ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ်မှာပဲ ပွဲကြမ်းပြခဲ့တဲ့ ဝက်စ်ဟမ်း အပယ်ခံ ဟယ်လာ

ဝက်စ်ဟမ်း အသင်းရဲ့ အပယ်ခံ တိုက်စစ်မှုး ဟယ်လာ ကို ပရိသတ်တွေ မှတ်မိကြဦးမယ် ထင်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကမှ အေဂျက် အသင်းဆီ ရောင်းထုတ်ခံခဲ့ရတာပါ။

သူဟာ ဝက်စ်ဟမ်း မှာ ကျင်လည်ခဲ့တဲ့ 1 နှစ်ခွဲ ကာလအတွင်း စုစုပေါင်း သွင်းဂိုး 10 ဂိုးသာ သွင်းယူပြနိုင်ခဲ့သလို ၊ ဈေးကြီးပေးပြီး ခေါ်ယူထားတဲ့ အကြားက နည်းပြ မိုယက် ရဲ့ နည်းစနစ်တွေ နဲ့ အံဝင်ခြင်း မရှိတာကြောင့် အေဂျက်အသင်းဆီ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဒုတိယ ရာသီဝက်မှာလဲ အေဂျက်အသင်းရဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေ ကို ပါဝင် ကစားခွင့် မရခဲ့ပြန်ပါဘူး။ အကြောင်းကတော့ အေဂျက်ဟာ ယူရိုပါလိဂ် ပြိုင်ပွဲထံ သူတို့ရဲ့ ကစားသမား စာရင်းကို မှတ်ပုံတင်ချိန်မှာ ဟယ်လာ ရဲ့ နာမည်ကို ထည့်သွင်းမိခဲ့ခြင်း မရှိတဲ့ အတွက် ကစားခွင့် မရခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနှစ် ဘောလုံးရာသီမှပဲ စတင်ပါဝင် ကစားခွင့် ရတယ်လို့ ဆိုရမှာပါ။

မနေ့ညကတော့ ဝက်စ်ဟမ်း အသင်းဟာ သူ့ကို ရောင်းထုတ်လိုက်တာ မှားယွင်းတယ် ဆိုတဲ့ အကြောင်းကို ခိုင်ခိုင်မာမာ သက်သေပြသွားခဲ့ပါပြီ။ အေဂျက်ဟာ ပေါ်တူဂီ အမှတ်ပေးဖလား ချန်ပီယံ စပို့တင်း နဲ့ အဝေးကွင်းမှာ ကစားခဲ့ရသည့်တိုင်အောင် ဂိုးပြတ် နိုင်ပွဲနဲ့ လှလှပပ ဖွင့်လှစ်သွားခဲ့ပါတယ်။

ဟယ်လာ ဟာ ဒီပွဲ မကစားခင် ကတည်းက အေဂျက် အတွက် စုစုပေါင်း 28 ပွဲ ပါဝင်ကစားကာ ၊ 17 ဂိုး အထိ သွင်းယူ ပြထားပြီးပြီ ဖြစ်လို့ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို ယခင် ကတည်းက ရရှိထားပြီးသား ဖြစ်တယ်လို့ ဆိုရမှာပါ။

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပထမဆုံး သွင်းဂိုး ရယူပြဖို့ အတွက်လဲ 68 စက္ကန့်သာ ကြာခဲ့ပါတယ်။ သူ သွင်းယူခဲ့တဲ့ ဂိုးတွေ ကို ကြည့်လိုက်မယ် ဆိုရင် 18 ကိုက် စည်းအတွင်းမှာ နေရာ အသင့်ယူထားပြီး ၊ ဘောလုံးကို စိတ်တိုင်းက တချက်ထိ ပုံစံမျိုး နဲ့ ထိန်းကာ လှလှပပ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ ပထမပိုင်း 10 မီးနစ် အတွင်းမှာ 2 ဂိုး ဆက်တိုက် သွင်းယူခဲ့သလို ၊ ဒုတိယပိုင်းမှာ 63 မီးနစ် အတွင်းမှာလဲ နောက်ထပ် 2 ဂိုး သွင်းယူ ပြခဲ့ပါတယ်။ ဒါကြောင့် ခရစ္စတီယာနို ရိုနာဒို နောက်ပိုင်း ချန်ပီယံလိဂ် သမိုင်းမှာ 63 မီးနစ် အတွင်း 4 ဂိုးသွင်းပြနိုင်တဲ့ ဒုတိယ မြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ ပါတယ်။

ဒါ့အပြင် မာကို ဗန်ဘက်စ်တန် နောက်ပိုင်း ချန်ပီယံလိဂ် ပြိုင်ပွဲ ပထမဆုံး ဝင်ရောက် ကစားခဲ့တဲ့ ပွဲစဉ်မှာ တပွဲထဲ 4 ဂိုး အထိ သွင်းယူပြနိုင်တဲ့ ဒုတိယမြောက် ကစားသမား အဖြစ်လဲ မှတ်တမ်း ရေးထိုးသွားခဲ့ ပါတယ်။

(နောက်ထပ် အချက်အလက် တခုကို ထပ်ပြောရရင် ရွန်းနီ နောက်ပိုင်း ဒေးဗစ် မိုယက် ရောင်းထုတ်လိုက်တဲ့ တိုက်စစ်မှုး တယောက်ဟာ ချန်ပီယံလိဂ် ပထမဆုံး ပွဲစဉ်မှာပဲ ဒုတိယ အကြိမ်မြောက် ဟတ်ထရစ် သွင်းယူပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ )

အေဂျက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေ အတွင်း အဓိက ကစားသမားတွေ ဖြစ်တဲ့ ဇီယက် ၊ ဒီလစ် ၊ ဒီဂျောင် ၊ ဘန်ဒီဘိခ် တို့ကို ရောင်းထုတ်ခဲ့သည့်တိုင်အောင် ၊ ဒီရာသီမှာတော့ အဲဒီနေရာတွေကို အကောင်းဆုံး အစားထိုးပြင်ဆင်ကာ ချန်ပီယံလိဂ် ပြိုင်ပွဲဆီ နောက်တကြိမ် ပြန်လာတဲ့ ခြေစွမ်းမျိုးတွေ နဲ့ ကစားပြသွားခဲ့တာပါ။

ကွင်းလယ် နဲ့ တောင်ပံ ကစားသမားတွေ က အရမ်းကို လျှင်မြန်လွန်းသလို ၊ တိုက်စစ်ကို ဦးဆောင်ထားတဲ့ ဟယ်လာ ကလဲ အဆုံးသတ် သေချာတာကြောင့် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာပဲ အဝေးကွင်း ဂိုးပြတ် နိုင်ပွဲ တပွဲကို ပီပီပြင်ပြင် အကောင်ထည် ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။

ဟယ်လာ အတွက်တော့ ဝက်စ်ဟမ်း က ရောင်းချခံလိုက်ရတဲ့ အဖြစ်ဟာ ပိုမိုတောက်ပဖို့ အတွက် လမ်းကြောင်းသစ် ပွင့်သွားခဲ့တာ ဖြစ်တဲ့အပြင်၊ လက်ရှိမှာ သူ့ရဲ့ အဆုံးသတ် ကောင်းမွန်မှု အပေါ် တကမ္ဘာလုံးက အရေးတယူ နဲ့ ပြောဆိုနေကြပြီ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲ ပထမဆုံး ပါဝင်ကစားတဲ့ပွဲမှာ ဟတ်ထရစ် ရယူနိုင်ခဲ့တဲ့ ဘောလုံးသမားများ –

မာကို ဗန်ဘက်စ်တန် (AC Milan 4-0 IFK Göteborg, 25/11/1992)

အက်စ်ပီရီလာ (Newcastle United 3-2 Barcelona, 17/09/1997)

ယာကူဘူ (Maccabi Haifa 3-0 Olympiacos, 24/09/2002)

ဝိန်းရွန်းနီ (Manchester United 6-2 Fenerbahçe, 28/09/2004)

အီယာကွင်တာ (Udinese 3-0 Panathinaikos, 14/09/2004)

ဂရာဖီတေး (Wolfsburg 3-1 CSKA Moskva, 15/09/2009)

ဘရာဟီမီ (Porto 6-0 BATE Borisov, 17/09/2014)

ဟာလန်း (Salzburg 6-2 Genk, 17/09/2019)

အော်စီ (GNK Dinamo 4-0 Atalanta, 18/09/2019)

ဟယ်လာ (Sporting CP 1-5 Ajax, 15/9/2021)

မှတ်ချက် – ဗန်ဘက်စ်တန် နဲ့ ဟယ်လာ တို့ဟာ 4 ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

SM