ပဲလေ့ ကို ဂိုးပြတ် အနိုင်ရရှိတဲ့ ပွဲအပြီး လီဗာပူး ရယူလိုက်တဲ့ စံချိန်မှတ်တွေ နဲ့ စွမ်းဆောင်ရည်များ

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလမှာ ခံစစ် ကစားသမား တဦးပဲ ဖြည့်တင်းထားခဲ့တဲ့ အတွက် ဒီနှစ် ဘောလုံးရာသီ လီဗာပူး ရဲ့ အနေအထားဟာ ရင်ခုန်စရာ သိပ်ပြီး ကောင်းမှာမဟုတ်ဘူးလို့ ဟောကိန်းထုတ်မှုတွေ များစွာရှိခဲ့ပေမယ့် ၊ ယာဂန် ကလော့ပ် ကိုယ်တိုင်ကတော့ အဲဒီ သုံးသပ်ချက်တွေ မှားယွင်းတဲ့ အကြောင်း ကွင်းထဲက စွမ်းဆောင်ရည်တွေ နဲ့ရော ၊ ပွဲအပြီး ရလာဒ်တွေ နဲ့ပါ သက်သေပြလျှက် ရှိပါတယ်။

3 ရက် 1 ပွဲ နှုန်း ပွဲတွေ ဆက်တိုက် ကစားနေရတဲ့ ကာလမျိုးမှာတောင် လီဗာပူး တို့ ရင်ဆိုင် ကစားသွားတဲ့ ခြေစွမ်းက အထင်ကြီးချင်စရာ ကောင်းလွန်းပါတယ်။ ပထမပိုင်းမှာ ခံစစ်ကို အသားပေးပြီး တန်ပြန်တိုက်စစ် ၊ အဝေးဘောတွေ ကို အသုံးပြုဖို့ ပြင်ဆင်လာတဲ့ ပဲလေ့ ကို အန်ဖီးလ်ကွင်းထဲမှာ တရစပ် တိုက်စစ်ဆင် ကစားရင်း ၊ အသက်ရှုခွင့်တောင် မပေးခဲ့တဲ့ လီဗာပူး ရဲ့ ထိုးစစ်ဆင်မှုတွေဟာ ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့်ပေးခဲ့တာပါ။

ဒါတောင် ပွဲထွက် ကစားသမားစာရင်း တော်တော်များများကို အပြောင်းအလဲ လုပ်ထားတာ ဖြစ်ပြီး ၊ မူရင်း ကစားဟန် မပျက်ထိန်ထားနိုင်တာတော့ ကလော့ပ် ရဲ့ အရည်အသွေး တခုလို့ မှတ်ချက်ပေးရမယ်ထင်ပါတယ်။

လီဗာပူးဟာ 2018 ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း အာနိုး နဲ့ ရော်ဘတ်ဆန် တို့ လုံး၀ မပါဝင်တဲ့ ပွဲထွက် ကစားသမား စာရင်းကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ပြီး ၊ အိမ်ကွင်း အန်ဖီးလ်မှာ ဆိုရင် 2017 ခုနှစ် နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံး အကြိမ် ဆိုပါ ထိပ်တန်း ခံစစ်မှုး နှစ်ယောက် မပါပဲ ကစားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗဟို ခံစစ်မှာလဲ အေစီ မီလန် နဲ့ ပွဲမှာ အသုံးပြုခဲ့တဲ့ မာတစ် နဲ့ ဂိုးမက်ဇ် တို့ နှစ်ယောက် စလုံးကို အနားပေးကာ အသစ် ခေါ်ယူထားခဲ့တဲ့ ကိုနာတီ ကို ဝါရင့် ကစားသမားကြီး ဗန်ဒိုက် နဲ့ တွဲဖက်ကစားစေခဲ့ပါတယ်။ ပဲလေ့ ဟာ ရုပ်ပိုင်းဆိုင်ရာ အားပြု ကစားတဲ့ အသင်းဖြစ်ဖို့ ၊ ကလော့ပ် ရဲ့ အိုက်ဒီယာက အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

ကိုနာတီ နဲ့ ဗန်ဒိုက် တို့ဟာ ပဲလေ့ ရဲ့ အမြင့်ဘော အားပြုပြီး ကစားလာတဲ့ တိုက်စစ်လမ်းကြောင်း ပုံဖော်မှုတွေကို အကောင်းဆုံး တားဆီးပြနိုင်ခဲ့တဲ့ပြင် ၊ ဂိုးသမား အလီဆွန် ရဲ့ အမှားအယွင်းမရှိတဲ့ လက်စွမ်းတွေကြောင့်လဲ နောက်ထပ် Clean Sheet တပွဲ ထပ်မံ ရယူနိုင်ခဲ့ပါတယ်။

ဗန်ဒိုက် ပြန်လည်ကစားပေးနိုင်ပြီး နောက်ပိုင်း ၊ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 1 ဂိုး ပဲ ခွင့်ပြုထားရသေးတဲ့ စွမ်းဆောင်ရည်ကို ကြည့်လိုက်မယ် ဆိုရင် လီဗာပူး ရဲ့ ခံစစ်စွမ်းဆောင်ရည်ဟာ ညွှန်းဆိုစရာ မလိုလောက်အောင် သိသိသာသာကြီး တိုးတက်လာခဲ့ပါတယ်။

အာနိုး ရဲ့ နေရာမှာ ဝင်ရောက် ကစားခဲ့တဲ့ မေလ်နာဟာ ဝါရင့် ညာတောင်ပံ ခံစစ်မှုးလားလို့ မေးယူရလောက်အောင်ကို ခံစစ် ကစားပုံက ကောင်းလွန်းခဲ့ပါတယ်။ ပရီးမီးယားလိဂ် ရဲ့ အမြန်ဆုံး နဲ့ ဘော်ဒီ ကစားပုံ အကောင်းဆုံး ကစားသမားတွေထဲက တယောက် ဖြစ်တဲ့ ဇာဟာ ကို တပွဲလုံး ထိန်းချုပ်သွားတာ က ချီးကျူးဖို့ ကောင်းသလို ၊ မို ဆာလာ အတွက် တိုက်စစ် လမ်းကြောင်း ပုံဖော်မှုတွေမှာလဲ ဟန်ချက်ညီညီ နဲ့ လိုက်ပါ ကစားပြသွားခဲ့ပါတယ်။

စီမီကတ် ရဲ့ ခြေစွမ်းကတော့ ရော်ဘတ်ဆန် ရဲ့ နေရာကို အစားထိုးဖို့အတွက် အဆင်သင့် ဖြစ်နေပြီ ဆိုတဲ့ အနေအထားမျိုးလို့ ဆိုချင်ပါတယ်။ တိုက်စစ် လိုက်ပါ ပံ့ပိုးတာ ၊ လျှင်မြန်တဲ့ ပြေးအားတွေ ၊ တိုးအားတွေ နဲ့ ဖြတ်တင်ဘော ပေးပို့မှုတွေက အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမား တယောက် ဆိုတာ ပြသလျှက် ရှိနေပါတယ်။ ဒါ့အပြင် သူ့ရဲ့ လီဗာပူး ပတ်ဝန်းကျင် နဲ့ လိုက်ရောညီထွေ ဖြစ်အောင် နေထိုင်တတ်တဲ့ အပြုအမူတွေကြောင့်လဲ မကြာခင်မှာ ပရိသတ် အကြိုက် ကစားသမား တယောက်တောင် ဖြစ်လာ ဖြစ်လာနိုင်ပါတယ်။

လီဗာပူးဟာ ပထမပိုင်းမှာ တချိန်လုံး တရစပ် တိုက်စစ်တွေ ဆင်နေရင်းကနေ အဖွင့်ဂိုး ကို ခက်ခက်ခဲခဲ ရယူခဲ့ရပါတယ်။ တောင့်ကန် ဘောကနေ တဆင့် ဆာလာ ရဲ့ ခေါင်းတိုက်ချက်ကို ဂူအီတာ ကာကွယ်နိုင်လိုက်ပေမယ့် ၊ မာနေး က ပြေးဝင် ပိတ်သွင်းသွားခဲ့တာကြောင့် ပထမပိုင်း ပြီးခါနီးမှာပဲ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။

မာနေး ဟာ ပဲလေ့ နဲ့ တွေ့တိုင်း ဂိုးမြူးတတ်တဲ့ အစဉ်အလာကို ဒီကနေ့ပွဲမှာလဲ ဆက်လက်ထိန်းသိမ်းသွားခဲ့ပါတယ်။ သူဟာ ပဲလေ့ နဲ့ နောက်ဆုံး ကစားခဲ့တဲ့ 9 ပွဲ ဆက်တိုက် သွင်းဂိုးတွေ ရယူပြနိုင်ခဲ့တာ ဖြစ်လို့ ၊ ပရီးမီးယားလိဂ် သမိုင်းမှာ ပြိုင်ဘက် အသင်းတသင်းထဲကို ပွဲအရေအတွက် ဆက်တိုက် အများဆုံး ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဘောလုံးသမားအဖြစ်လဲ မှတ်တမ်းသစ် ရေးထိုးသွားခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူး သမိုင်းကြောင်း တလျှောက်မှာလဲ အသင်းအတွက် စုစုပေါင်း သွင်းဂိုး ပွဲ 100 ပြည့်အောင် သွင်းယူပေးနိုင်တဲ့ 18 ယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချန်ပီယံလိဂ် ကစားထားရတဲ့ လီဗာပူး ဟာ ကစားအား အနည်းငယ် ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ပဲလေ့ ကလဲ အဲဒီ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ဖို့ အရှိန်မြှင့် ကစားတာမျိုးတွေ ရှိပေမယ့် ၊ ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။

ဒါကြောင့်လဲ ဒီရာသီမှာ လီဗာပူး အတွက် ဂိုးတွေ ဒိုင်ခံသွင်းယူပေးနေတဲ့ မိုဆာလာ ရဲ့ ဒုတိယမြောက် သွင်းဂိုးကို ထပ်မံ ခွင့်ပြုလိုက်ရပြန်ပါတယ်။ အီဂျစ်သားကြီးဟာ ဒီဂိုးကို သွင်းယူပြနိုင်လိုက်တာကြောင့် ၊ ဂျာစီ ချွတ်ကာ ပေါက်ကွဲမှု အပြည့်နဲ့တောင် အောင်ပွဲခံပြခဲ့ပါတယ်။

ထူးခြားတာ က သူဟာ လီဗာပူး ဘောလုံးသမားဘဝမှာ စုစုပေါင်း အဝါကဒ် 3 ကြိမ်သာ ပြသခံထားထားရပြီး ၊ အဲဒီ သုံးကြိမ်စလုံးဟာ ပြိုင်ဘက် ကစားသမားတွေကို ပြစ်ဒဏ်ကျူးလွန်လို့ မဟုတ်ပဲ ၊ ဂိုးသွင်းအပြီး ဂျာစီချွတ် အောင်ပွဲခံခဲ့တာတွေကြောင့် ပြသခံခဲ့ရတာပါ။

 

ဒီပွဲမှာ အိမ်ရှင် လီဗာပူး တို့အတွက် နစ်နာစေခဲ့တဲ့ တခုတည်းသော အချက်က တချိန်လုံး ခြေစွမ်းပြ ကစားနေတဲ့ ကွင်းလယ် ကစားသမား တီယာဂို အယ်ကန်တရာ ဒဏ်ရာ ရရှိသွားတာ ဖြစ်ပါတယ်။ စပိန် ကွင်းလယ်လူဟာ သပ်ရပ်တဲ့ ဘောလုံးပေးပို့မှုတွေ နဲ့ တစ်ကွင်းလုံးကို လိုက်လံ မောင်းနင်းနေသူ ဖြစ်ပြီး ၊ 18 ကိုက် အတွင်းကနေလဲ ပြိုင်ဘက် ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နေခဲ့ပါတယ်။

ပြောရရင် ဒီပွဲဟာ သူ့ရဲ့ လီဗာပူး ကစားသမားဘ၀ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်တဲ့ ပွဲမျိုး ဖြစ်သည့်တိုင်အောင် ၊ ခြေသလုံး ဒဏ်ရာ ရရှိသွားတာတော့ ကံမကောင်းဘူးလို့ ဆိုရမှာပါ။ နည်းပြ ယာဂန် ကလော့ပ်ကတော့ ဒဏ်ရာ အခြေအနေကို အတိအကျ မသိသေးပေမယ့် ၊ အဆိုးဝါးကြီး မဖြစ်ဖို့ မျှော်လင့်ထားတယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

တီယာဂို ရဲ့ နေရာကို လူစားလဲ ဝင်ရောက် ကစားပေးလာတဲ့ နာဘီ ကီတာ ကတော့ ဒီပွဲရဲ့ တတိယမြောက်သွင်းဂိုး ကို မြေမကျ အပြင်းကန်ချက်နဲ့ သွင်းပြယူလိုက်ပါတယ်။ လိဒ် ယူနိုက်တက် နဲ့ ပွဲမှာ ဖာဘင်ဟို ၊ အေစီ မီလန် နဲ့ ပွဲမှာ ဟန်ဒါဆင် ၊ ပဲလေ့ နဲ့ ပွဲမှာ နာဘီ ကီတာ တို့ ဂိုးတွေ ဆက်တိုက် သွင်းပြနိုင်ခဲ့တာ ကြည့်ရင် ၊ ကွင်းလယ်ကနေ ဂိုးတွေ သွင်းပြဖို့ ကစားသမားသစ် တယောက်လောက် လိုအပ်နေတယ် ဆိုတဲ့ ပြောဆိုမှုတွေကို ကလော့ပ်က နည်းစနစ် အပြောင်းအလဲ တချို့နဲ့ နှုတ်ဆိတ်စေခဲ့တယ်ပြီလို့ မှတ်ချက် ပေးရမှာပါ။

ဒီပွဲဟာ ဟန်ဒါဆင် အတွက် ပွဲပေါင်း 200 ပြည့် အသင်းခေါင်းဆောင် တာဝန်ကို ယူခဲ့တဲ့ပွဲဖြစ်သလို ၊ မိုဆာလာ အတွက် လီဗာပူး ကစားသမားဘ၀ ပရီးမီးယားလိဂ် ပွဲပေါင်း 150 ပြည့်မြောက်တဲ့ပွဲ ၊ ဗန်ဒိုက် အတွက် ပွဲပေါင်း 100 ပြည့်မြောက်တဲ့ ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ဒီပွဲ အနိုင်ရလာဒ်ကြောင့် လီဗာပူးဟာ စနေနေ့ည ဘောလုံးပွဲစဉ်တွေ အပြီးမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို ဦးဆောင်သွားခဲ့ပါတယ်။

SPORTS MYANMAR