လီယွန်နယ်မက်ဆီဟာ ပီအက်ဂျီအသင်းကို ပိုပြီး အားနည်းသွားစေခဲ့တယ်လို့ ဆိုလိုက်တဲ့ မိုက်ကယ်အို၀င်

လီဗာပူး တိုက်စစ်မှုးဟောင်း ဖြစ်သူ မိုက်ကယ်အို၀င်က ပဲရစ်စိန့်ဂျာမန်း အသင်းဟာ လီယွန်နယ်မက်ဆီကြောင့် ပိုပြီး အားနည်းသွားခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ အင်္ဂလန် တိုက်စစ်မှုးဟာ မနေ့ညက ကလပ်ဘရုခ်ျနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ လီဂူး၀မ်း ကလပ်ရဲ့ shape ကို သိပ်ပြီး သဘောမတွေ့ ဖြစ်နေခဲ့ပါတယ်။

ပိုချက်တီနိုရဲ့အသင်းဟာ ကြယ်ပွင့်တွေ ပြည့်နှက်နေတဲ့ အသင်းရဲ့ တိုက်စစ်ပိုင်း နဲ့ ကျန်အသင်းသားတွေကြားမှာ ဟန်ချက်မညီ ဖြစ်နေခဲ့ကာ ပြိုင်ဘက်ကို အသာစီးရဖို့ အတွက် ရုန်းကန် ခဲ့ရပါတယ်။ အို၀င်က ပီအက်ဂျီရဲ့ ပွဲထွက်စာရင်းမှာ မက်ဆီ ပါ၀င်လာခြင်းဟာ အသင်းကို ပိုပြီး အားနည်းသွားစေတယ်လို့ ယုံကြည်နေပြီး အင်္ဂလန် တိုက်စစ်မှုးက ဒီရာသီ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ် ကလပ်တွေပဲ လွှမ်းမိုး နိုင်လိမ့်မယ်လို့ ဆိုသွားခဲ့ပါတယ်။

အို၀င်က “သူတို့ရဲ့ လူစာရင်းဟာ ရယ်စရာကောင်းလောက်အောင် ကြယ်ပွင့်တွေနဲ့ ပြည့်နှက်နေခဲ့ကာ အထူးသဖြင့် တိုက်စစ်မှုး ၃ ဦးဟာ တကယ့်ကို ပါရမီရှင် ကစားသမားတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ဒီကစားသမား ၃ ဦး အတူ တွဲဖက် ကစားခြင်းဟာ အသင်းကို အင်အား ချည့်နဲ့စေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ ဘာကြောင့်များ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါ၀င်နေသလဲ ဆိုတာ နားလည်လို့ မရပါဘူး။

ကျွန်တော် ကတော့ အင်္ဂလန် အသင်းတွေ ဖြစ်ကြတဲ့ ချဲလ်ဆီး လီဗာပူး မန်စီးတီး နဲ့ မန်ယူနိုက်တက် တို့ဟာ သူတို့ထက် အများကြီးကို သာလွန်တယ်လို့ ထင်ပါတယ်။” လို့ ဆိုသွားပါတယ်။

ဆက်လက်ပြီး အို၀င်က “ကျွန်တော်ကတော့ မက်ဆီကို ခေါ်ယူခဲ့တာထက် စာရင် ဒွန်နာရွမ်းမား နဲ့ ဆာဂျီယိုရာမို့စ် တို့ကို ခေါ်ယူလိုက်ခြင်းဟာ သူတို့ကို ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ရန် အခွင့်အရေး ပိုကောင်းစေတယ်လို့ ထင်ပါတယ်။ ပီအက်ဂျီရဲ့ ဒီလို ပုံစံကို ကျွန်တော်တို့ မြင်ခဲ့ပြီးသားပါ။ သူတို့ဟာ ပွဲအတော်များများ လုံလောက်တဲ့ အားထုတ်မှု မလုပ်ခဲ့ပါဘူး။ လီဗာပူးနဲ့ အန်ဖီးမှာ ရင်ဆိုင်ခဲ့တုန်းကလည်း တိုက်စစ် ကစားသမားတွေဟာ ခံစစ်ကို မကူခဲ့ကြပါဘူး။ ဒါဟာ အဓိက ပြသနာ ပါပဲ။

မက်ဆီ ရောက်လာခဲ့ခြင်းကြောင့် အမ်ဘက်ပေနဲ့ နေမာ တို့ဟာ ဒီထက် ပိုတဲ့ အားထုတ်မှုတွေ လုပ်သွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူတို့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်ရလာမယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ အကယ်၍ သူတို့သာ ဟန်ချက်ညီညီ ကစားနိုင်ခဲ့မယ် ဆိုရင် ပြိုင်ဘက်တွေ အတွက် အရမ်းကို ခက်ခဲသွားမှာပါ။ ဒီလို လုပ်နိုင်မလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။”

ရီယိုဖာဒီနန် ကတော့ မိုက်ကယ်အို၀င်ရဲ့ ယူဆချက်ကို လက်မခံခဲ့ဘဲ ပီအက်ဂျီဟာ ဘယ်အသင်းရဲ့ ခံစစ်ကို မဆို ပွင့်ထွက်စေနိုင်တဲ့ မက်ဆီ အမ်ဘက်ပေ နဲ့ နေမာ တို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားတယ်လို့ ပြောသွားပါတယ်။

ဖာဒီနန်က “ကျွန်တော် မသိပါဘူး။ အကယ်၍ သူတို့ရဲ့ နောက်မှာ မှန်ကန်တဲ့ လူတွေ အသုံးပြုနိုင်ခဲ့မယ်ဆိုရင်…ဗာရက်တီ ၊ ဝုိင်နယ်ဒန် နဲ့ ဂီယီ တို့လို လုပ်အားကောင်းကောင်း နဲ့ ကစားနိုင်တဲ့ သူတွေနဲ့ ၀န်းရံကာ သူတို့ကို ဘောလုံး ပေးပို့နိုင်ခဲ့မယ် ဆိုရင် ဒီကစားသမားတွေဟာ ဘယ်အသင်းကို မဆို ချေမှုန်းနိုင်စွမ်း ရှိနေပါတယ်။ အမှန်ပါပဲ။ သူတို့ဆီက ဒီထက် ပိုကောင်းတဲ့ လုပ်အားတော့ လိုအပ်နေပါတယ်။ ဒါပေမယ့် နေမာဟာ ခံစစ်ပိုင်းကို ကူညီခဲ့တာကို ကျွန်တော် တွေ့ခဲ့ပါတယ်။ အမ်ဘက်ပေ ကလည်း ဒီလို လုပ်နိုင်စွမ်း ရှိလောက်အောင် ငယ်ရွယ်ပါတယ်။

ကျွန်တော် ကတော့ ပိုချက်တီနို အနေနဲ့ ဒီကစားသမားတွေဆီက တောင်းဆိုမှုတွေ လုပ်သွားရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါဟာ မန်နေဂျာကောင်းနဲ့ ကြီးကြယ်တဲ့ မန်နေဂျာတို့ကြား ကွာခြားချက် ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီကစားသမားတွေကို ဒီထက် ပိုကောင်းတဲ့ အားထုတ်မှု လုပ်နိုင်ရန် စည်းရုံးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။” လို့ ပြောသွားပါတယ်။

SM