၄ပွဲ ၄ဂိုး သွင်းပြီး ၊ မှန်းချက်နဲ့ နှမ်းထွက်ကိုက်နေတဲ့ လူကာကူရဲ့ ဇင်းနစ်နဲ့ပွဲက စွမ်းဆောင်ရည် အပေါ် ချီးမွမ်းခန်း ဖွင့်လိုက်တဲ့ တူချယ်

ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ယခုနှစ် ရာသီ အတွက် ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲမှာ ရုရှား စူပါလိဂ် ချန်ပီယံ ဇင်းနစ် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျ မှာ စိတ်ရှည်ရှည်နဲ့ ချဉ်းကပ် ကစားခဲ့ပြီး ၊ ၁ – ၀ ရလဒ်နဲ့ အနိုင်ရကာ ၊ အဖွင့်လှခဲ့ပါတယ် ။

ချဲလ်ဆီး အတွက် တလုံးတည်းသော သွင်းဂိုးကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ က အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာရဲ့ ဖြတ်တင်ဘောမှတဆင့် ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ် ။

အခုဆို လူကာကူ ဟာ ချဲလ်ဆီးသို့ တကျော့ပြန် ရောက်ရှိလာပြီးနောက် ၊ ပြိုင်ပွဲစုံ ၄ပွဲမှာ ၄ဂိုး သွင်းယူထားပြီးပါပြီ ။ ဒီဂိုးတွေထဲမှာ ချဲလ်ဆီး အတွက် ပထမဆုံး ပရီးမီးယားလိဂ်ဂိုး ၊ ပထမဆုံး ချန်ပီယံလိဂ်ဂိုး ၊ ပထမဆုံး စတမ်းဖို့ဒ်ဘရစ်ခ်ျ သွင်းဂိုးတွေ ပါဝင်နေပါတယ် ။

တဖက်မှာ လူကာကူ ဟာ ထို ၄ပွဲလုံးမှာ ဂိုးသွင်းခွင့် များများစားစား မရခဲ့ပဲ ၊ တကြိမ်ဆို တကြိမ် တိတိကျကျ သွေးအေးအေးနဲ့ အဆုံးသတ်ပေးနိုင်ခဲ့ပါတယ် ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က အခုလိုပဲ ချီးမွမ်းခန်း ဖွင့်သွားခဲ့ပါတယ် ။

တူချယ် က ” အခွင့်အရေး အနည်းငယ်ကနေ ဂိုးသွင်း တိတိကျကျနဲ့ အဆုံးသတ်ဖို့ ဆိုတာ အရမ်း ခက်ခဲသလို ၊ အရမ်းလည်း အရေးပါပါတယ် ။ ဒီလောက်ထိ ရိုးရှင်းပါတယ် ။ မော်ဒန် ဘောလုံး လောကမှာ ဂိုးသွင်း သေချာတဲ့ ၊ ပုံမှန် ဂိုးသွင်းပေးနိုင်တဲ့ တိုက်စစ်မှူး အများကြီး မရှိတော့ပါဘူး ။ ဒီတော့ အဲလို တိုက်စစ်မှူးမျိုး ပိုင်ဆိုင်ဖို့က အရေးကြီးပါတယ် ။ ”

” ပွဲတပွဲရဲ့ အရှိန်ကို အလှည့်အပြောင်း ဖြစ်စေမယ့် ဂိုးတွေလည်း ဘောလုံးလောကမှာ အများကြီး မရှိပါဘူး ။ ဒီလိုဂိုးမျိုး ရပြီဆိုရင် ၊ တသင်းလုံးကို ယုံကြည်မှု များစွာ ပေးစေမှာ ဖြစ်ပါတယ် ။ ရိုမီလူ အတွက် ဂိုးတဂိုး သွင်းနိုင်ဖို့ အခွင့်အရေး တကြိမ်ပဲ လိုတယ် ဆိုတဲ့ ယုံကြည်မှုမျိုး ကျန်တဲ့ အသင်းဖော်တွေမှာ ရသွားစေနိုင်ပါတယ် ။ ”

” ဒီတော့ ရိုမီလူ ဟာ ကိုယ်တိုင် ဂိုးသွင်းပြီး အသင်းကို ကူညီပေးရုံသာမက ၊ အသင်းဖော်တွေရဲ့ ဖိအားကိုလည်း တစိတ်တပိုင်း လျှော့ချနိုင်ဖို့ ပံ့ပိုးပေးနေပါတယ် ။ သူ့မှာ ယုံကြည်မှု ကျသွားတတ်တဲ့ ၊ စိတ်လောတတ်တဲ့ အကျင့်မျိုး မရှိပါဘူး ။ ထိပ်တန်း အဆင့် တဆင့်မှာ သူဟာ လုပ်ရမယ့် အရာကို တစိုက်မတ်မတ် လုပ်နေပါတယ် ။ ”

” လောလောဆယ်မှာ ကျွန်တော်တို့ဟာ ထိပ်တန်း အဆင့်မှာ ရှိချင်လည်း ရှိမယ် ၊ မရှိချင်လည်း မရှိနိုင်ပါဘူး ။ ဒီအတွက် အကြောင်းရင်း များစွာ ရှိနိုင်ပါတယ် ။ ဒါပေမယ့် ရာသီကြို ပြင်ဆင်မှု ၊ international break အစရှိတဲ့ အချိန် ကာလ အပိုင်းအခြားတွေ ကျော်ဖြတ်ခဲ့အပြီး ၊ လက်ရှိ အသင်းလိုက် ကစားဟန်နဲ့ ပြိုင်ဆိုင်လိုစိတ် အပေါ် ကျွန်တော် အမှန်တကယ် အားရ ကျေနပ်မှု ရှိပါတယ် ။ ”

” ကျွန်တော်တို့ဟာ ပွဲချိန် အတွင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကိုင်တွယ် ဖြေရှင်းလာနိုင်ပါပြီ ။ ဒီလို တုန့်ပြန်မှုကို ကျွန်တော် ဒီနေ့ပွဲမှာ မြင်တွေ့ခဲ့ရပါတယ် ။ ဇင်းနစ် ဟာ ပြိုင်ဖက်ကောင်း တသင်း ဖြစ်တယ် ဆိုတာကို ကျွန်တော်တို့ မဖြစ်မနေ လက်ခံရမှာ ဖြစ်သလို ၊ သူတို့ကို လေးစားမှု ထားရမှာပါ ။ ”

” သူတို့ဟာ ဒီနေ့ပွဲမှာ သုံးလေ့မရှိတဲ့ ကစားကွက်နဲ့ ပွဲထွက်စာရင်းကို အပြောင်းအလဲ လုပ်ခဲ့ပါတယ် ။ ကျွန်တော်တို့နဲ့ ထိပ်တိုက် ရင်ဆိုင်စဉ် သူတို့ရဲ့ ခံယူချက်နဲ့ စိတ်ဓာတ် ကလည်း ပုံစံကောင်း တရပ်မှာ ရှိနေခဲ့ပါတယ် ။ ဒီတော့ ကျွန်တော်တို့ဟာ သူတို့ အပေါ် မူတည်ပြီး ဖြေရှင်းချက် ရှာဖွေဖို့ ၊ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားခဲ့ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR