ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက ပြိုင်ဖက် ၂သင်းကို ၎င်းတို့ စိန်ခေါ်နိုင်မယ်လို့ ယုံကြည်နေတဲ့ ကိုင်ဟာဗက်ဇ်

ချဲလ်ဆီး အသင်း ဟာ ယနေ့ညမှာ တော့တင်ဟမ် အသင်းနဲ့ လန်ဒန်ဒါဘီ ပွဲကြီးပွဲကောင်း တပွဲ ကစားဖို့ ရှိနေပြီး ၊ အနိုင် ရတာနဲ့ ဇယားထိပ်က လီဗာပူးနဲ့ ရမှတ် ၁၃မှတ် ပြန်ပြီး တူညီသွားမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် လက်ရှိ ချန်ပီယံ မန်စီးတီး အသင်း ဟာ မနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ သရေ တမှတ်သာ ရခဲ့လို့ ၊ ဒါဟာ ချဲလ်ဆီး အပါအဝင် အခြား ပရီးမီးယားလိဂ် ချန်ပီယံလောင်းတွေ အတွက် အခွင့်ကောင်း တရပ် ဖြစ်ပါတယ် ။

လောလောဆယ် ပရီးမီးယားလိဂ် ပွဲစဉ် ၅ကို ရောက်ရှိလာချိန်မှာ ၊ ဒီရာသီ ချန်ပီယံဆုကို အဓိက စိန်ခေါ်မယ့် ကလပ် ၄သင်းသာ ရှိကြောင်း ပရိသတ် အားလုံးနီးပါး လက်ခံထားကြမှာ သေချာပါတယ် ။ ဒီ ၄သင်း ကတော့ လက်ရှိ ချန်ပီယံ မန်စီးတီး ၊ ချဲလ်ဆီး ၊ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေပဲ ဖြစ်ပါတယ် ။

အခုအထိတော့ ဒီ ၄သင်း အချင်းချင်း ထိပ်တိုက် တွေ့ဆုံထားတာ တပွဲသာ ရှိသေးပြီး ၊ ပြီးခဲ့တဲ့ international break မတိုင်မီ က အမ်းဖီးလ် က လီဗာပူး – ချဲလ်ဆီး အားပြိုင်မှု ဖြစ်ပါတယ် ။ ထိုပွဲမှာ ချဲလ်ဆီး အသင်း ဟာ ဒုတိယပိုင်း တပိုင်းလုံးကို တယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ၊ ချန်ပီယံလောင်းတို့ရဲ့ မလျှော့တဲ့ ဇွဲလုံ့လ ၊ တိုက်ပွဲဝင် စိတ်ဓာတ်ကို ပြသသွားပြီး ၊ သရေ တမှတ် ခွဲဝေယူနိုင်ခဲ့ပါတယ် ။

 

အခုအခါမှာ ချဲလ်ဆီး အသင်း ဟာ နောက်ထပ် စမ်းသပ်မှု တရပ် အဖြစ် Big 6 စာရင်းဝင် ကလပ် တသင်း ဖြစ်တဲ့ တော့တင်ဟမ် ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ တော့တင်ဟမ် ဟာ international break မတိုင်မီက ရာနှုန်းပြည့် အနိုင်ရလဒ် စွမ်းဆောင်ထားခဲ့တဲ့ တသင်းတည်းသော ကလပ် ဖြစ်ခဲ့ပေမယ့် ၊ ထို့နောက်မှာ ခရစ်စတယ် ပဲလေ့စ် ကို ၃ – ၀ ရလဒ်နဲ့ စတင် အရေးနိမ့်ခဲ့ပါတယ် ။

 

တဖက်မှာ တော့တင်ဟမ် ဟာ လက်ရှိ ချန်ပီယံ မန်စီးတီး ကို ရာသီသစ် အဖွင့်ပွဲမှာ ၁ – ၀ နဲ့ အနိုင်ရခဲ့တာကြောင့် ၊ အဓိက ကစားသမားတွေ မစုံလင်သည့်တိုင် ၊ ၎င်းတို့ကို ချဲလ်ဆီးတို့ သတိထား ကစားရမှာ ဖြစ်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ချင်ရင်တော့ ၊ ဒီလို Big Match တွေမှာ ရလဒ်ကောင်း ထွက်အောင် စွမ်းဆောင်ရမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ ဂျာမန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကြယ်ပွင့် ကိုင်ဟာဗက်ဇ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ၎င်းတို့ဟာ မန်စီးတီးနဲ့ လီဗာပူး အသင်းတွေကို အဓိက ပြိုင်ဆိုင်ရမယ်လို့ ယုံကြည်နေပြီး ၊ ၎င်းတို့ဟာ ဒီ ၂သင်း အနောက်ကို အမဲလိုက် ထွက်ရမယ်လို့လည်း သုံးနှုန်း ပြောဆိုသွားခဲ့ပါတယ် ။

Sky Sports သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ဟာဗက်ဇ် က ” ပြီးခဲ့တဲ့ ၂နှစ် ၊ ၃နှစ် အတွင်းမှာ မန်စီးတီးနဲ့ လီဗာပူး ဟာ အကောင်းဆုံး အသင်းတွေ ဖြစ်ကြပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီက ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့တာ တခုတည်းနဲ့တော့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ က ကျွန်တော်တို့ပဲ ဖြစ်မှာပါ ဆိုပြီး ပြောလို့မရပါဘူး ။ ”

” ဟုတ်ပါတယ် ။ ကျွန်တော်တို့မှာ ဒီရာသီ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ဖို့ လုံလောက်တဲ့ အရည်အသွေးတွေ ရှိပါတယ် ။ ဒါပေမယ့် ဒီအကြောင်းကို ၄ပွဲပဲ ကစားထားပြီးတဲ့အချိန်မှာ ပြောဖို့ မဟုတ်ပါဘူး ။ ဒီ အကြောင်း ပြောဖို့ စောလွန်းပါသေးတယ် ။ ”

” ကျွန်တော် တို့ဟာ မန်စီးတီးနဲ့ လီဗာပူး ကို အမဲလိုက်သလို အနောက်က ဖိအားပေးမယ်လို့ ဆိုခဲ့တာ ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း သူတို့ဟာ မယုံနိုင်ဖွယ်ကောင်းတဲ့ အသင်းတွေ ဖြစ်ကြောင်း သက်သေပြထားခဲ့လို့ပါ ။ ဒါကိုလည်း ကျွန်တော် တို့ဟာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးအပြီး ၊ ဒီရာသီမှာ သက်သေပြသွားလိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အသက် ၂၂နှစ် အရွယ် ယင်း ဂျာမန် ကြယ်ပွင့် ဟာ ပြီးခဲ့တဲ့ ရာသီရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တလုံးတည်းသော အနိုင်ဂိုး ကို သွင်းယူပြီး ၊ ချဲလ်ဆီး ကို ဒုတိယ အကြိမ်မြောက် ချန်ပီယံလိဂ် ဖလား ကို ဆွတ်ခူးစေခဲ့ပေမယ့် ၊ ၎င်းကိုယ်တိုင် ကတော့ ဒီ အောင်မြင်မှု တခုတည်းနဲ့ သာယာနေမှာ မဟုတ်ကြောင်းကိုလည်း အခုလိုပဲ ထပ်လောင်း ပြောဆိုခဲ့ပါတယ် ။

Soccer Football – Champions League Final – Manchester City v Chelsea – Estadio do Dragao, Porto, Portugal – May 29, 2021 Chelsea’s Kai Havertz scores their first goal Pool via REUTERS/Jose Coelho

ဟာဗက်ဇ် က ” ကျွန်တော် ဟာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့တဲ့ အကြောင်းချည်းပဲ နေ့တိုင်း တဖွဖွ ပြောနေမှာ မဟုတ်ပါဘူး ။ ကျွန်တော် ဟာ တခြား စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အလိုရှိပြီး ၊ ကစားသမား ဘဝ အဆုံးမှာ ကျွန်တော် ဘာတွေ လုပ်ခဲ့သလဲ ဆိုတာ ပြန်ပြီး စဉ်းစားလိုပါတယ် ။ ဒီနှစ် ဟာ ကျွန်တော့ အတွက် စိန်ခေါ်မှု အသစ် တရပ် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR