ဒီရာသီ သာမန် အဆင့် စွမ်းဆောင်ရည်မျိုးသာ ပြသထားသေးတဲ့ ချဲလ်ဆီး ကြယ်ပွင့်ကို ပွဲထွက်စာရင်းက ချန်လှပ်ဖို့ မလွယ်ဘူးလို့ ဝန်ခံလာတဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ အတွက် ပရီးမီးယားလိဂ် ၄ပွဲ ကစားထားပြီးရာ ၊ ရှုံးပွဲမရှိသေးပဲ ၊ ရမှတ် ၁၀ မှတ် ရရှိထားပါတယ် ။ ဒါ့အပြင် နွေရာသီ အပြောင်းအရွှေ့ ကာလကောင်း တခု ဖြတ်သန်းနိုင်ခဲ့သလို ၊ လက်ရှိ ချဲလ်ဆီး အသင်းရဲ့ ကစားသမား အင်အား ဟာ အခြား ပရီးမီးယားလိဂ် ချန်ပီယံလောင်း အသင်းတွေကို အပြည့်အဝ ယှဉ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံးရာသီ အနည်းငယ် ကတည်းက ချဲလ်ဆီး အသင်း အတွင်း အခြား နေရာတွေထက်စာရင် ၊ ကွင်းလယ် အင်အား က အတောင့်တင်းဆုံး ဖြစ်နေပါတယ် ။ အန်ဂိုလို ကန်တေ ၊ ဂျော်ဂျင်ဟို တို့လို ကမ္ဘာ့ ထိပ်တန်းအဆင့် ကွင်းလယ်လူတွေ ရှိသလို ၊ မတ်တီယို ကိုဗာဆစ် ၊ မေဆင်မောင့် တို့လို တပွဲလုံး မမောမပန်း ကစားပေးနိုင်တဲ့ ကွင်းလယ်လူတွေလည်း ရှိနေပါတယ် ။

မေဆင်မောင့် ဆိုရင် ယခင် နည်းပြ ဖရန့် လမ်းပတ်ရဲ့ စင်တင်ပေးမှုနဲ့ အတူ အခုအခါမှာ ပွဲထွက်စာရင်းကနေ ဖယ်ရှားလို့ မရတဲ့ အထိကို အရည်အသွေး မြင့်မားလာပါတယ် ။ သို့ပေမယ့် ၎င်းဟာ ဒီရာသီမှာ ချဲလ်ဆီး အသင်း အတွက် ပွဲထွက် ကစားခွင့်ရတဲ့ ပွဲတွေမှာ ပြီးခဲ့တဲ့ ၂နှစ်ကလို အရမ်းကြီး အားရတဲ့ စွမ်းဆောင်ရည်မျိုး မပြနိုင်ခဲ့ပါဘူး ။

ပွဲတပွဲ အတွင်း မောင့်ရဲ့ လုပ်အား က အပြစ်ပြောစရာ မရှိပေမယ့် ၊ ဘောလုံး ဖြန့်ဝေမှု ၊ ဂိုးပေါက် ကန်သွင်းမှု အစရှိတဲ့ နည်းစနစ် အပိုင်းမှာတော့ သာမန် အဆင့် တဆင့်မှာသာ ရှိနေခဲ့ပါတယ် ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ သူ့ရဲ့ ထင်မြင်ချက် ကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ ယူရို ၂၀၂၀ ပြိုင်ပွဲ တလျှောက် ပြည့်ပြည့်ဝဝ ဆင်နွှဲခဲ့လို့ ၊ ကျွန်တော်တို့ဟာ ရာသီကြို ကာလမှာ မေဆင်ကို အတော်လေး ဂရုတစိုက် ကိုင်တွယ်ခဲ့ရပါတယ် ။ ဗီလာရီးရဲလ် နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲမှာတောင် သူ့ကို ကျွန်တော် ပွဲထွက်စာရင်းထဲ မထည့်ခဲ့ပါဘူး ။ “

” အဲဒီနောက် ခရစ်စတယ် ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ သူ ပွဲထွက်ခွင့် တန်းရခဲ့ပါတယ် ။ တခါတလေမှာ သူ့ရဲ့ အရည်အသွေး တိုးတက်မှု အပေါ် ကျွန်တော်တို့ အနည်းငယ် စိုးရိမ်မိတာတွေ ရှိပေမယ့် ၊ အခြားတဖက်မှာ သူဟာ ကစားခွင့်ရတဲ့ မိနစ်တိုင်း လုပ်အားနှုန်း အပြည့်အဝ ပေးဆပ်တတ်ပါတယ် ။ “

” ဒီတော့ သူ့ကို တခါတလေမှာ ပွဲထွက်စာရင်းက ချန်လှပ်ဖို့ အရမ်း ခဲယဉ်းပါတယ် ။ ဘာလို့လဲ ဆိုတော့ သူ့ကို ကြည့်ရင် အမြဲတမ်း လန်းဆန်းနေသလို ၊ စိတ်ကြည်လင်တဲ့ပုံ ရှိလို့ပါ ။ ရုပ်အတည်ပေါက်နဲ့ မောပန်းနေတဲ့ ပုံစံပေါက်နေရင်တော့ ကျွန်တော် သူ့ကို စိတ်ပူကောင်း စိတ်ပူမိမှာပါ ။ ဒါပေမယ့် သူနဲ့ ပတ်သက်ရင် ဒီလိုမျိုး ကျွန်တော် မခံစားရပါဘူး ။ “

” မေဆင် ဟာ အသင်း လိုအပ်တဲ့ အချိန်တိုင်း အသင့်ရှိနေတာကြောင့် ကျွန်တော် အရမ်း ပျော်ရွှင်ရသလို ၊ တဖက်မှာ သူ့ရဲ့ အရည်အသွေး အပိုင်းကို ကျွန်တော်တို့ ဂရုတစိုက်နဲ့ ဆက်လက် စောင့်ကြည့်သွားမှာပါ ။ သူ့ကို ပွဲထုတ်ဖို့ ဆုံးဖြတ်ပြီးတဲ့ အခါတိုင်း ၊ ကျွန်တော်တို့မှာ သူ့ကို ပွဲထွက်ခွင့် မပေးရလောက်အောင် အထိ ခြေစွမ်းမပြနိုင်ဘူး ဆိုတဲ့ အကြောင်းပြချက်မျိုး မရှိခဲ့ပါဘူး ။ “

” ဒီ အကြောင်းပြချက်ထက်စာရင် ၊ ပွဲပန်းဒဏ် ခံစားနေရတာတို့ ၊ ပွဲဆက် ကစားနေရတာတို့က သူ့ကို အသုံးမပြုဖို့ ပိုပြီး သင့်လျော်တဲ့ အကြောင်းပြချက်တွေ ဖြစ်ကောင်းဖြစ်မှာပါ ။ ပွဲတပွဲမှာ သူ့ကို ပွဲထုတ်ပေးဖို့ ကျွန်တော်နဲ့ နည်းပြ အဖွဲ့ဝင်တွေ အားလုံး ဆုံးဖြတ်ပြီးတဲ့အခါ ၊ ထုံးစံအတိုင်း သူ့ရဲ့ ကွင်းတွင်း စွမ်းဆောင်ရည်ကို တူညီတဲ့ အဆင့်တခုမှာ အကဲဖြတ်ရပါတယ် ။ “

” ဒါဟာ ထိပ်တန်း ကလပ် တသင်းမှာ ကစားရတဲ့ ဘဝပါပဲ ။ ခင်ဗျား ဟာ ဘယ်တော့မှ အနားယူလို့ မရပါဘူး ။ နောက်ပြန် ဘယ်တော့မှ မလှည့်ရပါဘူး ။ လက်တွေ့ စွမ်းဆောင်ရည်နဲ့ သက်သေပြရပါမယ် ။ ဒါဟာ လက်ရှိ အသင်းသားတိုင်း ကျင့်သားရနေကြတဲ့ လက်တွေ့ ဘဝ ဖြစ်ပါတယ် ။ “

” အရိုးသားဆုံး ဝန်ခံရရင် ကျွန်တော် ဟာ မေဆင် ဒီရာသီ ကစားခဲ့တဲ့ ပွဲတွေက စွမ်းဆောင်ရည်တိုင်း အပေါ် ရာနှုန်းပြည့် ကျေနပ် ပျော်ရွှင်နေတာမျိုးတော့ မဟုတ်ပါဘူး ။ ဒါဟာလည်း နည်းပြ အလုပ်ရဲ့ တစိတ်တပိုင်းပါပဲ ။ ကျွန်တော်တို့ဟာ အပြင်မှာပဲ တယောက်နဲ့ တယောက် ဖက်လှဲတကင်း ရှိနေတာချည်းပဲ မဟုတ်ပါဘူး ။ “

” ဒါဟာ တသင်းလုံး တစုတစည်းတည်း ဖြစ်စေခြင်းရဲ့ တစိတ်တပိုင်းပါပဲ ။ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အားမရတာတွေ ရှိတဲ့အခါ ၊ ပွင့်ပွင့်လင်းလင်းပဲ သူတို့ကို အားမရတဲ့ အကြောင်း ပြောပါတယ် ။ ဒါမှ သူတို့လည်း ဘာတွေ လိုအပ်သလဲ သိကြမှာပါ ။ ဒါဟာ တိုက်ရိုက် ဖြေရှင်းခြင်း ဖြစ်ပြီး ၊ မေဆင် ဟာ ပြီးခဲ့တဲ့ ဇင်းနစ်နဲ့ ပွဲရဲ့ ဒုတိယပိုင်းမှာ မတူညီတဲ့ နေရာလွတ် ရှာဖွေပုံတွေနဲ့ အတူ ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR