ဒီရာသီ ပရီးမီးယားလိဂ် ဖလား အတွက် ရေပန်းအစားဆုံး ၃ သင်းကို ထုတ်ဖော်လိုက်တဲ့ ဂရေမီဆောင်းနက်

ဂရေမီဆောင်းနက်က ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အင်အား တောင့်တင်းမှုကို ချီးကျူး သွားခဲ့ပြီး ဒီရာသီ အမှတ်ပေးဖလားကို ဗိုလ်စွဲရန် ရေပန်းအစားဆုံးလို့ သူယူဆတဲ့ အသင်း ၃ သင်းကို ပြောပြသွားခဲ့ပါတယ်။ မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်ဖလားကို ၁၂ မှတ် အသာနဲ့ ဗိုလ်စွဲနိုင်ခဲ့ပေမယ့်လည်း ဒီရာသီ တော့တင်ဟမ်ကို အရေးနိမ့်ခဲ့သလို မနေ့ညကလည်း ဆောက်သမ်တန်နဲ့ ဂိုးမရှိ သရေကျကာ ရမှတ် ၅ မှတ် ဆုံးရှုံးထားခဲ့ပြီး ဖြစ်ပါတယ်။

စီးတီးဟာ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး မနေ့ညက ခရစ်စတယ်ပဲလေ့စ်ကို ၃-၀ နဲ့ အနိုင်ယူကာ ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ လီဗာပူး ကတော့ ဇယားထိပ်မှာ ရပ်တည်နေပါတယ်။ တတိယနေရာက မန်ယူနိုက်တက် နဲ့ စတုတ္ထနေရာက ချဲလ်ဆီးတို့ဟာ ဒီနေ့မှာ ဝက်ဟမ်း နဲ့ တော့တင်ဟမ် တို့ကို အနိုင်ရခဲ့မယ်ဆိုရင် မန်စီးတီးကို ကျော်တက် သွားမှာ ဖြစ်ပါတယ်။

လူတော်တော်များများ ကတော့ မန်စီးတီး မန်ယူနိုက်တက် ချဲလ်ဆီး လီဗာပူး တို့သာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက တိုက်ပွဲဝင်သွားရလိမ့်မယ်လို့ ခန့်မှန်းနေကြပေမယ့်လည်း ဆောင်းနက် ကတော့ ဒီကလပ်တွေ ထဲက တစ်ခုဟာ မေးခွန်းထုတ်စရာ အဖြစ် ရှိနေဆဲလို့ ယူဆနေပါတယ်။ ဒါကတော့ မန်ယူနိုက်တက်ပဲ ဖြစ်ပြီး အိုလီရဲ့ အသင်းဟာ နွေရာသီက ရော်နယ်ဒို ဗာရန်း ဆန်ချို တို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း ဆောင်းနက်က သရဲနီတို့ဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်း ဆုဖလားနဲ့ ဝေးကွာနေမှုဟာ ကျန်အသင်း ၃ သင်းနဲ့ ကွာခြားချက် ဖြစ်နေမယ်လို့ ယုံကြည်နေပါတယ်။

ဆောင်းနက် “ကျွန်တော်တို့ဟာ နှစ်အတော်ကြာပြီးမှ ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံး Top 4 ကို မြင်တွေ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် စဉ်းစားဖို့ ရှိနေတာက အခြား title contender တွေ ဖြစ်ကြတဲ့ မန်စီးတီး လီဗာပူး ချဲလ်ဆီး တို့ထက်စာရင် မန်ယူနိုက်တက်ဟာ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ အဓိက ဆုဖလားတွေ မရထားခဲ့ပါဘူး။ ဒါပေမယ့် ငွေကြေး ကတော့ အများကြီး သုံးစွဲထားခဲ့ပါတယ်။

လီဗာပူးနဲ့ စီးတီး တို့ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံး အသင်းတွေ ဖြစ်ခဲ့ပြီး ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီ ၃ သင်းကို ရေပန်းအစားဆုံး အဖြစ် သတ်မှတ်တာ လက်တွေ့ကျပါတယ်။ မန်စီးတီး လီဗာပူး နဲ့ ချဲလ်ဆီး တို့ဟာ ဆုဖလားတွေ ရယူရုံပဲ မဟုတ်ပါဘူး။ သူတို့ ရရှိခဲ့တဲ့ ဆုဖလားတွေဟာ အဓိက ဆုဖလားတွေ ဖြစ်ပါတယ်။”

ချဲလ်ဆီးဟာ လမ်းပတ်ရဲ့ နေရာမှာ အစားဝင်လာခဲ့တဲ့ တူချယ်ရဲ့ လက်အောက်မှာ ပိုမို တောက်ပလာခဲ့ပြီး မန်စီးတီးကို ချန်ပီယံလိဂ်ဖိုင်နယ်မှာ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ ပက်သက်ပြီး ဆောင်းနက်က “အကယ်၍ ချဲလ်ဆီးကို ပြိုင်ဘက် အဖြစ် ရင်ဆိုင်ရပြီ ဆိုရင် ဒါဟာ ပျော်ဖို့ မကောင်းတော့ပါဘူး။ သူတို့ဟာ ပွဲအတွင်းမှာ ကိုယ့်ကို လွှမ်းမိုး ကစားနိုင်စွမ်း ရှိသလို ကြံ့ခိုင်မှုပိုင်းလည်း ယှဉ်နိုင်စွမ်း ရှိနေပါတယ်။ သူတို့ဟာ ကွင်းလယ်နဲ့ တောင်ပံတွေ အရမ်းကို အားကောင်းလှပြီး အခုဆိုရင် ပြီးခဲ့တဲ့ ရာသီက သူတို့ရဲ့ အဓိက အားနည်းချက် ဖြစ်နေတဲ့ နေရာကို လူကာကူနဲ့ အားဖြည့်ကာ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်ထားနိုင်ပါတယ်။

အခြား အကောင်းဆုံး အသင်းတွေလိုပဲ ချဲလ်ဆီးမှာ plan b ရှိနေပါတယ်။ အကယ်၍ ပွဲအတွင်းမှာ plan a အခြေအနေ မကောင်းဘူးဆိုရင် သူတို့ဟာ ဗျူဟာ ပြောင်းလဲကစားနိုင်စွမ်း ရှိပါတယ်။ လီဗာပူးနဲ့ ပွဲမှာ သူတို့ဟာ ၁၀ ယောက်ကျန်နဲ့ အကောင်းဆုံးကစားသွားခဲ့ပါတယ်။ ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ် တစ်ခါတစ်ရံ ကိုယ့်ရဲ့ အခြေအနေကို လက်ခံကာ plan b ကို အသုံးပြုသွားရမှာပါ။ သူတို့ဟာ လူ ၁၀ ယောက် ဖြစ်သွားချိန်မှာ အခြေအနေကို လက်ခံပြီး ဒါကို ပြီးပြည့်စုံစွာ အသုံးချခဲ့ပါတယ်။”

SPORTS MYANMAR