ပရီးမီးယားလိဂ် နောက်ခံလူတွေ အနေနဲ့ လူကာကူကို ဘယ်လို တားဆီးရမလဲ ဆိုတာ အကြံပြုလိုက်တဲ့ မာတင်ကီအွန်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ၊ အင်တာမီလန် အသင်းကနေ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ခေါ်ယူ အားဖြည့်နိုင်ခဲ့ပြီးနောက် ၊ ယခုနှစ် ရာသီ တိုက်စစ် အတွက် ပင်တိုင် ဂိုးသွင်း အဆုံးသတ်ပေးမယ့် ကစားသမား အတွက် ပူစရာ မရှိတော့ပါဘူး ။

အသက် ၂၈နှစ် အရွယ်ရှိ လူကာကူ ဟာ ချဲလ်ဆီးသို့ တကျော့ပြန် ရောက်ရှိလာပြီးနောက် ၊ ပြိုင်ပွဲစုံ ၄ပွဲ ကစားထားပြီးရာ ၊ သွင်းဂိုး ၄ဂိုး စွမ်းဆောင်ပေးထားခဲ့ပါတယ် ။ ဒါ့အပြင် ၎င်းဟာ ရင်ဆိုင်ခဲ့ရတဲ့ ၄ပွဲ အတွင်း ပြိုင်ဖက် နောက်ခံလူ အများစု အပေါ် ကြံ့ခိုင်မှု အသာစီးနဲ့ ယှဉ်ပြိုင် ကစားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ် ။

လူကာကူ အတွက် သူတင်ကိုယ်တင် ကစားခဲ့ရတဲ့ ပွဲဆိုလို့ ၊ အမ်းဖီးလ် က လီဗာပူးနဲ့ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ပွဲက ဗာဂျယ် ဗန်ဒိုက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခိုက်အတန့် တခုသာ ရှိခဲ့ပါတယ် ။ ကျန်တဲ့ ပွဲတွေမှာ လူကာကူ ဟာ ပြိုင်ဖက် နောက်ခံလူတိုင်းကို အနိုင်ကျင့် ကစားနိုင်ခဲ့သလို ၊ ယခင် ချဲလ်ဆီးမှာ မစွမ်းဆောင်နိုင်ခဲ့တဲ့ ပထမဆုံး သွင်းဂိုးတွေ ရရှိခဲ့ပါတယ် ။

ယနေ့ညမှာလည်း ချဲလ်ဆီး ဟာ အဝေးကွင်းမှာ တော့တင်ဟမ် အသင်းနဲ့ လန်ဒန်ဒါဘီပွဲ ဆင်နွှဲဖို့ ရှိနေပြီး ၊ လူကာကူ ဟာ ထိုပွဲရဲ့ အနိုင်အရှုံး အဆုံးအဖြတ် အတွက် အခရာကျမယ့် ကစားသမား တဦး ဖြစ်လာမယ် ဆိုတာ တပ်အပ်မလွဲပါပဲ ။ ဒဏ်ရာ ပြဿနာတွေ များနေတဲ့ တော့တင်ဟမ် အဖို့ လူကာကူ ကို ဘယ်လို ရပ်တန့်မလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ် ။

အာဆင်နယ် ဂန္တဝင် နောက်ခံလူဟောင်း မာတင် ကီအွန် ကတော့ ပရီးမီးယားလိဂ် ခံစစ်မှူးတွေ အနေနဲ့ လူကာကူနဲ့ ရင်ဆိုင်တဲ့အခါ ၊ မယုတ်မလွန် နည်းတနည်းကို အသုံးပြုရမှာ ဖြစ်ပြီး ၊ အတင်း လူကပ် ကစားတာမျိုး လုပ်လို့ မဖြစ်သလို ၊ လူကာကူ ကို ပေါ့ပေါ့တန်တန် လွှတ်ထားပေးလို့လည်း မရကြောင်း အကြံပြုခဲ့ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ မာတင် ကီအွန် က ” လူကာကူလို တိုက်စစ်မှူးမျိုးနဲ့ ရင်ဆိုင်ရတဲ့ အခါ ကိုယ့် ခံစစ်ဇုန်ထဲ ရောက်လာတဲ့ ဘောလုံး မှန်သမျှ ဟာ ကိုယ့်အတွက် စမ်းသပ်မှုတွေပါပဲ ။ ကျွန်တော်သာဆိုရင် သူ့ကို ခန္ဓာကိုယ်နဲ့ အကာအကွယ် ယူပြီး ဘောလုံး ထိန်းခွင့်ပေးမှာ မဟုတ်သလို ၊ ကျွန်တော့ကိုလည်း ဖိအားလာပေးဖို့ လုပ်မှာ မဟုတ်ပါဘူး ။ “

” သူနဲ့ သိပ်ပြီး ပူးပူးကပ်ကပ် ကစားမှာ မဟုတ်ပေမယ့် ၊ အရေးကြီးတဲ့ အခိုက်အတန့်မှာ ကျွန်တော် သူ့ရဲ့ ပျော့ကွက်ကို ရှာပြီး ထိုးနှက်မှာပါ ။ အနောက်ကို ၃ ၊ ၄လှမ်း ဆုတ်ပြီး အရှိန်ယူပြီးတာနဲ့ သူ့ကို အင်အား အပြည့် သုံးပြီး ထိုးနှက် တိုက်ခိုက်ဖို့ ကြိုးစားမှာပါ ။ “

” သူ့ရဲ့နားထဲကိုလည်း ‘ မင်းဟာ အမှိုက်သရိုက်ကောင် ၊ ဒီလောက်ဆို ဒီနေ့ မင်း စွမ်းဆောင်နိုင်သလောက် ကုန်ပြီ ၊ မင်း ငါနဲ့ ဒီနေ့ ရင်ဆိုင်ရမှာ ၊ ဒီတော့ မင်းကို နေရာလွတ် အများကြီး ပေးမှာ မဟုတ်ဘူး ‘ စသဖြင့် စကားလုံး တိုက်ကွက်တွေနဲ့ ထိုးစစ်ဆင်ဦးမှာပါ ။ “

” ခင်ဗျား ဟာ သူ့ကို ပွဲအတွင်း တည်ငြိမ်မှု စတင်ခွင့် ပေးလို့ မရပါဘူး ။ ဒါမျိုး လုပ်ခွင့်ပေးမိရင် ၊ ခင်ဗျား ဟာ ဒီရာသီရဲ့ အဆိုးရွားဆုံးပွဲကို ရင်ဆိုင်ရပြီလို့သာ မှတ်လိုက်ပါတော့ ။ ဒီအတွက် ခင်ဗျား ဟာ ကြံ့ခိုင်မှု အရ လူကာကူကို တည့်ယှဉ်နိုင်ဖို့ ပြင်ဆင်ရပါတော့မယ် ။ “

” သူဟာ အမြင့်ဘောကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ပြီး ၊ ဒါကို ပြီးခဲ့တဲ့ ကြားရက်က ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲမှာ ကျွန်တော်တို့ အားလုံး မြင်တွေ့ခဲ့ရမှာပါ ။ သူ့မှာ ယုံကြည်ချက် ပြည့်ဝဖို့ အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်တွေ အားလုံး ရှိနေပါတယ် ။ ဒီတော့ ခင်ဗျား ဟာ သူနဲ့ ရင်ဆိုင်တဲ့အခါ ဒီလို အခြေအနေတွေရဲ့ ပြောင်းပြန် အနေအထားမျိုး ဖြစ်အောင် လုပ်ပြရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR