိုး နဲ့ စွမ်းဆောင်ရည်ကို အားရ ကျေနပ်မှု ရှိပေမယ့် သူ အဓိက ချီးကျူး သွားခဲ့သူကတော့ ဘရာဇီး နောက်ခံလူ ဂါဘရီယဲလ် မက်ဂါဟေးလ်စ် ပဲ ဖြစ်ပါတယ် ။ ဂါဘရီယဲလ် ဒဏ်ရာကနေ သက်သာပြီး ပြန်ကစားနိုင်တဲ့ နှစ်ပွဲစလုံးမှာ အာဆင်နယ် အသင်းဟာ ပေးဂိုး လုံးဝ မရှိ ခဲ့ပါဘူး ။

ဂါဘရီယဲလ် ဟာ ဘန်လေ နဲ့ ပွဲမှာ တခြား အာဆင်နယ် ကစားသမားတွေ အားလုံးထက် ဘောလုံးဖျက်ထုတ်မှု ၊ ရှင်းထုတ်မှု ၊ ပိတ်ဆို့မှု ပိုလုပ် နိုင်ခဲ့ပြီး အမြင့်ဘော အသာရမှုမှာလည်း ၁၀ ကြိမ် အထိ ရှိခဲ့ပါတယ် ။

အာတီတာ က ” ဂါဘရီယဲလ် က အာဆင်နယ် အတွက် အများကြီး လုပ်ပြ ထားနိုင်ပြီးသား ဖြစ်တဲ့ သူပါ ၊ သူက တောက်ပတဲ့ အနာဂတ် ကို ပိုင်ဆိုင်ထားသူ တစ်ဦးဆိုလည်း မှန်ပါတယ် ၊ ပရီးမီးယားလိဂ်မှာ ကစားရတာက တခြားလိဂ်တွေထက် ပိုခက်ခဲပါတယ် ၊ ဒီနေ့ သူ ကစားတာ လက်ဖျားခါရလောက်အောင် ကောင်းပါတယ် ။ ”

အာဆင်နယ် အသင်း ရဲ့ နိုင်ပွဲ အပေါ် အာတီတာ က ” တကယ့်ကို ကစားရ ခက်ခဲတဲ့ နေရာမှာ ခက်ခက်ခဲခဲ နိုင်ပွဲ ယူခဲ့တာပါ ၊ ကျွန်တော်တို့ အနေနဲ့ တိုက်ပွဲဝင်စိတ် အပြည့် နဲ့ ကစား ခဲ့ကြပါတယ် ။ ”

” ပထမပိုင်း အတွင်းမှာ ကျွန်တော်တို့ ပွဲကို စိုးမိုး ကစားထားနိုင်ပြီး ကောင်းမွန်တဲ့ အခိုက်အတန့် အချို့ ရှိခဲ့ပါတယ် ၊ အဲ့ဒီ အချိန်မှာ ဂိုးတွေ သွင်းနိုင်ခဲ့သင့်တာပါ ၊ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဘောလုံးကို ပြီးစလွယ် ပေးခဲ့ကြတဲ့ အကြိမ်ရေ အများကြီးပါပဲ ။ ”

 

” ကျွန်တော်တို့ အသင်းမှာ ခွန်အားသုံး သိပ်မကစားနိုင်တဲ့ ကစားသမားတွေ ရှိပါတယ် ၊ ဒါပေမယ့် သူတို့ အကောင်းဆုံး လုပ်နိုင်ခဲ့ပြီး ကျွန်တော်တို့ အနိုင် ရခဲ့ပါတယ် ။ ”

” ကျွန်တော် ကတော့ အသင်းရဲ့ ခံစစ်ပိုင်း အတွက် ဝမ်းမြောက် ဂုဏ်ယူ မိပါတယ် ၊ အနိုင်ရတဲ့ အတွက်လည်း ကျေနပ်ပါတယ် ၊ နှစ်ပွဲဆက် အနိုင် နှစ်ပွဲဆက် Clean-Sheet ရထားပါပြီ ၊ ကျွန်တော်တို့ တခြားအသင်းတွေကို လိုက်မှီဖို့ အများကြီး လိုပါသေးတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM