အိမ်ကွင်းမှာ ဂိုးပေါက်တည့် ကန်းသွင်းမှု တကြိမ်မှ မရှိပဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာ ရဲ့ အရှိန်အဝါတွေ အားလုံးဟာ အတိတ်မှာပဲ ကျန်ခဲ့ပါပြီ။ မက်ဆီ ရှိခဲ့စဉ် အချိန်က နည်းပြကောင်းတွေ ဝန်းရံထားခြင်း မရှိသည့်တိုင်အောင် ၊ ဘာစီလိုနာ ကို ဥရောပ ရဲ့ ထိပ်သီးအသင်းကြီး တသင်းအဖြစ် သတ်မှတ်ထားခဲ့ကြပါသေးတယ်။

သို့သော် ဘဏ္ဍာရေး ဆိုင်ရာ ယိမ်းယိုင်မှုတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်း ၊ အသင်းခေါင်းဆောင် မက်ဆီ နဲ့လဲ လမ်းခွဲလိုက်ရချိန်မှာတော့ ဘာစီလိုနာ ရဲ့ အရှိန်အဝါတွေက တဟုန်ထိုး ကျဆင်းသွားခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ နူးကမ့်က ပွဲစဉ်ဆိုရင် ဘာစီလိုနာ မှ ဟုတ်ရဲ့လားလို့တောင် ထင်မှတ်ရလောက်ပါတယ်။ ဘိုင်ယန် အတွက်တော့ အသင်းငယ်လေး တသင်းနဲ့ ကစားတာထက် မပိုခဲ့သလို ၊ ဦးဆောင်ဂိုး ရှာဖွေဖို့ ခက်ခဲခဲ့တာ ကလွဲရင် သက်တောင့်သက်သာ နဲ့ နိုင်ပွဲ ရအောင် ရှာဖွေသွားခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ ဟာ ဦးဆောင်ဂိုးတွေ ပေးခဲ့ရသည့်တိုင်အောင် ပြန်လည် ချေပဂိုးတွေ ရဖို့ အားထုတ်နိုင်ခြင်း မရှိတဲ့ အပြင် ၊ လူငယ် ချာတိတ်တွေကို ဆက်တိုက် လူစားလဲသွားတဲ့ မြင်ကွင်းဟာ တော်တော်လေးကို စိတ်မကောင်းစရာပါ။ အသင်း ရဲ့ ကစားသမား စုဖွဲ့မှုက အဲဒီလောက်တောင် ဆိုးဝါးလွန်းသွားပြီလားလို့ မေးခွန်းထုတ်မိသလို ၊ စောစောစီးစီး အဖြေပေါ်နေတဲ့ ပွဲစဉ် တခုရဲ့ ရလာဒ်ကို နောက်ဆုံး အချိန်ထိ ရင်ခုန်စရာ မရှိ ကြည့်နေရတာ ဆွဲဆောင်မှု ကင်းမဲ့လွန်းပါတယ်။

အဖွင့်ဂိုး ကိုတော့ 34 မီးနစ် အရောက်မှာ မူလာ ရဲ့ အဝေးကန်ချက် ကနေတဆင့် ၊ ဘာစီလိုနာ နောက်ခံလူ နဲ့ထိကာ လမ်းကြောင်းပြောင်းရင်း ဂိုးဝင်သွားခဲ့တာပါ။ အဲဒီနောက် ဘိုင်ယန် မြူးနစ် ကပဲ တဖက်သတ် စိုးမိုးကာ ကစားခဲ့ပြီး ၊ ဒုတိယ ဂိုးလဲ မူစီယာလာ ရဲ့ အပြင်းကန်ချက် တိုင်ထိ ထွက်လာတဲ့ ဘောလုံးကို လီဝန်ဒေါ့စကီး က အနီးကပ် ပိတ်သွင်းကာ ရယူသွားခဲ့ပြန်ပါတယ်။

အိမ်ရှင် နူးကမ့် ကွင်းထဲက ပရိသတ်တွေ ကတော့ အဲဒီ ဂိုး ပေးလိုက်ရတဲ့ အနေအထားမှာ ညာနောက်ခံလူ ရော်ဘတ်တို ရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ စွပ်စွဲခဲ့ကာ ၊ အော်ဟစ်လှောင်ပြောင်မှုတွေတောင် လုပ်ခဲ့တာပါ။

ဒါကြောင့် ရော်နယ် ကိုးမန်းဟာ ရော်ဘတ်တို ကို လူငယ် ချာတိတ်လေး ဒီမာ နဲ့ လူစားလဲပစ်လိုက်ရပါတယ်။ အဲဒီနောက် ဒဏ်ရာ ပြသနာကနေ ပြန်လည် ကောင်းမွန်လာတဲ့ ကော်တင်ဟို ဝင်ရောက် ကစားခဲ့သလို ၊ လူငယ် ကစားသမားတွေ ဖြစ်တဲ့ ဂါဗီရာ ၊ မင်ဂွီဇာ ၊ ဘာဒီ တို့လဲ ထည့်သွင်း အသုံးပြုခဲ့ပါတယ်။

သို့သော် ဘာစီလိုနာ ဟာ ဘိုင်ယန် မြူးနစ် ကို ဘယ်လိုမှ ပခုံးချင်း ယှဉ်ကစားနိုင်ခြင်း မရှိပဲ ပွဲပြီးခါနီးမှာ လီဝန်ဒေါ့စကီး ရဲ့ နောက်ထပ် သွင်းဂိုး တဂိုး ကို ထပ်မံ ခွင့်ပြုလိုက်ရပြန်ပါတယ်။

ဘိုင်ယန် မြူးနစ် ဟာ ဘာစီလိုနာ နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး 2 ပွဲမှာ စုစုပေါင်း သွင်းဂိုး 11 ဂိုး အထိ သွင်းပြခဲ့သည့်တိုင်အောင် ၊ ဘာစီလိုနာ အသင်းကတော့ ဒီကနေ့ပွဲမှာ ဂိုးပေါက်တည့် ကန်သွင်းမှု တကြိမ်တခါမှကို လုပ်ဆောင်ပြနိုင်ခဲ့ခြင်း မရှိပဲ အရှက်တကွဲ နဲ့ အရှုံးပေးလိုက်ရပါတယ်။

ဒါကြောင့် ပရိသတ် တချို့ဟာ နည်းပြ ရော်နယ် ကိုးမန်း ကိုတောင် ထုတ်ပယ်ပေးဖို့ ပိုစတာကြီး ချိတ်ဆွဲကာ တောင်းဆိုသွားခဲ့ ပြန်ပါသေးတယ်။

နောက်ခံ ကစားသမားကြီး ပီကေး ကတော့ ဒါဟာ ဘာစီလိုနာ ရဲ့ လက်ရှိ ပကတိ အခြေအနေပဲလို့ ဝန်ခံသွားခဲ့ပြီး ၊ စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်လာဖို့အတွက် မျှော်လင့်ထားတယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

“ အမှန်တိုင်း ပြောရရင်တော့ ဘာစီလိုနာ ဟာ အရင်တုန်းကလို ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အထဲမှာ ပါဝင်နိုင်တဲ့ အခြေနေမျိုး မဟုတ်တော့ပါဘူး။ ဒါပေမယ့် အဲဒီလို မသတ်မှတ်ခံရလို့ရော ဘာဖြစ်သွားမှာ မို့လို့လဲ။

ပြီးခဲ့တဲ့ ဘောလုံးရာသီတွေတုန်းကတော့ ကျနော်တို့ဟာ ရေပန်းစားခဲ့သည့်တိုင်အောင် ၊ ဗိုလ်စွဲနိုင်ခဲ့လို့လား။ ဒါကြောင့် ဒီရာသီ နောက်ပိုင်းမှာ အပြောင်းအလဲတွေ ထပ်ပြီး ဖြစ်လာဖို့ပဲ ကြိုးစားရမှာပါ။ မနှစ် က ဒီအချိန်မှာ ဆိုရင် ချဲဆီး ကို ဘယ်သူက ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ဖူးလဲဗျာ။

ဘောလုံး ဆိုတာ အချိန်တိုင်း အပြောင်းအလဲတွေ ဖြစ်နေတာပါ။ ဒီည အနိုင်မရခဲ့ဘူး ဆိုပေမယ့် ၊ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။

ဘိုင်ယန် ကတော့ တကယ်ကို တောင့်တင်းလွန်းတဲ့ အသင်းပါ။ ဘာစီလိုနာ ကလဲ လက်ရှိ ဘာစီလိုနာပါပဲ။ နောက်ဆုံးမှာတော့ ကျနော်တို့ဟာ ချာတိတ်တွေ အများကြီးကို ထည့်သွင်းကစားလိုက်ရတယ်လေ။ ဒီအတွက် ဆင်ခြေပေးတာမျိုးတွေ လုပ်မှာ မဟုတ်ပဲ ၊ ရာသီအကုန်မှာ ဘယ်လို ပုံစံမျိုး နဲ့ ပန်းဝင်နိုင်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ။

ဒီည ရလာဒ်က အသင်းရဲ့ အခြေအနေတွေကို လှစ်ပြနေတာ ဖြစ်သလို ၊ အိမ်ကွင်းမှာတောင် ဂိုးပြတ်နဲ့ ရှုံးတာဆိုတော့ တော်တော်ကို ဆိုးဝါးလွန်းပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM