ဥရောပ ဘောလုံးရပ်ဝန်း တခုလုံးကို အံ့အားသင့်သွားအောင် စွမ်းဆောင်ပြလိုက်တဲ့ ချန်ပီယံလိဂ် မျက်နှာသစ် အသင်း ရှရိဖ်

ဒီနှစ် ချန်ပီယံလိဂ် ဘောလုံး ပြိုင်ပွဲမှာ မျက်နှာသစ် ဘောလုံး အသင်း တခု ပါဝင်လာခဲ့ပါတယ်။ အဲဒီအသင်း ရဲ့ နာမည်က ရှရိဖ် ဖြစ်ပြီး ၊ မော်လ်ဒိုဗာ ကိုယ်စားပြု ကလပ်အသင်း တခုဖြစ်ကာ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးကို ဒီနှစ် ဘောလုံးရာသီမှ စတင် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။

 

သူတို့ဟာ ယခင်က ယူရိုပါလိဂ် ပြိုင်ပွဲမှာ 4 ကြိမ် အထိ ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာတော့ ခြေစစ်ပွဲ အဆင့်မှာပဲ ဥရောပ ဘောလုံး ရပ်ဝန်းမှာ ကျင်လည်နေတာ ကြာပြီ ဖြစ်တဲ့ ဆားဘီးယား က ရက်စ်တား ဘဲလ်ဂရိတ် နဲ့ ခရိုရေးရှား ကလပ် ဒီနမို ဇာဂရက် တို့ကို ကျော်ဖြတ်ကာ အုပ်စု အဆင့်ကို ပထမဆုံး အကြိမ် တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။

အဖွင့်ပွဲစဉ် မှာတော့ သူတို့ဟာ နောက်ထပ် မထင်မှတ်တဲ့ ရလာဒ် တခုကို ထပ်မံ စွမ်းဆောင်ပြလိုက် ပြန်ပါပြီ။ အဲဒါက ဥရောပ ထိပ်သီး အသင်းကြီးတွေ ကိုတောင် ဒုက္ခပေးလေ့ ရှိတဲ့ ယူကရိန်း ကလပ် ရှက်တား ဒိုးနက်ကို ဂိုးပြတ်နဲ့ အနိုင်ယူရင်း ၊ အမှတ်ပေးဇယား ထိပ်ကိုတောင် ဦးဆောင်ပြလိုက်တာ ဖြစ်ပါတယ်။

ရှရိဖ် အတွက် အဖွင့်ဂိုး ကို ခရစ္စတီယာနို ရဲ့ ဖန်တီးမှု ကနေ တဆင့် အဒမာ ထရာအိုရေး က ဧရိယာထဲကနေ အပိုင် ပိတ်သွင်းကာ ရယူပေးခဲ့ပါတယ်။ ကစားသမား နှစ်ယောက် ရဲ့ နာမည်ဟာ ပရီးမီးယားလိဂ် နာမည်ကြီး ကစားသမားတွေ ရဲ့ နာမည်နဲ့ ဆင်တူနေသော်လဲ နိုင်ငံခြင်းတော့ မတူပါဘူး။

ရှရိဖ် က ခရစ္စတီယာနို ဟာ ဘရာဇီးသား ဖြစ်သလို ၊ အဒမာ ထရာအိုးရေး ကလဲ မာလီ တိုက်စစ်မှုး ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ခရစ္စတီယာနို ရဲ့ ဖြတ်တင်ဘောကနေပဲ ယာစာနီ က အနီးကပ် ခေါင်းတိုက်ကာ ဒုတိယဂိုး သွင်းယူ ပေးခဲ့ပြန်ပါတယ်။

ဒီပွဲမှာ ရှက်တာဒိုးနက် ဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့သည့်တိုင်အောင် ပြိုင်ဘက် ဂိုးပေါက်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်း မရှိပဲ တန်ပြန် တိုက်စစ်တွေကနေ ဂိုးတွေ ပြန်ပေးလိုက်ရကာ အရှုံးရလာဒ် နဲ့ ရင်ဆိုင်လိုက်ရတာ ဖြစ်ပါတယ်။

ရှရိဖ် အတွက်တော့ ကလပ် အသင်း သမိုင်းကြောင်း တလျှောက် ပထမဆုံး စတင် ယှဉ်ပြိုင် ကစားတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာပဲ ၊ ပထမဆုံး နိုင်ပွဲ ရခဲ့တာကြောင့် သမိုင်းဝင် နိုင်ပွဲတပွဲကို ပိုင်ဆိုင်သွားတယ်လို့ ဆိုရမှာပါ။

ပွဲအပြီးမှာ ရှရိဖ် နည်းပြ ယူကရိန်းသားကြီး က ယူရီ ဗာနီဒပ် က “ အရမ်းကို ပျော်ဖို့ ကောင်းတဲ့ ညချမ်း တခုပဲဗျာ…. ကျနော့် ကစားသမားတွေ ဟာ ပြိုင်ဘက် ကစားသမားတွေထက် ပြေးအားနှုန်းရော ၊ နည်းစနစ်ပိုင်းမှာပါ ပိုပြီး မထူးခွျှန်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့ နည်းဗျူဟာ က အလုပ်ဖြစ်ခဲ့ပါတယ်။

ရှက်တာ ကို ဂိုးပေါက် ကန်သွင်းခွင့် အများကြီး ခွင့်မပြုခဲ့ရသလို ၊ ခံစစ်ကနေ တိုက်စစ်ကို ပြန်လည် ပုံဖော်ရာမှာလဲ တသင်းလုံးက အချိတ်အဆက် မိမိ ကစားပြနိုင်ခဲ့ပါတယ် ။ ကွင်းထဲအထိ လာရောက် အားပေးခဲ့တဲ့ ပရိသတ်တွေကိုလဲ ကျေးဇူးတင်ပါတယ်။ နိုင်ပွဲ ရလို့ အရမ်းပျော်မိတယ်ဗျာ” လို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ ပါတယ်။

တဖက်က ရီးရဲ မက်ဒရစ် နဲ့ အင်တာ မီလန် အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ရီးရဲ မက်ဒရစ် က 0-1 ရလာဒ် နဲ့ပဲ အနိုင်ရခဲ့တာကြောင့် ၊ ရှရိဖ် ဟာ သွင်းဂိုး အသာနဲ့ အမှတ်ပေးဇယား ထိပ်ကို ရပ်တည်လျှက် ရှိနေပါတယ်။

ရီးရဲ မက်ဒရစ် ၊ အင်တာ မီလန် ၊ ရှက်တာ ဒိုးနက် တို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကတည်းက တအုပ်စုတည်း အတူတူ ကျခဲ့ဖူးတဲ့ အသင်းတွေ ဖြစ်တာကြောင့် တသင်းအကြောင်း တသင်း သိထားကြသည့်တိုင်အောင် ၊ မျက်နှာသစ် ရှရိဖ် ရဲ့ ခြေစွမ်းကိုလဲ လျှော့တွက်ထားလို့ မရဘူး ဆိုတာ မနေ့ညက သက်သေပြသွားခဲ့ပါပြီ။

SM