တော့တင်ဟမ် – ချဲလ်ဆီး ပွဲကို ဟယ်ရီကိန်း Vs လူကာကူ လို့ လူတွေက ခေါ်ဝေါ်နေကြပုံနဲ့ ပတ်သက်ပြီး တုန့်ပြန်လိုက်တဲ့ တူချယ်

ယနေ့ညမှာ ကစားမယ့် တော့တင်ဟမ် – ချဲလ်ဆီး ပွဲဟာ ယခု တပတ် ပရိသတ် အများအပြား စောင့်ကြည့်ကြမယ့် လန်ဒန်ဒါဘီ ပွဲကောင်း တပွဲ ဖြစ်သလို ၊ တနည်းအားဖြင့် လက်ရှိ ဥရောပ အကောင်းဆုံး တိုက်စစ်မှူး ၂ဦး ဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ရိုမီလူ လူကာကူ တို့ရဲ့ အားပြိုင်မှုလို့လည်း ခေါ်ဝေါ် သမုတ်လို့ ရပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် အတွင်း အင်တာမီလန် ကနေ အသင်းဟောင်း ချဲလ်ဆီးသို့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ တကျော့ပြန် ရောက်ရှိလာခဲ့တဲ့ လူကာကူ ဟာ လောလောဆယ် ပြိုင်ပွဲစုံ ၄ပွဲ ကစားထားပြီးတဲ့အချိန် ၊ သွင်းဂိုး ၄ဂိုး အထိ ရရှိထားပြီး ဖြစ်ပါတယ် ။

တဖက်မှာ မန်စီးတီးသို့ မပြောင်းရွှေ့နိုင်ခဲ့တဲ့ ဟယ်ရီကိန်း ကတော့ ဒီရာသီမှာ တော့တင်ဟမ် အတွက် ပရီးမီးယားလိဂ် သွင်းဂိုး တဂိုးမှ မသွင်းပေးနိုင်သေးပါဘူး ။ ဒီတော့ ယနေ့ညမှာ ကစားမယ့် ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲ ဟာ ၎င်းအတွက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ရရှိစေမယ့်ပွဲ ဖြစ်လာမလား ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ် ။

ပြီးခဲ့တဲ့ international break မတိုင်မီ ကစားခဲ့တဲ့ အမ်းဖီးလ် က လီဗာပူး – ချဲလ်ဆီး ပွဲကို ဘောလုံး ပရိသတ်တွေက ဗန်ဒိုက် Vs လူကာကူလို့ ခေါ်ဝေါ်ခဲ့သလိုမျိုး ၊ ယခု တကြိမ် တော့တင်ဟမ် – ချဲလ်ဆီး လန်ဒန်ဒါဘီပွဲကိုလည်း ကိန်း Vs လူကာကူလို့ ခေါ်ဝေါ်နေကြခြင်းနဲ့ ပတ်သက်ပြီး ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က အခုလိုပဲ တုန့်ပြန်ခဲ့ပါတယ် ။

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” သူတို့ ၂ယောက် အကြားမှာ ထင်ထင်ရှားရှား တူညီနေတဲ့ အချက် တချက် ရှိပါတယ် ။ အဲဒါက အဆုံးအဖြတ် သွင်းဂိုးတွေ သွင်းယူပေးနိုင်ခြင်း ဖြစ်ပါတယ် ။ ဘယ်လို ပြိုင်ပွဲမျိုးမှာမဆို သူတို့ဟာ ဂိုးသွင်းရတာ အလွန် နှစ်သက်ကြပါတယ် ။ ဒီတော့ ဒီ တချက်သာ သူတို့ ၂ယောက် အကြား အဓိက တူညီချက်လို့ ဆိုရမှာပါ ။ “

” ကျန်တဲ့ အပိုင်းတွေမှာတော့ သူတို့ ၂ယောက် မတူပါဘူး ။ ကစားပုံ စတိုင်လ်တွေလည်း ကွဲပြားပါတယ် ။ ဟယ်ရီကိန်းနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ဟာ ဘယ်လို ခုခံရမယ် ၊ သူ့ကို ဘယ်လို ပိတ်ဆို့ရမယ် ၊ သူ့ဆီ လာမယ့် ဘောလုံး ဖြန့်ဝေမှုတွေကို ဘယ်လို တားဆီးရမယ် စတဲ့ အခန်းကဏ္ဍတွေမှာ အပြည့်အဝ အာရုံစိုက်ဖို့ လိုပါတယ် ။ “

” ဘောလုံး သူ့ခြေထဲ ရောက်တာနဲ့ သူဟာ ကမ္ဘာ့ အန္တရာယ် အရှိဆုံး တိုက်စစ်မှူး တဦး အသွင် ဆောင်သွားပါတယ် ။ သူ့ရဲ့ အဆုံးသတ် ဂိုးသွင်းနှုန်း ဟာ အံ့သြစရာပါ ။ သူ့ဆီ ဘောလုံး ရောက်အောင် ပေးနိုင်မယ့် တော့တင်ဟမ် အသင်းသား အချို့လည်း ရှိနေတော့ ၊ သူဟာ ပွဲကို အဆုံးအဖြတ် ပေးနိုင်ပါတယ် ။ နောက်ပြီး ဆွန်ဟောင်မင် ပြန်ကစားနိုင်မယ်ဆိုရင် သူလည်း ပွဲကို အဆုံးအဖြတ် ပေးနိုင်တာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က သူသာ နောက်ခံလူ တဦး ဖြစ်ရင် ၊ ကိန်းနဲ့ လူကာကူ အနက် ဘယ်သူနဲ့ ပိုပြီး ရင်ဆိုင်ချင်သလဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးလည်း ” ကစားသမား ဘဝတုန်းက ကျွန်တော် ဟာ အတွင်း ဗဟိုနောက်ခံလူ အဖြစ် ကစားခဲ့ရပါတယ် ။ ဒီတော့ တကယ့် နောက်ခံလူတွေက ကျွန်တော့ အရှေ့ ၁၀ မီတာလောက်မှာ ညစ်ညစ်ပတ်ပတ် ဖြတ်ထုတ် ကစားတာတွေ လုပ်ရပါတယ် ။ “

” ဒီတော့ ကျွန်တော် ဟာ အရှေ့က နောက်ခံလူတွေကို ရိုမီလူလို တိုက်စစ်မှူးမျိုးနဲ့ ရင်ဆိုင်ဖို့ တွန်းအားပေးရတဲ့ ကစားသမား ဖြစ်ပြီး ၊ ပြိုင်ဖက် တိုက်စစ်မှူးဆီက ဘောလုံး လွတ်ထွက်လာတာနဲ့ လုယူနိုင်ဖို့ အသင့် ပြင်ဆင်ထားရပါမယ် ။ အခုခေတ်မှာဆိုရင်တော့ ဒီလို ခုခံပုံမျိုးကို ပရိသတ်တွေ အားပါးတရ လက်ခုပ်တီးပြီး အားပေးကြမှာ သေချာပါတယ် ။ “

” ဒါပေမယ့် ကျွန်တော် ဘောလုံး ကစားခဲ့တဲ့ အချိန်တုန်းက ကွင်းထဲမှာ ဒီလို ပရိသတ် အများကြီး မရှိခဲ့ပါဘူး ။ ဟယ်ရီကိန်း ကတော့ နံပါတ် ၁၀ နေရာကို ခေါက်တုန့်ခေါက်ပြန် ဆင်းကစားတတ်ပါတယ် ။ ဒီလို တိုက်စစ်မှူးမျိုး ကျွန်တော် သဘောကျပါတယ် ။ ဘာလို့လဲ ဆိုတော့ သူ့ကြောင့် ကွင်းလယ်လူ အချို့ကို နံပါတ် ၆ နေရာ အတွက် ဆင်းကူဖို့ ညွှန်ကြားနိုင်မှာမို့လို့ပါ ။ “

ဘယ်လိုပဲဖြစ်ဖြစ် ရိုမီလူနဲ့ ဟယ်ရီကိန်း ဟာ ကစားသမား အဖြစ်နဲ့တောင် ကျွန်တော့ အဖို့ တားဆီးလို့နိုင်တဲ့ တိုက်စစ်မှူးတွေ မဟုတ်ပါဘူး ။ ကျွန်တော့ဆို သူတို့ လွယ်လွယ်နဲ့ ကျော်နိုင်မှာ သေချာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR