ချန်ပီယံလိဂ် စံချိန် နှစ်ခုကို ချိုးဖျက်နိုင်ခဲ့တဲ့ အသင်းဖော် လူငယ်ကြယ်ပွင့်ကို ချီးကျူးလိုက်တဲ့ ဟာလန်

နော်ဝေ တိုက်စစ်မှူး အာလင် ဟာလန်း ဟာ ဘက်ဆစ်တပ် အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ စံချိန်သစ် နှစ်ခု တင်နိုင်ခဲ့တဲ့ ဒေါ့မွန် နဲ့ အင်္ဂလန် လူငယ် ကြယ်ပွင့် ဘာလင်ဂမ် ကို ချီးကျူး သွားခဲ့ပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်(၁) မှာ ဒေ့ါမွန် အသင်းဟာ ဘက်ဆစ်တပ် အသင်းကို ၂-၁ နဲ့ အနိုင် ရသွားခဲ့ပြီး ဘာလင်ဂမ် က တစ်ဂိုးသွင်း ၊ တစ်ဂိုးဖန်တီး နိုင်ခဲ့သလို ဟာလန်းကလည်း တစ်ဂိုးသွင်း နိုင်ခဲ့ပါတယ် ။

ပွဲချိန် မိနစ် ၂၀ မှာ ဘာလင်ဂမ် ဟာ ဒေါ့မွန် အတွက် ဦးဆောင်ဂိုး စတင် သွင်းယူ ပေးခဲ့ပြီး ၊ ပထမပိုင်း မပြီးခင်မှာပဲ ပြိုင်ဘက် နောက်ခံလူတွေကို လှလှပပ ကျော်ဖြတ်ပြီး ဟာလန်း အတွက် ဂိုးဖန်တီးမှု ပြုလုပ် ပေးနိုင်ခဲ့ပါတယ် ။

ဘက်ဆစ်တပ် ကို အနိုင်ရတဲ့ ပွဲအပြီးမှာ အသက် ၁၈ နှစ် အရွယ် ဘာလင်ဂမ် ဟာ ချန်ပီယံလိဂ် စံချိန်သစ် နှစ်ခု ကို ရရှိ သွားခဲ့ပါတယ် ။ ပထမ တစ်ခုကတော့ အဝေးကွင်းမှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး အင်္ဂလိပ် ကစားသမား ဆိုတဲ့ စံချိန် ဖြစ်ပါတယ် ။

ဒုတိယ တစ်ခုကတော့ ချန်ပီယံလိဂ် ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ အသက် အငယ်ဆုံး ကစားသမားဆိုတဲ့ စံချိန်ပါ ။ ဘာလင်ဂမ် ဟာ ဒီစံချိန်ကို ပီအက်စ်ဂျီ တိုက်စစ် ကစားသမား ဘာပေး ကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်နိုင် ခဲ့တာ ဖြစ်ပါတယ် ။

ဒေါ့မွန် အသင်းရဲ့ ဂိုးသွင်းစက် ဟာလန်း ကတော့ ပွဲအပြီး အင်တာဗျူးမှာ ဘာလင်ဂမ် ကို အထူး ချီးကျူး သွားခဲ့ပါတယ် ။ ” သူ့ရဲ့ ခြေစွမ်းက တကယ့်ကို အံ့ဖွယ်ပါပဲဗျာ ။ သူက ခုမှ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ် ၊ ကျနော့်ထက် ၃ နှစ် ငယ်ပါတယ် ။ ”

” တကယ့်ကို မိုက်လွန်းတာပါ ၊ ကျနော် ဘာပြောရမှန်းတောင် မသိပါဘူး ၊ သူက အံ့အားသင့်ဖို့ ကောင်းတဲ့ ကစားသမားပါ ၊ အသက် က ၁၈ နှစ် ပေမယ့် ကစားတာက မယုံနိုင်လောက်အောင် ကောင်းပါတယ် ၊ တကယ်ကောင်းလွန်းတဲ့ ကောင်လေး ပါ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

ဒေါ့မွန် အသင်းရဲ့ နိုင်ပွဲ နဲ့ ပတ်သက်ပြီးလည်း ဟာလန်း က ” ပွဲကတော့ ခက်ခဲတာ အမှန်ပါပဲ ၊ အသင်းအတွက် အရေးပါတဲ့ နိုင်ပွဲပါ ၊ အနိုင် သုံးမှတ်ရတဲ့ အတွက် ဝမ်းသာမိပါတယ် ၊ ကျွန်တော်တို့ ခက်ခက်ခဲခဲ ကြိုးစား ကစားခဲ့ရပြီး အနိုင်ရတာကြောင့် ပိုပျော်ရပါတယ် ၊ ကျွန်တော်က ဂိုးသွင်းရမယ့်သူ ဖြစ်တာကြောင့် ဂိုးသွင်းဖို့က ကျနော့်တာဝန်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဟာလန်း ဟာ ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲစုံ ၆၆ ပွဲမှာ ၆၆ ဂိုး သွင်းထားပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ၁၇ ပွဲ ကစား ၂၁ ဂိုး အထိ သွင်းယူ ထားပါတယ် ။

SM