Exclusive: ပြည့်လျှံအောင် ကို တရားဝင် စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်တဲ့ YSCC ယိုကိုဟားမား

စစ်ဘေးရှောင် ဒုက္ခသည် အဖြစ်နဲ့ ဂျပန် မှာ နေထိုင်ခွင့် ရရှိခဲ့တဲ့ မြန်မာ့ လက်ရွေးစင် ဂိုးသမား ပြည့်လျှံအောင် ကို YSCC ယိုကိုဟားမား အသင်းကမနေ့ကပဲ တရားဝင် စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

YSCC ယိုကိုဟားမား အသင်းဟာ သြဂုတ်လ 20 ရက်နေ့ က ပြည့်လျှံအောင် ကို Trainee (သင်တန်းသား) အဖြစ် စတင်လက်ခံကာ အသင်းနဲ့ အတူတူ လေ့ကျင့်ခန်း ဆင်းခွင့်ပေးခဲ့တာ ဖြစ်ပြီး ၊ တလ မပြည့်ခင် အချိန်မှာပဲ တရားဝင် စာချုပ်တရပ် ကမ်းလှမ်းပေးလိုက်တာ ဖြစ်ပါတယ်။

သို့သော် ပြည့်လျှံအောင်ကို YSCC ယိုကိုဟားမား ဘောလုံး အသင်းရဲ့ ကစားသမား အဖြစ် စာချုပ် ချုပ်ဆိုခဲ့တာ မဟုတ်ပဲ ၊ ဖူဆယ် အသင်းရဲ့ ဂိုးသမား အဖြစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။ ဒါကြောင့် ပြည့်လျှံအောင်ဟာ ဖူဆယ် အသင်းမှာ ပါဝင် ကစားပေးသွားမှာ ဖြစ်ပါတယ်။

အသင်းရဲ့ ဥက္ကဌ ဂျီရို ရိုရှီနို ကတော့ ပြည့်လျှံအောင် ကို စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ အပေါ် သတင်းသမားတွေ ကို အခုလိုပဲ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ဘောလုံး ကစားနည်းဟာ ကျနော်တို့ အကြားမှာ ရင်းနှီးမှု အနီးဆုံး ဖြစ်အောင် ဖန်တီးပေးနိုင်တဲ့ အားကစားနည်း တခုဖြစ်ပါတယ်။ ဒါကြောင့်လဲ ကျနော်တို့ဟာ ပြည့်လျှံအောင် ကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုခဲ့ကြတာပါ။

 

လက်ရှိ ကျနော်တို့ ကမ္ဘာကြီးမှာ ဘောလုံးနဲ့ ပတ်သက်ပြီး ပြောင်းလဲ သက်ရောက်မှုတွေ က အရမ်းကို ကြီးမားလွန်းပါတယ်။ ဘောလုံးကြောင့် လူတွေ ပြုံးနိုင်ကြတယ် ၊ ဘောလုံးကြောင့် ငြိမ်းချမ်းရေးတွေ ဖန်တီးနိုင်ကြတယ် ၊ ဘောလုံးကြောင့် ကလေးငယ်တွေ ၊ အပြစ်မဲ့ လူသားတွေကို ကူညီပေးနိုင်ခဲ့ကြတယ်။ ဒါကြောင့် ကျနော်တို့ ကလပ်ဟာ ပိုကောင်းတဲ့ လူမှုပတ်ဝန်းကျင် တခု ဖော်ဆောင်နိုင်ဖို့ အတွက် တတ်နိုင်သလောက် ပါဝင် ကူညီနိုင်ခဲ့ပါပြီ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ဂိုးသမား ပြည့်လျှံအောင် ကိုယ်တိုင် ကတော့ သူ့ကို အခုလို အခွင့်အရေး ဖန်တီးပေးခဲ့တဲ့ အပေါ် ၊ ဖြစ်ပေါ်လာတဲ့ ရင်တွင်း ခံစားချက် တချို့ ကို အခုလို ဖွင့်ဟ သွားခဲ့ ပါတယ်။

“ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့် ကို မိသားစုဝင် တယောက်လိုကို အားလုံးက ဝိုင်းဝန်း ပံ့ပိုးပေးခဲ့ကြတာပါ။ ဒီအတွက် ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ နဲ့ အသင်းကို ပြန်လည် ပေးဆပ်သွားချင်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

YSCC ယိုကိုဟားမား ဖူဆယ် အသင်းဟာ ပြည့်လျှံအောင် တဦးတည်းကိုပဲ စာချုပ် ချုပ်ဆိုခဲ့တာ မဟုတ်ပဲ ၊ ဂျပန် လက်ရွေးစင် ဘောလုံးသမားဟောင်းကြီး မတ်ဆုအီ ကိုပါ တပြိုင်နက် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

SM